ကသိုဏ်းဝန်းပြုလုပ်နည်း
ပထ၀ီကသိုဏ်းကို စတင်ပွားများအားထုတ်လိုသူသည် ရှေးဦးစွာ ပထ၀ီကသိုဏ်းပုံကို စနစ်တကျ ပြုလုပ်ရမည်၊ ပြုလုပ်ရာတွင် ဖြူ နီ ညို ရွှေ လေးထွေသော ကသိုဏ်းအပြစ်များ ကင်းစင်စေရန် မ၀င်းလွန်း မ၀ါလွန်းသော အရုဏ်ရောင် အဆင်းရှိ နုံးမြေစေးကို ညက်စွာ ကြိတ်ရမည်။ ထိုမြေမူန့်ကို ရေဖြင့်ဖျော်၍ တစ်ထွာနှင့် လက်လေးသစ်ခန့် အရွယ်ရှိ အ၀တ်စ၊ သားရေပြား၊ ပျဉ်ချပ် တစ်ခုခုတွင် ၀န်းဝန်းဝိုင်းဝိုင်းပုံပေါ်အောင် သုတ်လိမ်းရမည်။ ထိုအ၀န်းအ၀ိုင်း၏ အနားပတ်လည်ကို မဲနယ်ရောင် ဆေးသားဖြင့် အနားကွပ်ပေါ်အောင် သုတ်လိမ်းရမည်။ ဤသို့ ကသိုဏ်းဝန်းပုံ ပြုလုပ်ရာတွင် အမိုက်သရိုက်များ မပါအောင် သတိပြုပြီး စည်မျက်နှာပြင်ကဲ့သို့ ညီညာချောမွတ်အောင် ပြုလုပ်ရမည်။
ကသိုဏ်းဝန်းပုံ ပြုလုပ်ရာတွင် နေရာရွှေ့ပြောင်း၍ ရသော ကသိုဏ်းဝန်းပုံနှင့် မရွှေ့မပြောင်းဘဲ တစ်နေရာတည်း၌ပင် အမြဲထားရှိသော ကသိုဏ်းဝန်းပုံ နှစ်မျိုးအနက် နှစ်သက်ရာကို ပြုလုပ်နိုင်သည်။ ရွှေ့ပြောင်း၍ ရသော ကသိုဏ်းဝန်းပုံကို တုတ်တံလေးချောင်းတို့၌ အ၀တ်စ၊ သားရေပြား၊ ပျဉ်ချပ် တစ်ခုခုကို ချည်နှောင်၍ အထက်တွင် ဖော်ပြထားသည့်အတိုင်း ပြုလုပ်ရမည်။ နေရာရွေ့ပြောင်း၍ မရသော ကသိုဏ်းဝန်းပုံကိုမူ ပဒုမ္မာကြာပွင့်ချပ် သဏ္ဌာန်ဖြင့် ငုပ်များစိုက်၍ ကြိုးဖြင့် ခိုင်မြဲစွာ ချည်နှောင်ထားရမည်။
ကသိုဏ်းဝန်း၏ အငယ်ဆုံးအရွယ်အစားမှာ တစ်ထွာနှင့် လက်လေးသစ်ခန့်ရှိပြီး အကြီးဆုံးအရွယ်အစားမှာ ကောက်နယ်တလင်းခန့် ရှိနိုင်သည်။ အငယ်ဆုံး ကသိုဏ်းဝန်းပုံသည် ပထ၀ီကသိုဏ်း စတင်အားထုတ်သူနှင့် သင့်လျော်ပြီး အကြီးဆုံး ကသိုဏ်းဝန်းပုံသည် အတိတ်ဘ၀များ၌ ပထ၀ီကသိုဏ်း စည်ဖြန်း၍ ဈာန်ရရှိခဲ့ဖူးသူများနှင့် သင့်လျော်သည်။ ထိုပုဂ္ဂိုလ်များသည် ပါရမီရင့်ကျက်နေသူဖြစ်သဖြင့် ထွန်ယက်ထားသော ပကတိမြေပြင်ကိုဖြစ်စေ၊ ကောက်နယ်တလင်းခန့်ရှိ ကသိုဏ်းဝန်းပုံကိုဖြစ်စေ ကြည့်ရူလျက် ပထ၀ီ-ပထ၀ီ-မြေ-မြေ ဟု ပွားများနိုင်သူ ဖြစ်ပေသည်။ ရှေးအခါက မလ္လကမည်ရှိ မထေရ်တစ်ပါးသည် ထွန်ယက်ထားသော မြေပြင်ကို ကြည့်ရူ၍ ပထ၀ီကသိုဏ်း စီးဖြန်းရာ ပဉ္စမဈာန်အထိ ရရှိ၍ ထိုဈာန်ကို အခြေပြုကာ ၀ိပဿနာတရား ပွားများအားထုတ်သဖြင့် ရဟန္တာဖြစ်ခဲ့ဘူးလေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Wednesday, 2 November 2011
ဈာန်ဘိညာဉ် ရသည်အထိ ပထ၀ီကသိုဏ်း အားထုတ်နည်း
အမျိုးအစား/ကဏ္ဍ
သမထ ၀ိပဿနာရူပွားနည်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment