ပဉ္စမဈာန်ကို ရရှိပြီးသူသည် ထိုဈာန်သမာပတ် မြဲမြံခိုင်ခံ့ခြင်း၊ အာနိသင်ကို ရရှိခြင်း၊ ဆက်လက်ပွားများ အားထုတ်မည့် ၀ိပဿနာ လွယ်ကူစွာ ပြီးပြည့်စုံခြင်း အကျိုးကို မျှော်ကိုးလျက် တန်ခိုးဖန်ဆင်းမူ (ဣဒ္ဓိဝိဓ) အစရှိသော လောကီ အဘိညာဉ်များကို ရရှိအောင် အားထုတ်သင့်ပေသည်။ ဤ၌ အဘိညာဉ်ဆိုသည်မှာ အဘိညာဉ်ကိစ္စတပ်သော ရူပပဉ္စမဈာန်၌ ပါရှိသော အသိဉာဏ်ထူးပင်ဖြစ်သည်။
လောကီ အဘိညာဉ်များအနက် တန်ခိုး ဖန်ဆင်မူ(ဣဒ္ဓိဝိဓ) အဘိညာဉ်ကို ရလိုသူသည် ပထ၀ီကသိုဏ်းမှစ၍ သြဒါတကသိုဏ်း အဆုံးရှိသော ကသိုဏ်းရှစ်ပါးနှင့် သမာပတ် ရှစ်ပါးတို့ကို ဖြစ်စေ၍ ပထ၀ီကသိုဏ်းမှ သြဒါတကသိုဏ်းအထိ ကသိုဏ်းအနုလုံ စီးဖြန်းခြင်း၊ သြဒါတ ကသိုဏ်းမှ ပထ၀ီ ကသိုဏ်းအထိ ကသိုဏ်း ပဋိလုံ စီးဖြန်းခြင်း၊ ပထမဈာန်မှ ပဉ္စမဈာန်အထိ ဈာန်အနုလုံဝင်စားခြင်း၊ ပဉ္စမျဈာန်မှ ပထမဈာန်အထိ ဈာန်ပဋိလုံ ၀င်စားခြင်း အစရှိသော နည်းများဖြင့် အကြိမ်များစွာပွားများ ၀င်စားပြီး စိတ်ကို ဆုံးမ ပဲ့ပြင်ရမည်။
စိတ်ကိုဆုံးမရန် နည်းလမ်းများကား -
- ပထ၀ီကသိုဏ်းမှ သြ၀ါဒတသိုဏ်းအထိ ကသိုဏ်းရှစ်ပါးတို့ကို အစဉ်အတိုင်း(အနုလုံ) ပွားများခြင်း၊
- သြဒါတ ကသိုဏ်းမှပြန်၍ ပထ၀ီကသိုဏ်းအထိ အပြန် (ပဋိလုံ) ပွားများခြင်း၊
- အသွားအပြန် (အနုလုံ ပဋိလုံ) အားဖြင့် ပွားများခြင်း၊
- သမာပတ် ရှစ်ပါးတို့တွင် ပထမဈာန်မှာ နေ၀သညာနာသညာယတနဈာန်တိုင်အောင် အစဉ်အတိုင်း (အနုလုံ) ၀င်စားခြင်း၊
- နေ၀သညာ နာသညာယတနဈာန်မှ ပထမဈာန်ထိ အပြန် (ပဋိလုံ) ၀င်စားခြင်း၊
- ထို ဈာန် သမာပတ် ရှစ်ပါးကို အသွားအပြန် (အနုလုံ ပဋိလုံ) အစုံအားဖြင့် ၀င်စားခြင်း၊
- ပထမဈာန်ကို ၀င်စားပြီးနောက် ဒုတိယဈာန်ကို ခုန်ကျော်ကာ တတိယဈာန်ကို ၀င်စားခြင်း စသည်ဖြင့် ဈာန်ကို ခုန်ကျော်၍ ၀င်စားခြင်း၊
- ထို့အတူ ပထဈာန်ကို ၀င်စားလျက် ပထ၀ီကသိုဏ်းကို ပွားများပြီးနောက် အာပေါကသိုဏ်းကို ခုန်ကျော်ကာ တေဇောကသိုဏ်းကို ပွားများခြင်း စသည်ဖြင့် ကသိုဏ်းကို ခုန်ကျော်၍ ပွားများခြင်း၊
- ဈာန်နှင့် ကသိုဏ်း အရောအနှောထား၍ ခုန်ကျော်ဝင်စားခြင်း - စသည်တို့ဖြစ်သည်။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ရှေးက အားထုတ်ဖူးခြင်း မရှိ၊ ယခုမှ စတင် အားထုတ်သူသည် စိတ်ကို နူးညံ့အောင် ကြိုတင်မဆုံးမဘဲ တန်ခိုးဖန်ဆင်းမူ ကိစ္စကို ဆောင်ရွက်နိုင်မည် မဟုတ်ချေ၊ မှန်ပေသည်၊ အားထုတ်ကာစ ပုဂ္ဂိုလ်သည် ကသိုဏ်း ပရိကံပြုမူ၊ ပဋိဘာဂနိမိတ်ကို ထင်စေမူ၊ အပ္ပနာဈာန်ကို ရရှိစေမူ၊ စိတ်ကို နူးညံ့သိမ်မွေ့အောင် ဆုံးမနိုင်မူ၊ စိတ်ကို ကြိုတင်ဆုံးမထားသော်လည်း တန်ခိုးဖန်ဆင်းမူ၊ လျှင်မြန်စွာ ရူနိုင် ၀င်စားနိုင် ဖန်ဆင်းနိုင်မူ တို့အတွက် ၀န်လေးတတ်ပေသည်။ တစ်ရာမှာတစ်ယောက် တစ်ထောင်မှာတစ်ယောက်လောက်သာ စွမ်းနိုင်သည်။
ရှေးဘ၀များစွာက စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ခဲ့ကြဖူးသည့် မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက အစရှိသော ပုဂ္ဂိုလ်မြတ်တို့မှာမူ ရှေ့တွင် ပြဆိုခဲ့သော ဘာဝနာအစဉ်မရှိသော်လည်း အရဟတ္တဖိုလ်ကို ရရှိသည်နှင့် ဤတန်ခိုး ဖန်ဆင်းမူ အစရှိသည်တို့မှာ ပြီးပြည့်စုံကြလေသည်။
ရွေပန်းထိမ်ဆရာသည် လက်ဝတ်ရတနာ တန်ဆာအမျိုးမျိုးကို ပြုလုပ်ရန် ရွှေကို နူးညံ့အောင်ပြုလုပ်ပြီးမှ အလိုရှိတိုင်း လုပ်ဆောင်သကဲ့သို့လည်းကောင်း၊ အိုးလုပ်သမားသည် အိုးခွက်စသည် ပြုလုပ်ရန် မြေညက်ကို ကောင်းစွာနယ်လျက် နူးညံ့အောင် ပြုပြီးမှသာ အိုး၊ ခွက် စသည်တို့ကို ပြုလုပ်သကဲ့သို့လည်းကောင်း ထို့အတူ အဘိညာဉ်ရရှိအောင် စတင်အားထုတ်သူသည် ရှေ့တွင်ဖော်ပြခဲ့ပြီးသော နည်းတို့ဖြင့် စိတ်ကို နူးညံ့အောင် ကြိုတင် ဆုံးမရမည်။
ထို့နောက် ဆန္ဒရှိက မည်သည့်ကိစ္စမဆို ထမြောက်အောင်မြင်ရမည်သာတည်း စသည်ဖြင့် ဆန္ဒ၊ ၀ီရိယ၊ စိတ္တ၊ ၀ီမံသ (ပညာ) ဟူသော အဓိပတိလေးပါးအနက် တစ်ပါးပါး ဦးဆောင်၍လည်းကောင်း၊ ၀သီဘော် ငါးပါးတို့ဖြင့် လေ့လာ၍လည်းကောင်း စိတ်ကို နူးညံ့သိမ်မွေ့စေပြီး တန်ခိုးဖန်ဆင်းမူ အတွက် အားထုတ်ရမည်။
ဤ၌ ၀သီဘော်ငါးပါးဟူသည် -
(၁) အာဝဇ္ဇန ၀သီဘော် = ဈာန်အင်္ဂါတို့ကို လျင်မြန်စွာ ဆင်ခြင်နိုင်စွမ်းရှိခြင်း၊
(၂) သမာပဇ္ဇန ၀သီဘာ် = ဈာန်ဝင်စားလိုသည့်အခါ အလိုရှိသမျှ ဈာန်စိတ်များကို ဖြစစေနိုင်ခြင်း၊
(၃) အဓိဋ္ဌာန ၀သီဘော် = ၀င်စားလိုသည့်အချိန် အတိုင်းအတာ သတ်မှတ်ချက်အတိုင်း အပိုအလိုမရှိ တိကျစွာ ဈာန်စိတ်ကို ထားနိုင် ဖြစ်စေနိုင်ခြင်း၊
(၄) ၀ုဋ္ဌာန ၀သီဘော် = မှန်းဆတွက်ချက်ထားသည့် အချိန်၌ ဈာန်မှ ထနိုင်ခြင်း၊
(၅) ပစ္စဝေက္ခဏ ၀သီဘော် = ဈာန်အင်္ဂါတို့ကို ဆင်ခြင်နိုင်ခြင်း - တို့ဖြစ်သည်။
(အာဝဇ္ဇန၀သီဘော် မြောက်လျှင် ပစ္စဝေက္ခဏ ၀သီဘော်လည်း ပြီးစီးသွားပေသည်။ သို့သော်လည်း မနောဒွါရာဝဇ္ဇန်း၏ သတ္တိကို အာဝဇ္ဇန ၀သီဘော်၊ ပစ္စဝေက္ခဏာဇော၏သတ္တိကို ပစ္စဝေက္ခဏ၀သီဘော်ဟု သတ္တိအလိုက် နှစ်မျိုးခွဲခြားထားခြင်း ဖြစ်သည်။
ဤသို့ ပါရမီ မရှိသူသည် ဈာန်သမာပတ်များနှင့် ကသိုဏ်းအာရုံတို့ကို အကြိမ်များစွာ ပွားများဝင်စားပြီးမှ အသဘိညာဉ်ကို ရရှိနိုင်လေသည်၊ ပါရမီထူးရှိသူကား ထိုကဲ့သို့ အကြိမ်များစွာ မ၀င်စား မလေ့လာသော်လည်း ပဉ္စမဈာန်ကို ရရှိကာမျှဖြင့်လည်းကောင်း၊ မဂ်ကို ရရှိကာမျှဖြစ်လည်းကောင်း အဘိညာဉ်ကို ရရှိနိုင်ပေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
Wednesday, 2 November 2011
အဘိညာဉ်ရရှိရန် အားထုတ်ခြင်း
အမျိုးအစား/ကဏ္ဍ
သမထ ၀ိပဿနာရူပွားနည်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment