ဒီတစ်ခါတော့ အရန်ဟင်းတစ်ခွက်ချက်ဖို့ စီစဉ်ထားပါတယ်။ မီးနေသည်ဟင်းလို့လည်း ပြောကြတဲ့ ငါးကျည်းခြောက် မန်ကျည်းသီးဘာလချောင်ကြော်ပဲ ဖြစ်ပါတယ်။ အဲဒီဘာလချောင်ကြော်ဖို့ ငါးကျည်းခြောက် တစ်ဆယ်ကျပ်သား၊ မန်ကျည်းသီးမှည့် လက်တစ်ဆုပ်ခန့်နဲ့ ကြက်သွန်ဖြူနီ၊ ငရုတ်သီးခွဲခြမ်းတို့ပဲ လိုပါတယ်။
ပထမဆုံး ငါးကျည်းခြောက်ကို အရိုးဖယ်ပြီး အသားလေးတွေကို နွှာ၊ ဒါမှမဟုတ် ကတ်ကြေးနဲ့ အပိုင်းသေးလေးတွေဖြစ်အောင် ညှပ်ထားပါ။ မန်ကျည်းသီးမှည့်ကိုတော့ ရေစိမ်ပြီး အနှစ်တွေရအောင် ဆန်ခါနဲ့ တွန်းလိုက်ပါ။
တခြားဘာလချောင်ကြော်တွေလိုပဲ ကြက်သွန်ဖြူ အရင်ကြော်၊ ကြက်သွန်ပါးပါးလှီးထားတာကိုကြော်၊ ပြီးရင် အဲဒီနှစ်မျိုးစလုံးကို ဆယ်ပြီး ဘေးဖယ်ထား။ ကျန်တဲ့ဆီထဲကို မန်ကျည်းသီးနှစ် ထည့်မွှေပါ့မယ်။ မန်ကျည်းနှစ် ဆီပူထိုးပြီးတာနဲ့ ငရုတ်သီးခွဲခြမ်းထည့်ပါ။ ကြက်သားမူန့်လည်းထည့်ပါမယ်။ ပြီးရင်တော့ ငါးကျည်းခြောက်တွေ ထည့်မွှေရုံပါပဲ။ အမယ်တွေက ဆီစုပ်တာကြောင့် ဆီကို ခပ်များများလေး ထည့်ဖို့လိုပါတယ်။ မန်ကျည်းနှစ်နဲ့ ငါးကျည်းထည့်မွှေလို့ နှံ့စပ်သွားပြီး မွှေးလာရင် ချလို့ရပါပြီ။ ချပြီးမှ ကြော်ထားတဲ့ ကြက်သွန်ဖြူ၊ နီတို့ကို ရောမွှေပေးလိုက်ရုံပါပဲ။
ချဉ်ချဉ်စပ်စပ်နဲ့ မန်ကျည်းမှည့်ကြော်လေးက ဒန့်သလွန်ရွက်ဟင်းချိုလေးနဲ့ဆိုရင် အလွန်လိုက်ဖက်တာပါပဲ။
No comments:
Post a Comment