ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 10 July 2011

၁၆ - သိရိမာဝိမာန၀တ္ထု

၁၃၇။ မြတ်သောတန်ဆာဖြင့် တန်ဆာဆင်အပ်ကုန်သော (နတ်ပြည်မှ သက်ဆင်းသည်၏ အစွမ်းဖြင့်) အောက်သို့ မျက်နှာရှေးရှူကုန်သော ကောင်းကင်၌ သွားစွမ်းနိုင်သော ခွန်အားရှိကုန်သော အဟုန်နှင့်လည်း ပြည့်စုံကုန်သော မြင်းတို့ကို သင်၏ရထား၌ ကအပ်ကုန်ပြီ၊ ရထားထိန်း မောင်းနှင်သကဲ့သို့သော မြင်းရှိကုန်သော သင်ဖန်ဆင်းအပ်သည့် ရထားငါးရာတို့သည် သင်နတ်သမီးသို့ အစဉ်လိုက်ကုန်၏။

၁၃၈။ တန်ဆာဆင်အပ်သော ကိုယ်ရှိသော သင်နတ်သမီးသည် ထွန်းလင်း တောက်ပသော ဆီမီးရောင်ကဲ့သို့ တပြောင်ပြောင် တောက်ပလျက် မြတ်သော ရထား၌ တည်နေဘိ၏၊ မြတ်သော အဆင်းကို ဆောင်၍ ရူချင်ဖွယ်ရှိသော နတ်သမီး သင့်ကို ငါမေးပါ၏၊ သင်သည် အဘယ်နတ်ပြည်မှ မြတ်စွာဘုရားထံသို့ ဆည်းကပ်လာသနည်း။

၁၃၉။ အရှင်ဘုရား ကာမဂုဏ် အသုံးအဆောင်တို့ဖြင့် မြတ်သည်၏ အဖြစ်သို့ ရောက်ကုန်သော နတ်တို့၏ အကြင် နတ်ပြည်ကို မြတ်၏ ဟူ၍ ဆိုကြပါကုန်၏။ ထိုနတ်ပြည်၌ နတ်တို့သည် ဖန်ဆင်း၍ ဖန်ဆင်း၍ မွေ့လျော်ကြပါကုန်၏၊ အလိုရှိရာ အဆင်းကို ဆောင်နိုင်သော ကျွန်ုပ် နတ်သ္မီးသည် ထို (နိမ္မာနရတိ) နတ်ပြည်မှ မြတ်စွာဘုရားကို ရှိခိုးခြင်းငှါ ဤလူ့ပြည်သို့ လာရောက်ခဲ့ပါ၏။

၁၄၀။ ရှေးဘ၀၌ သင်သည် အဘယ် (သုစရိုက်တရား) ကို ဆည်းပူးခဲ့သနည်း၊ အဘယ် ကုသိုလ်ကြောင့် သင်သည် မရေတွက်နိုင်သည့် အခြံအရံရှိသည်ဖျြစ်၍ ချမ်းသာစွာဖြင့် ကြီးပွါးပါလျက် ဤနတ်ပြည်၌ နေရသနည်း၊ သင့်အား မိမိထက် လွန်ကဲသူ မရှိမူ၍ ကောင်းကင်၌ သွားစွမ်းနိုင်သော တန်ခိုးရှိသနည်း၊ သင်၏ အရောင်အဆင်းသည်လည်း အရပ်ဆယ်မျက်နှာတို့၌ ထွန်းလင်း တောက်ပဘိသနည်း။

၁၄၁။ နတ်သမီး သင်သည် နတ်တို့ ခြံရံအပ်သူ အရိုအသေပြုအပ်သူ ဖြစ်ခဲ့၏၊ သင်သည် အဘယ်ဘ၀မှ စုတေခဲ့၍ ကောင်းသော လားရာ နိမ္မာနရတိ နတ်ပြည်သို့ ရောက်ရသနည်း၊ သင်သည် အဘယ်ဆရာ၏ အဆုံးအမစကားကို လိုက်နာသနည်း၊ သင်သည် မြတ်စွာဘုရား၏ တပည့် ဥပါသိကာမ ဖြစ်ခဲ့ပါမူ ငါ့အား ဖြေကြားပါလော့။

၁၄၂။ တောင်တို့၏ အလယ် ကောင်းစွာဖန်ဆင်းထားသော (ရာဇဂြိုလ်) ပြည်မြတ်၌ ကျက်သရေရှိသော (ဗိမ္ဗိသာရ) မင်းမြတ်၏ အလုပ်အကျွေး ဖြစ်ခဲ့ဘူးပါပြီ၊ အကျွန်ုပ်သည် ကခြင်း သီဆိုခြင်းတို့ကို အလွန်ကောင်းမွန်စွာ သင်ယူပြီး ဖြစ်ခဲ့ပါပြီ၊ ရာဇဂြိုလ်ပြည်၌ အကျွန်ုပ်ကို သိရိမာဟူ၍ သိကြပါကုန်၏။

၁၄၃။ ရဟန်းမြတ် ဖြစ်တော်မူသော ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည်လည်း အကျွန်ုပ်အား ဒုက္ခသစ္စာ သမုဒယသစ္စာ နှစ်ပါးတို့၏ အဖြစ်ကို၎င်း၊ မပြုပြင်အပ်သော ဆင်းရဲချုပ်ရာ နိရောဓသစ္စာ၏ မြဲသည်၏ အဖြစ်ကို၎င်း၊ မကွေ့မကောက်သော ခရီးဖြစ်သော အေးချမ်းစွာသော ဤမဂ္ဂသစ္စာကို၎င်း ဟောတော်မူခဲ့ပါ၏။

၁၄၄။အကျွန်ုပ်သည် ရှေးဘုရားတို့ကဲ့သို့လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားသည် ဟောတော်မူအပ်သော ကိလေသာမြူကင်းသော မပြုပြင်အပ်သော နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကို သိရပါ၍ ထိုခဏ၌ပင်လျှင် ဆန့်ကျင်ဘက် တရားတို့ကို ငြိမ်းစေကတ်သော (လောကုတ္တရာ) သမာဓိသို့ ရောက်ခဲ့ပါ၏၊ ထိုသမာဓိကို ရခြင်းသည်ပင်လျှင် အကျွန်ုပ်အား မြတ်သည် မြဲသည်၏ အဖြစ်(အရိယာမဂ်) သည် ဖြစ်ခဲ့ပါ၏။

၁၄၅။အကျွန်ုပ်သည် ရှေးဘုရားတို့ကဲ့သို့လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားသည် ဟောတော်မူ အပ်သော ကိလေသာမြူကင်းသော မပြုပြင်အပ်သော နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကို သိရပါ၍ ထိုခဏ၌ပင်လျှင် ဆန့်ကျင်ဘက် တရားတို့ကို ငြိမ်းစေကတ်သော (လောကုတ္တရာ) သမာဓိသို့ ရောက်ခဲ့ပါ၏၊ ထိုသမာဓိကို ရခြင်းသည်ပင်လျှင် အကျွန်ုပ်အား မြတ်သည် မြဲသည်၏ အဖြစ်(အရိယာမဂ်) သည် ဖြစ်ခဲ့ပါ၏။

၁၄၆။ အကျွန်ုပ်သည် ပုထုဇဉ်တို့ထက် ထူးအောင်ပြုတတ်သော အမြိုက်နိဗ္ဗာန်ကို ရပြီး၍ ထိုးထွင်းသိအပ်သော မဂ်ဉာဏ်၌ အထူးသို့ရောက်လျက် အမှန်ယူခြင်းရှိပါ၏၊ ယုံမှားသံသယလည်း ကင်းပါ၏၊ အကျွန်ုပ်သည် လူအများတို့ အပူဇော်ကို ခံယူလျက် များပြားလှစွာသော မြူးထူးမွေ့လျော်ခြင်းကို ခံစားရပါ၏။

၁၄၇။ ဤနည်းဖြင့် အကျွန်ုပ်သည် အမြိုက်နိဗ္ဗာန်ကို သိမြင်ရသူ နတ်သမီး ဖြစ်ပါ၏၊ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရား၏ တပည့်မ ဖြစ်ခဲ့ပါ၏၊ (သစ္စာလေးပါး) တရားတို့ကို မြင်ခြင်းရှိပါ၏၊ သောတာပတ္တိဖိုလ်၌ တည်သူ သောတာပန်လည်း ဖြစ်ပါ၏၊ အကျွန်ုပ်အား မကောင်းသော လားရာဂတိ မရှိတော့ပါ။

၁၄၈။ ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ရှိခိုးခြင်းငှါ၁၄ ကြည်ညိုဖွယ် ဆောင်ကုန်သော အပြစ်မရှိသော (နိဗ္ဗာန်) တရား၌ မွေ့လျော်ကုန်သော ရဟန်းတို့ကိုလည်း ရှိခိုးခြင်းငှါ ဘေးမရှိမူ၍ မကောင်းမူကို ငြိမ်းစေပြီးသော မြတ်စွာဘုရားနှင့် မြတ်စွာဘုရားတပည့်တို့၏ အစည်းအဝေးသို့ ချဉ်းကပ်ခဲ့ပါ၏၊ ဘုန်းကျက်သရေ ရှိတော်မူသော တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရား၌ ရိုသေလေးမြတ်ခြင်း ရှိခဲ့ပါ၏။

၁၄၉။ အကျွန်ုပ်သည် ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော ဆုံးမထိုက်သူတို့ကို ဆုံးမတော်မူတတ်သည့် ယောက်ျားမြတ်လည်း ဖြစ်တော်မူသော တဏှာကို ဖြတ်တော်မူပြီးသော အပြစ်မရှိသော (နိဗ္ဗာန်) တရား၌မွေ့လျော်တော်မူသော နတ်လူတို့၏ ရှေ့သွားဖြစ်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၍ ၀မ်းမြောက်သော စိတ်ရှိလျက် နှစ်သက်ခဲ့ရပါ၏၊ အကျွန်ုပ်သည် မြတ်သော အစီးအပွါးဖြင့် (သတ္တ၀ါအားလုံးတို့ကို) သနားစောင့်ရှောက်တော်မူသော မြတ်စွာဘုရားကို ရှိခိုးပါ၏။

တဆယ့်ခြောက်ခုမြောက်သော သိရိမာဝိမာန၀တ္ထု ပြီး၏။

No comments:

Post a Comment