ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 15 July 2011

၅ - ဂုတ္တိလ၀ိမာန(၁-၀တ္ထုတ္တမဒါယိကာဝိမာန၀တ္ထု)

၃၂၇။ ကောသိယအနွယ်ဖြစ်သော သိကြားမင်း ညို့ခုနှစ်ချောင်းရှိသော အလွန်သာယာသော အသံရှိသော နှလုံးမွေ့လျော်ဖွယ်ရှိသော စောင်းအတတ်ကို (မုသိလအား) သင်ကြားပေးခဲ့၏၊ ထိုမုသိလသည် အကျွန်ုပ်ကို မင်းယင်ပြင်၌ (လာခဲ့ အတတ်ကို ပြလှည့်ဟု) ခေါ် နေပါ၏၊ (သိကြားမင်းသည်) အကျွန်ုပ်၏ ကိုးကွယ်ရာဖြစ်ပါလော့။

၃၂၈။ ဆရာဂုတ္တိလ ငါသည် သင်၏ ကိုးကွယ်ရာဖြစ်အံ့၊ ငါသည် ဆရာသမားတို့အား ပူဇော်တတ်သောသူတည်း၊ သင့်ကို တပည့်(မုသိလ) သည် အနိုင်မရလတ္တံ့၊ သင်သည်သာလျှင် တပည့်ကို နိုင်ရလတ္တံ့။

၃၂၉။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၃၃၀။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင် အဆင်းဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်လာရကုန်သနည်း။

၃၃၁။ အာနုကြီးသော နတ်သမီး သင့်ကို ငါမေးပါ၏၊ လူဖြစ်ခဲ့စဉ်က သင်သည် အဘယ် ကုသိုလ်ထူးကို ပြုခဲ့ဘူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်း။

၃၃၂။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ(မျက်မှောက်ဖြစ်သော)အကျိုး၏အကြောင်းကံ ပြဿနာကို မေးအပ်သည်အားလျော်စွာ ဖြေကြားလျှောက်ထား ၏။

၃၃၃။ ကောင်းမြတ်သော အ၀တ်ကို ပေးလှူတတ်သော မိန်းမသည် ယောက်ျားတို့တွင်၎င်း မိန်းမတို့တွင်၎င်း မြတ်၏၊ ဤနည်းအတိုင်းပင် ချစ်မြတ်နိုးဖွယ် ၀တ္ထုကို ပေးလှူတတ်သော ထိုမိန်းမသည် နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက်ဖွယ်ကို ရ၏။

၃၃၄။ ထိုအကျွန်ုပ်၏ ဗိမာန်ကို ရူတော်မူပါလော့၊ အကျွန်ုပ်သည် အလိုရှိအပ်သော အဆင်းနှင့် ပြည့်စုံသောနတ်သမီး ဖြစ်ပါ၏၊ အကျွန်ုပ်သည် အခြံအရံ နတ်သမီးတထောင် ထက်မြတ်ပါ၏၊ ကောင်းမူတို့၏ အကျိုးကို ရူတော်မူပါလော့။

၃၃၅။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ကံထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ် အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။

၃၃၆။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဉ်က အကြင် အ၀တ်ပုဆိုး ပေးလှူသော ကောင်းမူကို ပြုခဲ့ပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် ဤသို့ တောက်ပထွန်းလင်းသော အာနုဘော်ရှိပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ (ဟု ဖြေကြား၏)။

(အခြားမဲ့ဖြစ်သော စတုရ၀ိမာန၀တ္ထုလေးခုကို ၀တ္ထုဒါယိကာဝတ္ထုကို အကျယ်ပြသကဲ့သို့ ထို့အတူ အကျယ်ပြအပ်၏)။


No comments:

Post a Comment