ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 7 July 2011

ဒါနနဲ့ သီလ ပေါင်းရင်

မွန်မြတ်တဲ့ ကောင်းမူဒါနရယ်၊ မှန်ကန်တဲ့အကျင့်သီလရယ် နှစ်မျိုးပေါင်းမိရင် နေနဲ့လ၊ ရွှေနဲ့မြလို တင့်တယ် ချမ်းသာပါတယ်။

အရမ်းကာရော ပေးကမ်းစွန့်ကြဲခြင်းဟာ မှန်ကန်တဲ့ ဒါနမဟုတ်ဘူး။ ဒါနလှူဒါန်းခြင်းက လှူသင့်လှူထိုက်သူကို လှူတာကောင်းတယ်။ လိုသူကို ပေးတာ မှန်တယ်။ အပေးအလှူမှားရင် နှစ်ဦးစလုံးတောင် အကျိုးယုတ်တယ်။ အပေးအလှူ မှန်မှသာ နှစ်ဦးနှစ်ဘက်အကျိုးရှိတာပါ။

ဘယ်အရာဟာ လူရဲ့ အနှစ်သာရ ဖြစ်ပါသနည်းလို့ မေးရင် ဒါန၊ သီလ၊ ဘာဝနာသာ လူရဲ့ အနှစ်သာရရယ်လို့ ဖြေရမှာပဲ။

မယုံကြည်သင့်သူကို မယုံကြည်ရသလို မလှူသင့်သူကိုတော့ မလှူရဘူး။ ပေးသင့်လှူသင့်သူကို လှူကိုလှူကြရမှာ ဖြစ်တယ်။

ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ နည်းလမ်းမှန်ကန်စွာနဲ့ တကယ်လက်တွေ့ လှူဒါန်းလုပ်ဆောင်နေရခြင်း အတွက် နောင်အကျိုးခံစားရမှာပဲလို့ မျှော်မှန်းပြီး ရမယ့်အကျိုးကို စိတ်ကူးမှန်းထားတာ မမှန်ကန်ပါဘူး။ ပစ္စုပ္ပန်မျက်မှောက်မှာပဲဝမ်းမြောက်ပြီးစိတ်ပြတ်သားစွာလှူပါ။ နောင်ဖြစ်လာမှာက ဖြစ်ချင်ချိန် ဖြစ်ချင်ရာ ဖြစ်လာ လိမ့်မမပေါ့။ ဒါနဲ့ သီလဟာ အကျိုးခံစားရတယ်ဆိုတာ သဘောပေါက်တော့ ပေါက်ထားရမယ်လေ။

ဒါနနဲ့ သီလပေါင်းတဲ့အတွက် ဖြစ်လာတဲ့ ဇာတ်တော်တစ်ပုဒ် လေ့လာရအောင်။

ဇာတ်တော်က သင်္ခဇာတ်တော်ပါ။

မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေစဉ် သာဝတ္ထိပြည်က ဒါယကာတစ်ဦးဟာ အလှူကြီးပေးပါတယ်။

မြတ်စွာဘုရားနဲ့အတူ သံဃာတော်တွေကိုလည်း လှူဒါန်းပါတယ်။ ခုနှစ်ရက်မြောက်နေ့မှာ လှူဖွယ်တွေက ပိုထူးခြားတယ်။ ခုနှစ်ရက်မြောက်နေ့ ဆွမ်းဘုဉ်းပေးချိန်ပြီးတော့ လှူတာက သင်္ကန်း၊ သပိတ်၊ ထီး၊ ဖိနပ်၊ ပရိက္ခရာတွေ အစုံ ပေးလှူတယ်လေ။ အဲသည်မှာ အထူးခြားဆုံးက ဖိနပ်ပါပဲ။ ဖိနပ်ကို အဓိကထားပြီး လှူတယ်။

ဖိနပ်တစ်ရံကို တန်ဖိုးက အသပြာတစ်ရာအဆင့်တောင် ရှိတယ်။ မြတ်စွာဘုရားနဲ့ သံဃာတော်တွဟာ အလှူကိုလက်ခံပြီးတဲ့နောက် အနုမောဒနာပြုရာမှာ -

မြတ်စွာဘုရားက ဟောတယ်။ “၀မ်းမြောက်လော့ ဒါယကာ။ သင်ဝမ်းမြောက် ၀မ်းသာဖြစ်ပါတော့။ ဟိုစဉ် ဘုရားမပွင့်မီကာလက ဖိနပ်တစ်ရံကို ပေးလှူဖူးခဲ့တဲ့ ဒါနကောင်းမူကြောင့် အပြောကျယ်တဲ့ သမုဒ္ဒရာအလယ်မှာ သင်္ဘောပျက်ပြီး စုံးစုံးမြုပ်ခဲ့တာတောင် အသက်မသေဘဲနဲ့ ထောက်တည်ရာ ရဖူးတယ်” ဆိုပြီး အဲသည် သင်္ခဇာတ်ကို ဟောတော်မူခဲ့တယ်။

ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း စိုးစံအုပ်ချုပ် မင်းလုပ်စဉ် အခါမှာ ချမ်းသာတဲ့ သင်္ခပုဏ္ဏားတစ်ယောက် ရှိတယ်။ ချမ်းသာတာနဲ့အမျှ သဒ္ဓါတရားကလည်း ရှိပြန်တယ်။ အလှူအတန်းရက်ရောပြီး နေ့စဉ်လှူနေတယ်။ တစ်နေ့လှူတဲ့တန်ဖိုးက ခြောက်သိန်းလှူဒါန်းတယ်။ တစ်နေ့တော့ သင်္ခပုဏ္ဏားဟာ ကုန်သွယ်ဖို့ သုဝဏ္ဏဘူမိကို သွားစရာအကြောင်း ပေါ်လာခဲ့တယ်။

သူက သုဝဏ္ဏဘူမိသွားပေမယ့် အိမ်မှာ အလှူမပျက်အောင် နေ့စဉ်လှူဖို့ မှာခဲ့ပြန်တယ်။ မှာကြားပြောဆိုခဲ့ပြီး နေမွန်းတည့်မှာ သင်္ဘောဆိပ်ကို ဆင်းခဲ့တယ်လေ။ နေက ချစ်ချစ်တောက်ပူနေတဲ့အချိန် အပူဒဏ်ကို ထီးနဲ့ဖိနပ်ပါတော့ ခံနိုင်တာပေါ့။

အဲသည်အချိန်မှာ ဂန္ဓမာဒနတောင်က ပစ္စေကဗုဒ္ဓါတစ်ပါးက သင်္ခပုဏ္ဏားရဲ့ မကြာခင်ဖြစ်မယ့် အဖြစ်အပျက်ကို မြင်တယ်။

အို - သင်္ခပုဏ္ဏားဟာ ကုန်ကူးသွားရာမှာ သင်္ဘော ပျက်မှာပါလား။ ယခု ငါကြွ၍သွားလျှင် သူက ထီးနဲ့ဖိနပ် လှူလိမ့်မယ်။ အဲသည်အလှူဒါနကြောင့် သင်္ဘောနစ်ရာမှာ ထောက်တည်အားကိုးရာ ရမှာပဲ” လို့ ဆင်ခြင်ပြီး -

နေအလွန်ပူတဲ့ သင်္ဘောဆိပ်ကို ဂန္ဓမာဒနတောင်က ပစ္စေကဗုဒ္ဓါဟာ ထီးနဲ့ဖိနပ် မပါဘဲ ကြွသွားတယ်။

နေပူထဲက ပစ္စေကဗုဒ္ဓါကိုမြင်တော့ သင်္ခပုဏ္ဏားဟာ ထီးနဲ့ဖိနပ် လှူဒါန်းချင်တဲ့စိတ် ထက်သန်လာခဲ့တယ်။ ချက်ချင်းပဲ လှူလိုက်မိပြီး လှူပြီးတဲ့ အလှူကိုလည်း ၀မ်းမြောက် ကြည်နူးနေတော့တာပေါ့။

အဲသည်နောက် သင်္ဘောနဲ့ သုဝဏ္ဏဘူမိကို ထွက်လာလိုက်တာ သမုဒ္ဒရာအလယ်လည်းရောက်ရော သင်္ဘောဟာ ပျက်တော့တာပဲ။ သင်္ခပုဏ္ဏားဟာ သင်္ဘောအလယ်က လင်းယဉ်တိုင်ထိပ်ကို တက်တယ်။ တပည့်အလုပ်အကျွေးတစ်ယောက်လည်း ပါတယ်။ ပြီးတော့ အဲသည်တိုင်ကနေ ငါး၊ လိပ်နဲ့ ရန်မူနိုင်တဲ့ သတ္တ၀ါတွေ လွတ်အောင် တအားခုန်ကူးရတာပေါ့။ ရန်လွတ်တော့ အဖော်တပည့်နဲ့ အတူနေရရော ညပါ ရေကူးနေရတယ်။

သမုဒ္ဒရာထဲမှာ ခုနှစ်ရက်မြောက်လာပြီ။ ခုနှစ်ရက်မြောက်နေ့ဟာ ဥပုသ်နေ့မှန်း သင်္ခပုဏ္ဏား သိတယ်။ ပါးစပ်ကို ဆားငန်ရေနဲ့ ပလုတ်ကျင်းပြီး ဥပုသ်သီလ ဆောက်တည်တော့တယ်။

သမုဒဒရာစောင့်တဲ့ မဏိမေခလာဟာ သင်္ခပုဏ္ဏားဥပုသ်သီလဆောက်တည်ပြီး ရေကူးခတ်တဲ့နေ့မှာ သမုဒ္ဒရာထဲကြည့်မိတော့တယ်။

အို - အကျင့်သီလနဲ့ ပြည့်စုံသူတစ်ဦးပါလားလို့ တအံ့တသြဖြစ်ပြီး ကယ်မဖို့ ပြင်ရတော့တယ်။

အဲသည် သမုဒ္ဒရာထဲမှာ သီလပြည့်စုံသူကို ကယ်တင်ဖို့ လောကပါလ နတ်မင်းတွေက မဏိမေခလာကို ပေးထားတဲ့တာဝန်ပါပဲ။

မဏိမေခလာဟာ နတ်ဘောဇဉ်တွေကို သယ်မလို့ ပင်လယ်ထဲ ဆင်းတော့တယ်။ ဥပုသ်စောင့် ရေကူးနေတဲ့ ပုဏ္ဏားသင်္ခရဲ့ မျက်နှာချင်းဆိုင်မှာ ရပ်လိုက်တယ်။ ပါလာတဲ့ အစာ၊ အာဟာရတွေစားဖို့ ကျွေးတယ်။

“အို - နတ်သမီး။ ကျွန်ုပ် ယနေ့ဥပုသ်သီလ စောင့်ထိန်းပါတယ်။ မစားပါရစေနဲ့” လို့ ဆိုငြင်းလိုက်တယ်။

သင်္ခပုဏ္ဏားက ရေကူးရင်း နတ်သမီးကို မြင်လို့၊ နတ်သမီး ကျွေးတာကို မစားချင်လို့ ပြောတာ ဖြစ်တယ်။

အဖော်တပည့် အထင်ကတော့ သူ့ဆရာသခင် ပုဏ္ဏားဟာ ခုနှစ်ရက်အာဟာရပြန်လို့ ကယောင်ကတမ်းဖြစ်ပြီလို့ ထင်လိုက်တယ်။

သင်္ခပုဏ္ဏားက ရှင်းပြတော့မှ နတ်သမီးနဲ့ စကားပြောနေကြောင်း သိရတော့တယ်။

“သင်၌ ကောင်းမူ ရှိတယ်။ သီလ ရှိတယ်။ သင် လိုသမျှတောင်းပါလေ” မဏိမေခလာက ပြောတယ်။

“အို - နတ်သမီး။ ပင်လယ်တွင်း၌ ခုနှစ်ရက်တိုင်တိုင် ဘေးဒုက္ခ မတွေ့ခြင်းသည် အဘယ်ကုသိုလ် အကျိုးနည်း။ ငါသည် အမြဲတမ်း ပစ္စည်းမျိုးစုံ လှူခဲ့၍လော”

“သင် ဤသို့အားကိုး မပေါ်သေးသော်လည်း ထောက်တည်ရာရခြင်းမှာ ပစ္စေကဗုဒ္ဓါကို ထီးနှင့် ဖိနပ် လှူခဲ့တဲ့ အကျိုးပါ။ သင့်ရဲ့ကောင်းမူအတွက် သင်လိုရာ ဆုကို တောင်းနိုင်ပါတယ် တောင်းပါလော့” လို့ ဆိုတယ်။

“ကျွန်ုပ်ကို ဟေဠိနိပြည်သာ ပို့ပါ နတ်သမီး”

မဏိမေခလာက ရင်မှာ ပွေ့ပိုက်ပြီး သူ့တန်ခိုးနဲ့ ဖန်ဆင်းထားတဲ့ ရွှေ၊ ငွေ၊ ရတနာ အပြည့်ပါတဲ့ လှေသင်္ဘောကြီး တစ်စင်းပေါ်ကို တင်လိုက်တယ်။

အလုပ်အကျွေး အဖော်ကိုတော့ နတ်သမီးက တင်မပေးပါ။

အဲသည်တော့ သင်္ခပုဏ္ဏားဟာ -

“ကျွန်ုပ်ရဲ့ ကုသိုလ်ကောင်းမူကို သူ့အား အမျှပေးဝေပါတယ်” ဆိုမှ မေခလာက ကယ်တယ်။

ဇာတ်တော်ကို ပေါင်းတော့ -


မဏိမေခလာ နတ်သမီးသည် ဥပ္ပလ၀ဏ်ဖြစ်ပြီး သင်္ခပုဏ္ဏားဟာ ငါဘုရားဖြစ်၏လို့ ဆိုခဲ့တယ်။

လောကမှာ ဒါနရော သီလပါ အားကောင်းတဲ့သူတွေနဲ့ မတွေ့တွေ့အောင်ရှာပြီး ပေါင်းရမယ်။ ကိုယ့်မှာ ဒါနတွေ၊ သီလတွေ သိပ်မရှိတောင်မှ သူက အမျှပေးဝေရင် ဒါမှမဟုတ် မျှဝေပေးရင် ကိုယ့်ရဲ့ဘေးဒုက္ခတွေ သက်သာပါတယ်။

ကံကို မိမိဘာသာ မိမိ စီမံဖန်တီးနိုင်ရင် ဒါနနဲ့ သီလရှိသူက စီမံဖန်တီးပေးလိမ့်မယ်။

လောကမှာ အဖိုးတန်တဲ့လူတွေနဲ့ ပေါင်းရင် အဖိုးတန်တာပဲ။ တန်ဖိုးမဲ့တွေနဲ့ ရောရင် ဒုက္ခသုက္ခ သိပ်များတတ်ပါတယ်။ မိတ်ဆွေကောင်း၊ အမှီကောင်းတွေ မရရင် ဘယ်လောက် ကြိုးစား ကြိုးစား၊ ကြီးပွားသင့်သလောက်၊ မကြီးပွားနိုင်သလို ဒါန၊ သီလ၊ ဘာဝနာ အားကောင်းတဲ့ လူတွေနဲ့ မပေါင်းမိပြန်ရင်လည်း ကိုယ့်မှာ ကုသိုလ်နည်းတတ်တယ်။

ဘာဝနာက အဆင့်မြင့်လို့ ထားပါဦး။ လောကကြီးမှာ ဒါနနဲ့ သီလ ပေါင်းမိရင်ပဲ အတော်ကျေနပ်အားရစရာ ကောင်းမှာ ဖြစ်ပါတော့တယ်။


(သုတေသီဘုန်းမြင့်သွေး)

No comments:

Post a Comment