၁၂၄။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည် အလွန် နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။
၁၂၅။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုး ချမ်းသာ) ပြည့်စုံရသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ကုန်သနည်း။
၁၂၆။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါမေးပါ၏၊ လူဖြစ်ခဲ့စဉ်က သင်သည် အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဘူးသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း။
၁၂၇။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက် ၀မ်းသာ ဤ(မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြား လျှောက်ထား၏။
၁၂၈။ အကျွန်ုပ်သည် အိမ်၌နေသူ ဖြစ်ပါလျက်လည်း ငြူစူမူ (ဣဿာ) ၀န်တိုမူ (မစ္ဆရိယ) ဂုဏ်ပြိုင်မူ (ပဠာသ) မဖြစ်ခဲ့ပါ၊ အကျွန်ုပ်သည် အမျက်မထွက်ခဲ့ပါ၊ လင့်အလိုသို့ လိုက်၍ ကျင့်ခဲ့ပါ၏၊ ဥပုသ်စောင့်သုံးမူ၌ အမြဲမပြတ် မမေ့လျော့ခဲ့ပါ။
၁၂၉။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တဆယ့်လေးရက်မြောက်သော နေ့၌၎င်း တဆယ့်ငါးရက်မြောက်သော နေ့၌၎င်း ရှစ်ရက်မြောက်သော နေ့၌၎င်း ဥပုသ်နေ့တို့၏ အကြိုနေ့ အပိုနေ့၌၎င်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်နှင့် ပြည့်စုံခဲ့ပါ၏။
၁၃၀။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို ကောင်းစွာ စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ်နူတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထိုကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ် နေရပါ၏။
၁၃၁။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဉ်ခဲ့ပါ၏၊ မမှန်စကားပြောဆိုခြင်းမှ၎င်း မပေးသည်ကို ခိုးယူခြင်းမှ၎င်း လင်ကိုကျော်လွန်၍ ယောက်ျားတပါးနှင့် သွားလာလွန်ကျူး၍ ကျင့်ခြင်းမှ၎င်း သေရည်သေရက် သောက်ခြင်းမှ၎င်း ဝေးစွာ ရှောင်ကြဉ်ခဲ့ပါ၏။
၁၃၂။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏။ အရိယသစ္စာတို့၌ လိမ်မာခဲ့ပါ၏။ စက္ခုငါးပါးရှိတော်မူ၍ အကျော်အစော အခြံအရံ ရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့် ဥပါသိကာမ ဖြစ်ခဲ့ပါ၏။
၁၃၃။ အကျွန်ုပ်သည် မိမိသီလဖြင့်၎င်း အခြံအရံများခြင်းဖြင့်၎င်း ဂုဏ်သတင်းကျော်စောခြင်း ရှိခဲ့ပါ၏၊ မိမိကောင်းမူ (အကျိုး) ကိုလည်း သုံးဆောင် ခံစားရပါ၏၊ အနာရောဂါ မရှိမူ၍ ချမ်းသာခြင်းသို့ ရောက်သူလည်း ဖြစ်ပါ၏။
၁၃၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။
၁၃၅။ တန်ခိုးအာနုဘော် ကြီးတော်မူသော ရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏။ လူဖြစ်ခဲ့စဉ်က အကျွန်ုပ်သည် အကြင်ကုသိုလ်ထူးကို ပြုခဲ့ဘူးပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် ဤသို့ တောက်ပသော အာနုဘော် ရှိပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ (ဟု ဖြေကြား၏)။
၁၃၆။ အရှင်ဘုရား ဥတ္တရာအမည်ရှိသော ဥပါသိကာမသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခိုက်လိုက်ပါ၏ဟု အကျွန်ုပ်၏ စကားဖြင့်ပင် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခိုက်ပါလေလော၊ အရှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို သာမညဖိုလ်တခု၌တည်သူ ဟု မိန့်ကြားတော်မူခြင်းသည် အံ့ဖွယ်ရာ မဟုတ်တော့ပါ (ဟု လျှောက်ဆို၏)။
Saturday 9 July 2011
၁၅ - ဥတ္တရာဝိမာန၀တ္ထု
တဆယ့်ငါးခုမြောက်သော ဥတ္တရာဝိမာန၀တ္ထု ပြီုး၏။
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဇာတ်တော်ဝတ္ထုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment