ဒီဟင်းကတော့ ငါးဆီပြန်ချက်စားလို့ ရိုးနေတဲ့သူတွေအတွက်ပါ။ ငါးကြင်းကို ဆင်ခရမ်းချဉ်သီးနဲ့ ချက်တာဖြစ်ပြီးတော့ ဆင်ခရမ်းချဉ်သီးအစိတ်လေးတွေရဲ့ အရသာ တကယ့်ကို ခံတွင်းမြိန်စေမှာပါ။ တကယ်တော့ ငါးကြင်းမှ မဟုတ်ပါဘူး။ ဘယ်ငါးနဲ့ဖြစ်ဖြစ် ချက်လို့ရပါတယ်။
လိုအပ်တာတွေက ငါးကြင်း ၁၅-ကျပ်သား၊ ဆင်ခရမ်းချဉ်သီး ၃-လုံး၊ ငါးပိ အနည်းငယ်ပဲ လိုပါတယ်။ ပထမဆုံး ငါးကြင်းတွေကို လက်နှစ်သစ်စာ အတုံးငယ်လေးတွေဖြစ်အောင် လှီးပြီး ဆား၊ နနွင်းတို့နဲ့ နယ်ထားပါမယ်။ ဆင်ခရမ်းချဉ်သီးကိုလည်း အပေါ်ယံ အခွံခွာပြီး အလုံးလိုက်ကို ခပ်ပါးပါး အကွင်းလေးတွေ ကွင်းလှီးပါမယ်။
စချက်ပြီဆိုရင် ကြက်သွန်ဆီသတ်ထဲကို ငါးပိကွမ်းသီးလုံးခန့် (ရေအနည်းငယ်နဲ့ ပျစ်အောင် ဖျော်ထားပြီး) ထည့်ပါ။ ငါးပိနံ့မွှေးအောင် မွှေပြီသွားပြီဆိုမှ နယ်နှပ်ထားတဲ့ ငါးကြင်းကိုထည့်ပါမယ်။ ငါးကြင်းကို ထည့်မွှေပြီးမှ ရေအနည်းငယ်ထည့်ပြီး ခဏအုပ်ထားပေးပါ။ ရေပွက်လာပြီဆိုရင် ခုနက ပါးပါးလှီးထားတဲ့ ဆင်ခရမ်းချဉ်သီးကို ထည့်ပါမယ်။ ဆင်ခရမ်းချဉ်သီးထည့်ပြီးရင် ရေလေးနဲ့ပဲ ပြန်အုပ်ထားပါ။ ဆီကျန်ရေကျန်လေးနဲ့ဆိုရင် ပိုစားကောင်းပေမယ့် ဆီပြန်ပဲစားချင်သူတွေက ဆီပြန်မှချလို့ရပါတယ်။
ဆင်ခရမ်းချဉ်သီးအ၀ိုင်းလေးတွေက ပါးပါးလေးတွေမို့ ၃-၄မိနစ်လောက် ဆိုရင်နူးပါပြီ။ နံနံပင်အုပ်လိုသူတွေလည်း နံနံပင်အုပ်ပြီးချလို့ရပါပြီ။ ငရုတ်သီးစိမ်းနံ့လေးမွှေးအောင် ငရုတ်သီးစိမ်း အတောင့်လိုက်ကို အလယ်ကနေခြမ်းပြီးတော့ အုပ်လို့လည်းရပါတယ်။
ငါးကြင်းအသားတွေနဲ့အတူ ချဉ်ပြုံးပြုံး ဆင်ခရမ်းချဉ်သီး အရသာက ထူးကဲလှပါတယ်။ အနှစ်ကလေးနဲ့ နယ်ဖတ်စားသောက်တတ်သူတွေ အတွက်တော့ ဟင်းတစ်ခွက်တည်းနဲ့ အလုပ်ဖြစ်မှာ အမှန်ပါပဲ။
No comments:
Post a Comment