နည်း(၁)နှင့် နည်း(၂) တို့အရ အားထုတ်သောအခါ ထွက်လေ ၀င်လေကို ရှည်မှန်း တိုမှန်းသိလာမည် ဖြစ်သည်၊ ထိုသို့ ထွက်လေ ၀င်လေ အရှည် အတိုကို ပိုင်နိုင်စွာ ရူမှတ်သိပြီးလျှင် ဤနည်း(၃)ကို ဆက်လက်အားထုတ်ရမည်၊ ဤနည်းကား ထွက်သက် ၀င်သက်လေ၏ အစ-အလယ်-အဆုံး သုံးချက်ကို သိအောင် လေ့ကျင့် အားထုတ်သော နည်းဖြစ်သည်။
ဤ၌ ထွက်သက်၏အစကား ချက်၊ အလယ်ကား နှလုံး(ရင်ဝ) ၊ အဆုံးကား နှာသီးဖျားဖြစ်သည်၊ ၀င်သက်၏ အစကား နှာသီးဖျား၊ အလယ်ကားနှလုံး(ရင်ဝ)၊ အဆုံးကား ချက် ဖြစ်သည်။ သို့ဖြစ်၍ ချက်တိုင်မှစ၍ လေထွက်ခြင်း၊ နှလုံးသားကို လေခတ်သွားခြင်း၊ နှာသီးဖျားကို လေတိုးသွားခြင်းတို့ကို သတိစိုက်၍ သုံးချက်လုံး ထင်အောင် ရူမှတ်ရမည်။
အာနာပါန အားထုတ်ရာ၌ အခြေခံအဆင့်ဖြင့် သတိထူထောင်၍ နည်း(၁)၊ နည်း(၂) တို့အရ သတိထင်လာရာတွင် အသိပါလာသည်၊ နည်း(၃)အရ ထွက်လေ ၀င်လေ၏ အစ-အလယ်-အဆုံး သုံးချက်လုံးကို သိအောင်လေ့ကျင့်ရသည်။ အခြေခံအဆင့်အရ ရှေးဦးစွာ ထွက်လေ ၀င်လေကို ထွက်မှန်း၊ ၀င်မှန်းသိအောင် သတိထူထောင်၍ နည်း(၁)၊ နည်း(၂)တို့အရ ရှည်မှန်း၊ တိုမှန်းသိရုံသာမက အစ-အလယ်-အဆုံး သုံးချက်လုံးကိုပင်သိအောင် လေ့ကျင့်ခြင်းဖြစ်သည်။
နည်း(၁)၊ နည်း(၂) တို့အရ ရှည်မှန်း တိုမှန်းကိုကားသိ၏၊ အစ-အလယ်-အဆုံး သုံးချက်လုံးကိုမူ မသိသေးပေ၊ အချို့က အဆုံးကိုသာသိ၏၊ အစနှင့် အလယ်၊ အစနှင့် အဆုံး၊ အလယ်နှင့် အဆုံး နှစ်မျိုးကိုသာ သိသူလည်းရှိ၏၊ ထိုပုဂ္ဂိုလ်များအတွက် ဤနည်း(၃)ကို အားထုတ်ရန် မြတ်စွာဘုရားက ညွှန့်ကြားတော်မူခြင်းဖြစ်၏၊ အခြေခံအဆင့်ဖြင့် သတိကောင်းမွန်ခိုင်မြဲလာ၍ နည်း(၁)၊ နည်း(၂) တို့အရ သတိထင်ရာတွင် အသိပါလာသည်၊ နည်း(၃)အရ ထိုသတိနှင့်အသိကို အကွက်စေ့စေ့ လေ့ကျင့်ပေးသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Wednesday, 2 November 2011
(၃) စ-လယ်-ဆုံး ကို သိအောင်လေ့ကျင့်ခြင်း
အမျိုးအစား/ကဏ္ဍ
သမထ ၀ိပဿနာရူပွားနည်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment