
ရွှေမြန်မာဥယျာဉ်မှာ အပန်းဖြေကြတဲ့ ရွှေမိသားစုကြီးအားလုံး



ဒီတစ်ပတ် ရွှေမြန်မာဥယျာဉ်မှ အပတ်စဉ်ကျင်းပနေကြဖြစ်သော ကျွန်မတို့ ရွှေမြန်မာဥယျာဉ်ရဲ့ အင်တာဗျူးအစီအစဉ်ကဏ္ဍလေးကို ထပ်မံတင်ဆက်ဖို့ အချိန်ကျရောက်လာပါပြီ။ ဒီတစ်ပတ်မှာတော့ အင်တာဗျူးအစီအစဉ်လေးကို တောသူမလေးမှ တာဝန်ယူတင်ဆက်ပေးမှာဖြစ်ပြီး အင်တာဗျူးအတွက် ရွေးချယ်ထားသူလေးကတော့ဖြင့် ဘာကိုမှမသိချင်သူ လို့အမည်ရတဲ့ ရွှေမိသားစုဝင် တစ်ဦးကို တောသူမလေးမှ ရွေးချယ်ပေးထားပါတယ်ရှင်။ ဒီလောက်ဆို ဖြေကြားပေးမယ့်သူရဲ့ နာမည်လေးကိုလည်း သိလိုက်ကြရပြီဆိုတော့ ရွှေမိသားစုအားလုံးလည်း မမ ဘာကိုမှမသိချင်သူ နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို အားလုံးပဲ သိချင်နေကြပြီလို့ ထင်ပါတယ်။ ဒီတော့ ရွှေမိသားစုကြီးကိုယ်စား တောသူမလေးကနေ ဘာကိုမှမသိချင်သူကို ရွှေမိသားစုကြီးအားလုံးကိုယ်စား မေးခွန်းလေးတွေမေးရင်း အင်တာဗျူး အစီအစဉ်လေးကို စလိုက်ကြရအောင်လားရှင်။



မမ မင်္ဂလာပါရှင်..... ညီမလေးတို့ ရွှေမြန်မာဥယျာဉ်အတွက် မမကို အင်တာဗျူးလေး မေးခွင့်ရလို့ ကျေးဇူးပါလို့ အရင်ပြောပါရစေမမ။

မင်္ဂလာပါ။ အစ်မကလည်း ဖြေခွင့်ရလို့ ကျေးဇူးတင်ပါတယ်ရှင်။



ပထမဆုံးအနေနဲ့ မမရဲ့ နာမည်အရင်းလေးနဲ့အတူ မိသားစုဝင်တွေကိုလည်း ရွှေမိသားစုကြီုးနဲ့ မိတ်ဆက်ပေးပါအုံး။

အစ်မရဲ့ နာမည်ကတော့ ဌေးဆုဝေ ပါ။ မိခင် ဖခင် တွေကတော့ ဌာနဆိုင်ရာက ဝန်ထမ်းတွေ ဖြစ်ပါတယ်။ မောင်နှမ ခုနှစ်ယောက် ရှိပါတယ်။ အချစ်ဆုံး အမရယ် အချစ်ဆုံး တူမလေးနှစ်ယောက် ရယ်က မိသားစုတွေပါ။



မမရဲ့ မွေးရပ်မြေ ယခုလက်ရှိနေထိုင်နေတဲ့ နေရပ်နဲ့အတူ ရောက်ရှိနေတဲ့ အသက်လေးကိုလည်း ရွှေမိသားစုကြီးအားလုံးက သိချင်မယ်လို့ထင်ပါတယ် ပြောပြပေးပါလား။

အစ်မရဲ့ မွေးရပ်မြေ မီးမငြိမ်း မြို့တော်လေ။ (ရေနံချောင်းမြို့)ပါ။ အခုကတော့ ပြည်ထောင်စုလမ်းမ၊ တောင်ဒဂုံ မြို့နယ်၊ ရန်ကုန်မှာ နေပါတယ်။ အသက်က ၂၇နှစ် ပါရှင်။



မမ ရွှေမြန်မာဥယျာဉ်လေးထဲမှာ ယခုလက်ရှိအသုံးပြုနေတဲ့ (ဘာကိုမှမသိချင်သူ) လို့အမည်ရတဲ့ နာမည်လေးကို ရွေးချယ်အသုံးပြုဖြစ်ခဲ့ပုံလေးကိုလည်း သိချင်ပါတယ်။

အဲ့ဒီတုန်းကတော့ စိတ်ပေါက်ပေါက်နဲ့ ပေးခဲ့မိတာ။ တချို့ကိုယ်မသိချင်တဲ့ ကိစ္စတွေ အများကြီးသိလာရလို့လေ။ သိတာများရင် များသလို စိတ်ညစ်ရတာ များလွန်းလို့ အဲ့ဒီ အချိန်က တကယ်ပဲ ဘာမှမသိချင်လို့ ဘာကိုမှမသိချင်သူလို့ ရွေးလိုက်တာပါ။ ဒီချိန်မှာတော့ အကုန်သိရဖို့အတွက် ပြန်လေ့လာနေပါပြီ။း) စာရေးဖို့ကြိုးစားသူဆိုရင် သိသင့်သလောက်တော့ သိရမယ် ဆိုတဲ့အတွေးနဲ့လေ။



မမ ရွှေမြန်မာဥယျာဉ်ဆိုဒ်လေးထဲကို ရောက်တာကြာပြီလား၊ ဒီဆိုဒ်လေးထဲကိုဘယ်သူရဲ့ ဖိတ်ခေါ်မူကြောင့် ရောက်ရှိလာပြီးမှ စတင်အသုံးပြုဖြစ်ခဲ့သလဲ ဆိုတာလေးကိုလည်း သိပါရစေ။

၂၀၁၁ မေလကပါ။ Invitation မေးကြောင့်ပါပဲ။



မမ ဘယ်အရွယ်လောက်ကစပြီး စာရေးတာ ၀ါသနာပါခဲ့ပါသလဲ မမ။

ငယ်ငယ်လေးထဲက အဓိက ဝါသနာပါတာက စာဖတ်တာပါ။ စာရေးတာကတော့ အွန်လိုင်းသုံးဖြစ်တဲ့အချိန်မှာ ပြင်ပက မြင်တွေ့ရသမျှကို စာအဖြစ်ပြောင်းကြည့်ရင်းနဲ့ စာရေးချင်တဲ့ ဝါသနာအဖြစ်ကူးပြောင်းသွားတာပါ။



မမ တကယ် စရေးဖြစ်တဲ့ အချိန်လေးကကော။

၂၀၁၁ ခုနှစ် ခြောက်လပိုင်း ဝတ္ထုတိုလေးတွေကို အစမ်းရေးဖြစ်မိတယ်။ ပထမကတော့ ကဗျာလို့အမည်တပ်ပြီး ရေးကြည့်နေရုံသာ။ ကဗျာမပီတဲ့ စာစုလေးတွေပေါ့း)



မမ ရေးပြီးခဲ့တဲ့ စာမူလေးတွေ အားလုံးထဲမှာ မမရဲု့ အနှစ်သက်ဆုံးနဲ့ အားရမူအရှိဆုံး စာမူလေးက ဘာများဖြစ်မလဲ မိတ်ဆက်ပေးပါဦး။

လောင်စာ လို့ အမည်ရတဲံ ပိုစ့်လေးပါ။



လုံးချင်းအနေနဲ့ကော ထုတ်ဖို့အစီစဉ်လေးတွေ ရှိမလားသိပါရစေ။

လက်ရှိတော့ ဝတ္ထုတိုသဘောမျိုးပဲ ရေးဖြစ်နေသေးတယ်။ အနာဂတ်မှာတော့ ထုတ်ချင်ထုတ်လာနိုင်ပါတယ်။



မမအနေနဲ့ စာရေးသက်နုစဉ်နဲ့ ခုစာရေးသက်ရလာတဲ့ အချိန်မှာ ဘယ်လိုခြားနားမှုတွေ ရှိတယ်လို့ ခံစားမိပါသလဲမမ။

ရေးသက်နုစဉ်က အမှားများတယ်။ သတ်ပုံအမှား၊ အရေးအသားအမှား၊ ကျင့်ဝတ်အမှားလေးတွေပေါ့။ အခုလည်းသတ်ပုံတွေ မှားပါသေးတယ်။ အရေးအသားကတော့ ရေးစကထက်စာရင် နည်းနည်းတိုးတက်လာပေမယ့် အကောင်းဆုံးဆိုတဲ့ အနေအထား မရောက်သေးဘူး။ ကျင့်ဝတ်ဆိုတာကတော့ ရေးချင်တာပဲသိတယ်။ ကိုယ်ပေးသင့်တဲ့ အတွေးလား၊ မပေးသင့်တဲ့ အတွေးလား မခွဲခြားမိဘူး။ ခုတော့ ပေးသင့်တဲ့ အတွေးတွေပဲ ပါအောင်ကြိုးစားနေဆဲပါပဲ။



အပြင်မဂ္ဂဇင်းစာမျက်နှာတွေပေးမှာ ပါခဲ့ပြီးသမျှ မမစာမူလေးတွေရှိရင်လည်း သိပါရစေရှင်။

ကြိုးစားတုန်းပါ။ အွန်လိုင်းကနေပဲ ကံစမ်းနေတုန်းပါ။ စာတိုက်ကနေ မပို့ဖြစ်သေးဘူး ညီမလေး။ (ဟုတ်ကဲ့ရှင့်.. မမရဲ့ ကြိုးစားမူတွေ အောင်မြင်ပါစေလို့ ရွှေမိသားစုကြီးကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်ရှင်)



မမအနေနဲ့ စာတွေတော်တော်များများ ရေးခဲ့ပြီးပြီဆိုတော့ အတွေ့အကြုံလည်း တော်တော်ရနေပါပြီ။ အဲဒီတော့ စာရေးချင်တဲ့လူငယ်များကို ဘယ်လိုများ အကြံပေးချင်ပါသလဲ။

အဲ့လို အကြံပေးရလောက်အောင်ထိ အတွေ့အကြုံရင့်ကျက်တယ်လို့ ကိုယ့်ကိုယ်ကို မခံယူမိသေးပါဘူး။ ဝါရင့်ဆရာကြီးတွေ ပြောတဲ့ စကားကိုပဲ လက်ဆင့်ကမ်းပေးချင်ပါတယ်။ စာရေးချင်တယ်ဆိုရင် စာများများဖတ်ပေး..တဲ့။ ပြီးတော့ အတွေ့အကြုံရအောင်ယူတဲ့။ ဘယ်လိုရေးတယ်၊ ဘယ်လိုစကားလုံးမျိုးသုံးတယ်ဆိုတာကိုတဲ့။ ခုဆရာဦးချစ်နိုင်(စိတ်ပညာ) ရဲ့ စာရေးနည်းလမ်းညွှန်တွေလည်း ထွက်နေတယ်ဆိုတော့ ဟိုးအရင်ခေတ်တွေကလို စမ်းတဝါးဝါး အရေးကျင့်ရတာမျိုးထက် အစ်မတို့ခေတ်မှာ လွယ်လာပြီထင်တာပဲ။း)



စာရေးသူတစ်ယောက် ထားရမယ့် စိတ်ထားကို မမ အနေနဲ့ဘယ်လို သတ်မှတ်ထားပါသလဲ။

စာရေးသူတစ်ယောက်ထားရမယ့် စိတ်ထားဆိုတာထက် ဆရာဘုန်းနိုင်ရဲ့ ဘုန်းနိုင့်အတွေး၊ ဘုန်းနိုင့်အမြင်စာအုပ်က စာလေးတချို့ ပြောပြချင်မိတယ်။
ရသစာပေတစ်ခုဟာ ရသစာပေဖြစ်ဖို့ (ပီသဖို့) မလွဲမသွေ လိုအပ်ချက်က ခံစားမှုစည်းစိမ် ပေးနိုင်ရမယတဲ့။ နောက်ထပ် လိုအပ်ချက်က ဖတ်ရှုသူရဲ့ သိမြင်မှုကို ထက်မြက်စေရမယ်။ နောက်ဆုံးတစ်ခုကတော့ အမြင့်မြတ်ဆုံးဂုဏ်အင်္ဂါရပ် ဖြစ်တဲ့ လောကအမြင်ကိုပေးနိုင်ရမယ်တဲ့။
၁ နဲ့ ၂ ကိုတော့ ရှင်းပေမယ့် လောကအမြင်ဆိုတဲ့ (၃)ကတော့ ကိုယ်ကိုယ်တိုင်တောင် ရေးတေးတေးရယ်မို့ ဆရာဘုန်းနိုင်ပြောတဲ့စာကိုပဲ ထပ်ဆင့်ရေးပြီးဖေါ်ပြပေးပါရစေ။
(၁) ပစ္စည်းဟာ တောင်လိုမောက်တဲ့နေရာမှာ မောက်ပြီးချိုင့်လို နိမ့်တဲ့နေရာမှာ နိမ့်နေသမျှ ကာလပတ်လုံး ကမ္ဘာ့ငြိမ်းချမ်းရေးဆိုတာ မရနိုင်ဘူး။
(၂) သာယာသော လူ့ဘောင်ကြီး ဖြစ်လာဖို့ ..ရုပ်ကိုချည်း အာဟာရမပေးနိုင်ဘူး။ နာမ်ကိုလဲ အာဟာရပေးရမယ်။
အဲ့ဒီလောကအမြင်နှစ်ရပ်ဟာ ဘုန်းနိုင်ရဲ့ လောကအမြင်နှစ်ရပ်ပါ…တဲ့။



ဒါနဲ့စကားမစပ် မမရဲ့ အချစ်ကြောင်းလေး ထည့်မေးချင်တယ်… ဟီး။

အချစ်ရေးဆိုရင် ဒီနေ့အချိန်ထိ မချစ်ဖူးသေးလို့ မသိကြောင်းလို့ပဲ ပြောချင်ပါတယ်း)



မမရဲ့ယုံကြည်ကိုးကွယ်မှု့ ဘာသာရေးနဲ့ပတ်သက်လို့ ဘယ်သာသာကိုယုံကြည်ကိုးကွယ်ပြီး ဘာသာရေးစာပေတွေနဲ့ ပတ်သက်လို့ မမရဲ့ ကိုယ်ပိုင်အတွေးအမြင်လေးကရော။

ဗုဒ္ဓဘာသာကို ကိုးကွယ်ပါတယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ဖြစ်သလို ကိုယ်တိုင်လည်း သက်ဝင်ယုံကြည်ပါတယ်။ ဘာသာရေးအနေနဲ့ကတော့ ဘာသာရေးတိုင်းမှာ အတုယူသင့်တဲ့ အရာတွေရှိသလို ပြုပြင်သင့်တဲ့ အရာတွေလည်းရှိတယ် ထင်မိတယ်။ ဥပမာဆို ခရစ်ယာန်တွေက သူတို့ဘာသာဝင်တွေအပေါ် အားပေးကူညီတာမျိုး လုပ်ကြတယ်။ ဗုဒ္ဓဘာသာဝင်တွေမှာတော့ အဲ့လို ကူညီသူမျိုးနည်းတယ်။ မရှိတာမဟုတ်ဘူးနော်။ ရှိတယ်။ ဒါပေမယ့် နည်းတယ်။ ကိုယ်တိုင်လည်း ကူညီတယ်။ ဒါပေမယ့် အရမ်းအသေးစိတ်တာမျိုးတွေကျ မလုပ်တတ်တော့ အဖွဲ့ဆီပဲ အလှူငွေပို့ဖြစ်တယ်။ အစ်မလိုမျိုး အသေးစိတ် လိုက်မလုပ်ပေးနိုင်သူတွေအတွက် တကယ်ကူညီတဲ့ အဖွဲ့တွေ လိုအပ်ပါတယ်။



မမရဲ့ အကြိုက်ဆုံးအရာလေးတွေ ဥပမာ- အစားအစာ၊ အရောင်နဲ့ ၀ါသနာပါတာလေးတွေကိုလည်း ပြောပြပေးပါအုံး။

အစားအစာဆိုရင်တော့ လက်ဖက်သုပ်တော်တော်ကြိုက်တယ်။း) (ညီမလေးနဲ့ တူနေပြီ လက်ဖက်သုပ်နဲ့ ထမင်းစားရင် အရမ်းကောင်း :P) အရောင်ကတော့ ခုချိန်ထိ ကိုယ့်ကိုယ်ကို လူငယ်လို့ထင်မိလို့လားမသိဘူး။ အနက်ရောင်ကို အရမ်းကြိုက်တယ်။ ဝါသနာကတော့ စာဖတ်တယ်။ သီချင်းနားထောင်တယ်။ ပြီးတော့ စာရေးတာပဲရှိပါတယ်။



မမရဲ့ ဘ၀အတွက် ထားရှိတဲ့ ခံယူချက်နဲ့ ရပ်တည်မှုတွေကို ပြင်းထန်တဲ့ ထိုးနှက်ချက်တွေနဲ့ ရိုက်ခတ်လာတဲ့ အခါမှာ ဘယ်လိုမျိုး ရည်မှန်းချက်နဲ့ ရှေ့ဆက်ပြီး ကြိုးစားနိုင်ခဲ့သလဲ ဆိုတာကို သိပါရစေ။

ဘဝအတွက် ထားရှိတဲ့ ခံယူချက်ကတော့ ကိုယ့်အတွက်ကိုယ်ပဲ စဉ်းစားပါ ဆိုတဲ့စကားပဲ။ ဟုတ်တယ်။ ကိုယ့်အတွက်ကိုယ် စဉ်းစားတယ်ဆိုရင် မကောင်းမှုကိုလည်း လုပ်ဖြစ်မှာမဟုတ်ဘူး။ ဒါတွေဟာ တချိန်မှာ ကိုယ့်ဆီကို ပြန်လာမယ်ဆိုတာကို သိတဲ့အတွက်။ အလုပ်မှာဆိုရင်လည်း ကိုယ့်အတွက်ကိုယ် ပိုစဉ်းစားသင့်တယ်။ ကိုယ်ဒီလိုလုပ်လိုက်ရင် နောင်အလုပ်လုပ်တဲ့အခါ ကိုယ့်အပေါ် ယုံကြည်ချက်ရှိပါဦးမလား။ ကိုယ့်နာမည်ကြားရုံနဲ့ ယုံကြည်ရတယ်ဆိုတဲ့ အသိမျိုး သိအောင်၊ အတွေးမျိုး တွေးမိအောင် ကိုယ့်တာဝန်ကိုယ် ယူတတ်ရမယ်။ ကိုယ့်ကို မကျေနပ်လို့ ထိုးနှက်လာသူရှိရင် သူ့အကြောင်းကို မစဉ်းစားနဲ့။ သူ့ကြောင့်ဆိုတဲ့အတွေးကို မတွေးနဲ့။ ကိုယ့်လမ်းကြောင်းကို မှန်မှန်လျှောက်ရမယ်။ လမ်းကြောင်းမပျောက်အောင်။ ကိုယ့်လမ်းကြောင်းကို ပျောက်အောင်လုပ်နိုင်တာ တခြားသူက ဝင်လုပ်မပေးနိုင်ဘူး။ ကိုယ်ကိုယ်တိုင်ပဲ လုပ်နိုင်တယ်။ ကိုယ့်လမ်းကြောင်းပျောက်အောင် ဇွတ်အတင်းလုပ်နေသလား။ အဲ့ဒါဆိုလည်း မစဉ်းစားနဲ့။ မှန်နေတဲ့ ကိုယ့်ကို တွန်းတိုက်ဖို့ သူ့မှာ ဟာကွက်တွေအများကြီး ပေါ်လာလိမ့်မယ်။ သူ့ဟာသူ ခြေချော်သွားလိမ့်မယ်။



မမ ဘ၀အတွက် လေးစား အားကျ စံထားရတဲ့ ပုဂ္ဂိုလ်က ဘယ်သူများလဲ မမ။

ဘဝအတွက် အလေးစားဆုံးအားအကျဆုံး စံအထားရဆုံးဆိုရင်တော့ ကိုယ့်အစ်မပဲ။ သူ့အတွက် ဘဝက ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ။ ဘယ်တော့မှ မိသားစုကို မမေ့ခဲ့သလို လမ်းကြောင်းကိုလည်း အပျောက်မခံခဲ့ဘူး။



လူပီသအောင်နေထိုင်ဖိုဆိုတာ ဘယ်အချက်တွေပေါ်ကို မူတည်နိုင်မလဲဆိုတာ မမရဲ့အမြင်လေးကို သိပါရစေ။

လူပီသအောင် နေဖို့ကတော့း)
ဆရာဘုန်းနိုင်ရဲ့ လောကအမြင်ရဲ့ အဓိပ္ပါယ်ကိုပဲ ထပ်ဆင့်ထောက်ခံချင်ပါတယ်။



ဘ၀ကို အဓိပ္ပါယ်ရှိရှိနေထိုင်သွားတတ်ဖို့ နည်းလမ်းကောင်းလေးများရှိရင် လမ်းညွှန်ပေးပါအုံး။

တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင်တောင် အသက်ရှင်နေရတာ ဘဝရဲ့ အဓိပ္ပါယ်လား လို့တွေးမိသူမို့ နည်းလမ်းကောင်းရယ်လို့ မပြောတတ်ဘူး။ ဒါပေမယ့် ဘဝကို လိုအပ်သလို ဖျက်သင့်တဲ့နေရာကိုသိသူ၊ ချန်ထားသင့်တဲ့ နေရာကိုသိသူကတော့ အဓိပ္ပါယ်ရှိရှိ နေတတ်သူဖြစ်မယ်ထင်တယ်။ အများစုပြောကြတာကတော့ ပျော်ပျော်နေ၊ လူအများစုအတွက် အကျိုးရှိအောင်နေရင် အဓိပ္ပါယ်ရှိတဲ့ဘဝဖြစ်မယ်တဲ့။ ဒါပေမယ့် အသက်ရှင်နေရတာ တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင်အတွက်တောင် အကျိုးမရှိပဲ အဓိပ္ပါယ်ကင်းမဲ့နေသလိုမျိုး ဖြစ်တတ်တယ်။ ဒီတော့ ကိုယ့်ကိုယ်ကို ချစ်တဲ့စိတ်နဲ့ ကိုယ်ကိုယ်တိုင်အတွက် အကျိုးရှိအောင်နေထိုင်တတ်ရင် အဓိပ္ပါယ်ရှိတဲ့ ရှင်သန်ခြင်းမျိုးဖြစ်မယ်ထင်တယ်။ ဘာ့လို့ဆို ကိုယ့်ကိုယ်ကို ချစ်တတ်ပြီဆိုတာနဲ့ ပတ်ဝန်းကျင်ကို ပါချစ်တတ်လာဖို့ သိပ်မကြာတော့ဘူးလေ။ မျှတွေးတတ်လာလိမ့်မယ်။



မမရဲ့ ဘ၀မှာ အမြဲတမ်းလက်ကိုင်ထား ကျင့်သုံးလိုက်နာတဲ့ ဆောင်ပုဒ်လေးများရှိမယ်ဆို သိချင်ပါတယ်ရှင်။

ဟိုးအဝေးကြီးကိုလည်းမကြည့်နဲ့။ အတိတ်ကိုလည်း မတမ်းတနဲ့။ လက်ရှိပစ္စုပ္ပန်မှာပဲနေထိုင်ပါတဲ့။ အဝေးကြီး ကြည့်ပြီး မျှော်နေရတော့ ရပါ့မလားဆိုတဲ့ စိတ်နဲ့ ပင်ပန်းတယ်။ အတိတ်ကို တမ်းတပြီး မှားခဲ့တာတွေအတွက် နောင်တရတော့ စိတ်ပင်ပန်းတယ်။ ခုလက်ရှိမှာ ကိုယ်အကောင်းဆုံး လုပ်ပစ်မယ် ဆိုတဲ့ စိတ်နဲ့ပဲနေရင် မှားခဲ့တယ်ဆိုရင်တောင် အဲ့အချိန်တုန်းကတော့ အကောင်းဆုံး၊ အဆုံးစွန်ထိ ကြိုးစားခဲ့တာမို့ နောင်တမရဘူး။



မမရဲ့ ရေခဲ့သမျှစာလေးတွေကို တစုတစည်းထဲ ဖတ်ရူအားပေးလို့ရမယ့် ကိုယ်ပိုင်ဆိုဒ်လေးရှိရင်လည်း အင်တာဗျူးလေးကနေတစ်ဆင့် ပြောပြပေးပါအုံးမမ။

မမရဲ့ ကိုယ်ပိုင်ဆိုဒ်လေးကတော့www.khinoonwe.blogspot.com ဖြစ်ပါတယ်ရှင်။ ရွှေမိသားစုကြီးအားလုံးလည်း အလည်လာဖို့ ဖိတ်ခေါ်ပါရစေရှင်။



ညီမလေးမေးတာလည်းများနေပြီဆိုတော့ နောက်ဆုံးမေးခွန်းလေးအနေနဲ့ ဆိုဒ်တည်ထောင်သူနဲ့ တာဝန်ရှိသူအက်ဒမင်တွေကို ဒီအင်တာဗျူးလေးကနေ တဆင့် ဆိုဒ်အသုံးပြုသူဘက်ကနေ ဝေဖန်အကြံပြုချင်တာလေးများရှိရင် ပြောပြပေးပါအုံးရှင်။

မရှိပါဘူး။ ရွှေရဲ့ ခြေလှမ်းသစ်ကို အရမ်းကြိုက်တယ်။ အဒ်မင်တွေက သူ့နေရာနဲ့သူ တာဝန်ကျေကြတယ်။ တော်တော်ကို စိတ်နှစ်ထားကြလို့ဖြစ်မယ် ။း)



အခုလို မအားလပ်တဲ့ကြားကနေ ညီမလေးတို့ ရွှေမြန်မာဥယျာဉ် အင်တာဗျူးကဏ္ဍလေးအတွက် စေတနာထားအချိန်ပေးပြီး ညီမလေးမေးမြန်းသမျှကို စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့တဲ့ မမကို ညီမလေးနဲ့အတူ ရွှေအက်ဒမင်များအားလုံးနှင့်တစ်ကွ ရွှေမိသားစုကြီးအားလုံးမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။

အစ်မကလည်းကျေးဇူး အထူးတင်ရှိပါတယ်။ ရွှေမြန်မာဥယျာဉ် ဆထက်ထမ်းပိုး အောင်မြင်ပါစေ ဆုတောင်းပေးပါတယ်ရှင်။ (ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏၊ ပြည့်အောင်လည်းကြိုးစားကြမှာပါ)


ရွှေမြန်မာဥယျာဉ်ထဲမှာ အပန်းဖြေကြတဲ့ ရွှေမိသားစုကြီးအားလုံးလည်း ဒီလောက်ဆိုရင်
ရွှေမြန်မာဥယျာဉ်ထဲမှာ အပန်းဖြေကြတဲ့ ရွှေမိသားစုကြီးအားလုံးလည်း ဒီလောက်ဆိုရင် ဘာကိုမှမသိချင်သူ နဲ့ တောသူမလေးတို့ရဲ့ ရွှေအင်တာဗျူး အမေးအဖြေလေးတွေကို ဖတ်ရူလိုက်ရလို့ အားလုံးပဲ ကျေနပ်ဝမ်းသာအားရမိကြမယ်လို့ ထင်ပါတယ်ရှင်။ နောက်အပတ်တွေမှာလည်း ဘယ်သူတွေက ဘယ်လိုလေးတွေမေးပြီး ဘယ်သူတွေက ဘယ်လိုလေးတွေ ဖြေကြအုံးမလဲဆိုတာကို စောင့်မျှော်ဖတ်ရူ အားပေးကြပါအုံးလို့ ပြောကြားရင်း ရွှေမိသားစုကြီးအားလုံးကို တောသူမလေးမှ နူတ်ဆက်လိုက်ပါရစေရှင်။


ရွှေမိသားစုကြီးအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

No comments:
Post a Comment