ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 1 July 2011

ဘ၀တစ်ပါးကိုလိုက်တဲ့ မိတ်ဆွေ

သေမင်းသည်
သင်၏တံခါးကို ခေါက်သော
ထိုနေ့၌
သူ့အား ပဇာကို ပေးအံ့နည်း။

အို - ငါသည်
ငါ၏ဧည့်သည်ကို လက်ချည်း
ပြန်စေမည် မဟုတ်။

ငါ၏ နောက်ဆုံးနေ့၌
ဧည့်သည် သေမင်းသည်
ငါ၏တံခါးကို ခေါက်သောအခါ၌
ငါတစ်သက်တာပတ်လုံး
စောင့်စည်းခဲ့သည့် (သီလ)
ပြုခဲ့သမျှသော (ကောင်းမူကုသိုလ်)
ဆည်းပူးအပ်သော (ဘာဝနာ)
ရှာဖွေပြုစုခဲ့သည့်
မွန်မြတ်သော စာပေရတနာတို့ကို
သူ့ရှေ့တွင်ထားအံ့။
(တဂိုး)


ဘ၀တစ်ပါးကိုလိုက်တဲ့ မိတ်ဆွေတွေက ဘယ်သူတွေလဲ။ ဘယ်သူတွေက လိုက်သလဲစဉ်းစားရင် ချစ်ဇနီးလည်း မလိုက်ဘူး။ ချစ်သားလည်း မလိုက်ဘူး။ လိုက်တာက ဖော်ပြထားတဲ့ တဂိုးကဗျာထဲကလိုပဲ။ သီလရယ်၊ ကောင်းမူ ကုသိုလ်ရယ်၊ ဘ၀နာရယ်က လိုက်တာပဲ။

ကြံကြံဖန်ဖန် စဉ်းစားပြောတာတော့ မဟုတ်ဘူး။ လူတစ်ယောက်မှာ သေတော့ ဘာပါသွားသလဲ။ ရှာထားတာတွေ၊ အဖိုးတန်တွေ ပါသွားရဲ့လား။ ကျန်တဲ့လူတွေက သူ့ပစ္စည်းတွေဆိုပြီး ခေါင်းထဲလည်း မထည့်ဘူး၊ ရောပြီးတော့လဲ မီးမသင်္ဂြိုလ်ပါဘူး။

အချို့ဆို အလောင်း မြေမကျခင်မျာတောင် ကျန်ရစ်သူက လုကုန်ကြပြီ။ အလောင်းပြင်ပြီး အမွေပြဿနာစကား များကုန်ပြီ။ ဦးရာလူက လစ်ကြာတွေလည်း ရှိတယ်။

သေတဲ့လူအဖို့ကတော့ ကောင်းပါတယ်။ ဘာမှ မသိရတော့ဘူး။ ခေါင်းထဲမှာ ပက်လက်ကလေး ငြိမ်ငြိမ်နေရတာပဲ။ အ၀တ်အစားတစ်စုံ ၀တ်ပေးပြီး ပိုက်ဆံလေးတစ်မတ် ပါးစပ်ထဲကို ရှေးရိုးအစဉ်အလာအတိုင်း ထည့်ပေးလိုက်တယ်။ ဘာကိစ္စတွေ ဘယ်လိုပဲ ဈေးတက်တက် သယ်ပို့စရိတ်၊ ကူးတိုးခ တစ်မတ်နူန်းထားကတော့ မတက်ပါဘူး။ ဟိုတုန်းကလည်း တစ်မတ်။ ခုလည်းပဲ တစ်မတ်ပါပဲ။

အုတ်ဂူထဲကို ကိုယ်နဲ့အတူ ဒါလောက်ကလွဲလို့ ဘာမှ အပိုမပါသွားဘူး။ မီးသင်္ဂြိုလ်စက်ထဲကိုလည်း အဲသည်လောက်ပဲ လိုက်ခွင့်ရပါတယ်။

သည်လို ဘာဖြစ်လို့ ရေးပြနေရသလဲဆိုတော့ သေတဲ့အခါ ဘာမှမပါဘူးဆိုတာ မြင်စေချင်လို့ပါ။

လောကမှာ မြဲတဲ့တရားက သေခြင်းတရားပဲ။ သေခြင်း တရားက မြဲတယ်။ အသက်က မမြဲပါဘူး။

ဘယ်သူမှ မသေဘဲနေလို့ မရဘူး။ သေရမှာပဲ။ ဘယ်အချိန် သေမယ်၊ ဘယ်နေရာမှာ သေမယ်၊ ဘယ်လို သေမယ်၊ သေပြီး ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ ကြိုပြောလို့ မရဘူး။ အားလုံးဟာ နေခြင်းပြီးရင် သေခြင်းပဲ။ နေရေးပြီးရင် သေရေးပဲ။

အမတ်ကြီး ဦးပေါ်ဦးဟာ သူသေသွားတဲ့အခါ အခေါင်း အပြင်ဘက်ကို လက်တစ်ဘက် ထုတ်ပြီးထားဖို့ မှာကြားခဲ့တယ်။ အမတ်ကြီးဟာ သေသွားတဲ့အခါမှာ မည်သည့်ဥစ္စာ တစိုးတစိမှ ပါမသွားတဲ့အပြင် တမလွန်ဘ၀မျိုးမှာ ရိက္ခာအတွက်လည်း ဘာမျှမပါကြောင်း ဗလာသက်သက် လက်ချည်းပဲ ဖြစ်ကြောင်း သံဝေဂဉာဏ် ရစေအောင် ပြထားခဲ့တဲ့ သဘောပါ။

သေခြင်းတရားဆိုတာ လူတွေကို နေရာတကာကနေ ကြိုနေတာပဲ။ တံခါးဖွင့်ထားတာပဲ။

လူဆိုးလူယုတ်တွေလည်း သေတာပဲ။ လူကောင်း၊ လူတော်တွေလည်း သေကြရတာပဲ။

ထူးခြားတာကတော့ လူတော်လူကောင်းတွေရဲ့ အမည်ကို သေခြင်းတရားက မသတ်နိုင်ပါဘူုး။ လူသေသော်လည်း နာမည် မသေပါဘူး။ နာမည်ကောင်းဟာ ရွှေထက် အဖိုးတန်ပါတယ်။

အဲ့ဒါကြောင့် အသက်ရှင်ဖို့၊ စားစရာရှာရာမှာ ရိုးသားဖြောင့်မတ်စွာ ရှာစားရမယ်။ အချို့လူတွေက သဘောပေါက်တစ်မျိုး ဖြစ်နေကြပါတယ်။

ဘယ်လိုလဲဆိုတော့ စားရန်အတွက် အသက်ရှင်နေတယ်လို့ ထင်တယ်။ အမှန်မှာ အသက်ရှင်ရန်အတွက် စားနေတာပါ။

အူမ မတောင့်ရင် သီလ မစောင့်နိုင်ဘူး ဆိုသလို သီလ မစောင့်ရင်လည်း အူမ မတောင့်ပါဘူး။

အကျင့်သီလကောင်းမှ ချုပ်ထိန်းမူတွေ အားကောင်းလွန်းမှ လူမူဘ၀ဒုက္ခတွေ နည်းနည်းသက်သာခွင့်ရတာ။

သီလမရှိဘဲ သမာဓိ မရှိနိုင်ဘူး။

သမာဓိ မရှိဘဲ ပညာမှန်ကို ဆုပ်ဆုပ်ကိုင်ကိုင် ပေါက်ပေါက် ရောက်ရောက် မရနိုင်ပါဘူး။

တစ်ဖန် ပညာမရှိဘဲ သီလ၏တန်ဖိုးကို မသိနိုင်၊ မကျင့်ကြံနိုင်။

တစ်ဖန် သမာဓိ မရှိဘဲ ပညာမရနိုင်။

အဲသည်လို သီလ, သမာဓိ, ပညာဟာ လက်ချင်းဆက်ထားတဲ့ စက်ဝိုင်းသဖွယ် တစ်ခုနှင့်တစ်ခု ဆက်စပ်အကျိုးပြုလျက် ရှိပါတယ်။

ထို့ကြောင့် တစ်ခုတည်း၊ တစ်မျိုးတည်း သို့မဟုတ် နှစ်ခု နှစ်မျိုးတည်းကိုသာ လက်ခံယုံကြည်နေ၍ မဖြစ်နိုင်ဘူး။

သီလလည်း တည်ဆောက်၊ သမာဓိလည်း ရအောင်ယူ။ ပညာကိုလည်း နီးစပ်ရာကို ရှာနိုင်သမျှ ရှာကြရမှာ ဖြစ်တယ်။

အဲသည်ထဲက သီလနဲ့ ကုသိုလ် ကောင်းမူာ တမလွန်ထိလိုက်မယ့် မိတ်ဆွေကောင်းတွေပါပဲ။

ကျုံမငေး (မောင်ဝင့်သူ)ရဲ့ “သူ သို့မဟုတ် ငါ” ဆိုတဲ့ ကဗျာကလေးကို ဖတ်ကြည့်ကြရအောင်။ ဘယ်မဂ္ဂဇင်းမှာ ပါခဲ့တာ ဆိုတာတော့ မမှတ်မိတော့ဘူး။

လူသားတွေဟာ ဘ၀မျက်ကန်းပါ။ သူ သို့မဟုတ် ငါဆိုတဲ့ ကဗျာထဲကလို နတ္ထိ အတ္တ ရှာမရကြပါဘူး။

ငါ့၌မရှိ
ရှိကား ရှိ၏၊ သူမသိ
ငါမြင်တွေ့၏၊ ငါသိ၏။

သူ၌မရှိ
ငါ၌ရှိ
ရှိကားရှိ၏၊ ငါမသိ
သူမြင်တွေ့၏၊ သူသိ၏။

ငါမြင်ပါသည်
ငါသိသည်
သူသည်အတ္တ၊ ကြီးလွန်းစွဟု။

သူမြင်ပါသည်
သူသိသည်
ငါသည်အတ္တ၊ ကြီးလွန်းစွဟု။

သြော် - အတ္တကြီးမား
သူပင်လားလေ၊ ငါလားလေဟု
အဖြေထုတ်ကြည့်၊ ဆင်ခြင်ကြည့်မှ
နတ္ထိအတ္တ၊ ရှာမရပြီ
ဘ၀မျက်ကန်း၊ ဖြစ်ကြမှန်းကို
စူးစမ်းသိရှိ ပါတော့၏။


အမှန်တကယ်တော့ မြန်မာစကားပုံထဲကလို “ချမ်းသာလိုတော့ သီလ၊ နိဗ္ဗာန်လိုတော့ အနတ္တပါ”

ငါမဟုတ်တာတွေ ငါလုပ်နေတဲ့သဘောကို တမလွန် ဘ၀ကူးကြရမှ ထင်ထင်ရှားရှား သိရပါတယ်။

မသေချင်လို့လဲ မရဘူး။ သေကြရတာပဲ။ ဘယ်မှာလဲ အတ္တ၊ အဲသည်တော့မှ နတ္ထိ အတ္တ ရှာမရတော့ဘူးလေ။

ဆရာတော် အရှင်ဇနကာဘိဝံသာ သည်လို ဆိုမိန့်ပါတယ်။

“သီလက ဒီဘ၀၊ နောက်ဘ၀ ကာလမရွေး စိတ်ချမ်းသာ ကိုယ်ချမ်းသာကို ပေးနိုင်တယ်။ မေတ္တာ၊ ကရုဏာ၊ သစ္စာ၊ ခန္တီတို့လဲ ကောင်းကျိုးကို ပေးနိုင်တယ်။ အရာရာကို သတိထားပါ”

ဘ၀တစ်ပါးကို လိုက်နိုင်တဲ့မိတ်ဆွေဟာ သီလဖြစ်ကြောင်း ရှင်းနေပါတယ်။

ပစ္စည်းဥစ္စာဆိုတာ ခဏပိုင်တာဖြစ်တယ်။ အချိန်ကျတော့ အားလုံးထားပစ်ပြီး တစ်ကိုယ်တည်း သွားရမှာပဲ။ အချစ်ဆုံးဆိုတဲ့ ခန္ဓာကိုယ်တောင် ထားပစ်ခဲ့ရတာပဲ။ ရှေးဘ၀ပြုသမျှ အကောင်းအဆိုးကံကိုသာ ယူသွားရမှာ မဟုတ်လား။

မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသရဲ့ အဆုံးအမတော်များထဲက “ကိုယ်ဖြစ်ချင်တာ ဖြစ်စေနိုင်သော တရား” ဆိုတဲ့ တရားစာပိုဒ်က ရှင်းရှင်းလေးနဲ့ တစ်သက်လုံး မှတ်သားလိုက်နာသင့်ပါတယ်။

“သစ္စာသည် မုသားနဲ့ ပြောင်းပြန်ဖြစ်တယ်။ ယခုခေတ် သစ္စာ အလွန်နည်းကြတယ်။ မုသားဟာ ငါးပါးသီလက ကိုယ်ကျင့်တရားမှာတောင် အမြဲရှောင်ဖို့ ပါနေပါတယ်။ သီလရှိသူသာ ကိုယ်ဖြစ်ချင်တဲ့ အကျိုးကို ရနိုင်တယ်။ သီလ မရှိရင် ငရဲ, တိရစ္ဆာန်, ပြိတ္တာ, တစ်ခုခုနဲ့ လူနုံ လူမွဲ လူဆင်းရဲသာ ဖြစ်ရမယ်”

“မွေးနေ့မှာ ဒါနပြုတာဟာ ကောင်းပါတယ်။ လှူတာနဲ့ အတူ သီလ ရှိနေရင် အဲသည်မွေးနေ့ဟာ ပိုပြိး အဓိပ္ပာယ် ပြည့်ဝမှာပေါ့။ ယခုလူတွေ အကျင့်စာရိတ္တ ပျက်ပြားနေကြတာဟာ သီလပျက်နေခြင်းပါပဲ” လို့ ဆိုမိန့်သြ၀ါဒ ပေးခဲ့ပါတယ်။

သီလပျက်နေကြလို့ လူအများ ယခုဘ၀မှာတောင် ဒုက္ခများနေကြတယ် မဟုတ်လား။ နောင်ဘ၀ဆိုတာကိုတော့ မတွေးပါနဲ့တော့။

ယခုဘ၀ ဆင်းရဲဒုက္ခများနေသလို၊ သီလ မထားနိုင်ရင် နောင်ဘ၀ လူဆင်းရဲဘ၀ဖြစ်ပြီး သာလို့ ဒုက္ခရောက်မှာပေါ့။

သီလစောင့်ထိန်းနိုင်သမျှ စောင့်ထိန်းမှ ဆင်းရဲဒုက္ခ သက်သာမှာ။

သီလရှိမှ ဒါနအကျိုးပေး ကောင်းပါတယ်။

ဓမ္မပဒ၏ (၂၈၈) မှာ -

သေမင်း အနှိပ်စက်ခံရသောသူမှာ -

မသေအောင် ကာကွယ်စောင့်ရှောက်ရန်၊ သားသမီး လည်းမရှိ၊ အမိအဘလည်း မရှိ၊ ဆွေမျိုးတို့တွင်လည်း အကာအကွယ် အစောင့်အရှောက်မရှိ။

ပညာရှိသည် ဤအကြောင်းကို သိ၍(သီလ) ကို ကောင်းစွာ စောင့်ရှောက်လျက် နိဗ္ဗာန်ရောက်ကြောင်း ဖြစ်သော လမ်းကို လျင်မြန်စွာ သုတ်သင်ရာ၏။

(သုတေသီဘုန်းမြင့်သွေး)

No comments:

Post a Comment