ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 2 November 2011

အခြေခံရူမှတ်ခြင်း

အာနာပါနရူမှတ်သူသည် ထွက်လေ ၀င်လေတိုးထိရာ နှာသီးဖျားကို သတိစိုက်၍ ထွက်လျှင် ထွက်လေ၊ ၀င်လျှင် ၀င်လေဟု အဖန်ဖန် နှလုံးသွင်းရူမှတ်ရမည်။ ဤအခြေခံ ရူမှတ်သည့်အဆင့်တွင် အသက်ကို ရှူသွင်း ရှူထုတ်တိုင်း ရှူသွင်း ရှူထုတ်မှန်းသိအောင် သတိထားရမည်၊ ထို့ပြင် ထွက်လေ ၀င်လေကို နှာသီးဖျားတွင် သတိကပ်ရူမှတ်ရမည်။ ထွက်လေ ၀င်လေနောက်သို့ စိတ်ကလိုက်ပါပြီး မရှူမှတ်ရ၊ နှာသီးဖျား၌ သတိကပ်ထားပြီး ၀င်တိုင်း ထွက်တိုင်း သိသိရေပါမည်၊ ထွက်လေ ၀င်လေ နှာသီးဖျား၌ တိုးနေ ထိနေသည်ကို သိရမည်၊ သတိကောင်းလေ ပို၍ ထင်ရှားလာလေ ဖြစ်လိမ့်မည်။ ဤနှာသီးဖျား၌ စိတ်စိုက်ထားပြီး ထွက်လေ ၀င်လေကို ထွက်လျှင် ထွက်မှန်းသိ၊ ၀င်လျှင် ၀င်မှန်းသိနေအောင် ရူမှတ်ရမည်။ အချုပ်အားဖြင့် ဤအခြေခံရူမှတ်ခြင်းသည် သတိကို ဦးစားပေးထူထောင်ခြင်းပင်ဖြစ်သည်။ ဤသို့ သတိခိုင်မြဲရန် ဦးစွာလေ့ကျင့်ပြီး ဆက်လက်ဖော်ပြမည့် ရူမှတ်နည်းများကို အားထုတ်ရန် ဖြစ်ပါသည်။

ဤအာနာပါနရူမှတ်နည်းနှင့် ပတ်သက်၍ နည်းပေါင်း(၁၆)နည်း ရှိသော်လည်း အဓိကကျသော ပထမစတုက္က=ပထမလေးချက်ကိုသာ ဖော်ပြမည်၊ ပထမစတုက္ကနည်းသည် အာနာပါနကို စတင်အားထုတ်သူနှင့် သင့်လျော်ပြီး သမထ၀ိပဿနာ နည်းနှစ်ဖြာဖြင့် အားထုတ်နိုင်သော နည်းဖြစ်သည်၊ ဤနည်းလေးချက်ကို ပိုင်နိုင်စွာ ရူမှတ်နိုင်လျှင် ဈာန်ရလိုသူသည် ဒုတိယ၊ တတိယ လေးချက်နည်းများကို ဆက်လက်ရူမှတ်နိုင်သည်။ ဈာန်စခမ်းသို့ မတက်လှမ်းတော့ဘဲ မဂ်ဖိုလ်စခန်းသို့ တက်လှမ်းလိုသူသည် စတုတ္ထလေးချက်နည်းကို တိုက်ရိုက်အားထုတ်နိုင်မည်ဖြစ်သည်၊ သို့ဖြစ်၍ အဓိကကျသည့် ပထမလေးချက်နည်းတွင် နည်း(၄)မျိုးပါဝင်သည်၊ ထိုနည်း (၄)မျိုးမှာ -

(၁) ထွက်သက် ၀င်သက်လေကို ရှူရိုက်သောအခါ ထွက်သက် ၀င်သက်လေ ရှည်လျှင် ရှည်သည်ဟု သိအောင် ရူမှတ်ခြင်း (ရှည်လျှင် ရှည်မှန်းသိ)၊

(၂) ထွက်သက် ၀င်သက်လေ တိုလျှင် တိုသည်ဟုသိအောင် ရူမှတ်ခြင်း (တိုလျှင် တိုမှန်းသိ)၊

(၃) ထွက်သက် ၀င်သက်လေ၏ အစ-အလယ်-အဆုံး သုံးချက်လုံး ထင်ရှားအောင် လေ့ကျင့် ရူမှတ်ခြင်း (စ-လယ်-ဆုံးကို သိအောင်ကျင့်)၊

(၄) ထွက်သက် ၀င်သက်လေကို တဖြည်းဖြည်း သိမ်မွေ့ငြိမ်သက်သွားအောင် လေ့ကျင့်ရူမှတ်ခြင်း (ငြိမ်သက်အောင် လေ့ကျင့်) တို့ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment