ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 18 July 2011

၉ - ၀ိသာလက္ခိဝိမာန၀တ္ထု

၆၆၆။ တင့်တယ်ကျယ်ပြန့် မျက်လုံးခန့်သော နတ်သမီး နှလုံးမွေ့လျော် ပျော်ဖွယ်ရှိသော စိတ္တလတာဥယျာဉ်၌ နတ်သမီးအပေါင်းခြံရံလျက် ထက်ဝန်းကျင်မှ လှည့်လည်သွားလာနေသော သင်သည် အဘယ်အမည်ရှိပါသနည်း။

၆၆၇။ အကြင်အခါ တာဝတိံသာနတ်တို့သည် ဤဥယျာဉ်သို့ ၀င်ကုန်၏၊ ထိုအခါ ဤစိတ္တလတာဥယျာဉ်သို့ လာရောက်ခြင်းဟူသော အကြောင်းကြောင့် ဆ့င်ယာဉ်၊ မြင်းယာဉ်စသော ယာဉ်တို့နှင့် တကွသော ယာဉ်ရထားတို့နှင့် တကွသော တာဝတိံသာ နတ်အားလုံးတို့သည် ဆန်းကြယ်သော အခြင်းအရာ ရှိကုန်၏။

၆၆၈။ ဤအရပ်သို့ ရောက်လာ၍ ဥယျာဉ်၌ သွားလာလှည့်ပတ်သော သင်၏ ကိုယ်၌ မူကား ဆန်းကြယ်သော အခြင်းအရာ မထင်ခဲ့၊ နတ်သမီး အဘယ်ကုသိုလ်ကြောင့် သင်၏ ကိုယ်အဆင်းသည် ဤသို့ သဘောရှိသော စိတ္တလတာဥယျာဉ်၏ အရောင်ကို လွှမ်းမိုး၍ တည်ဘိသနည်း၊ ဤအကျိုးသည် အဘယ်ကုသိုလ်၏ အကျိုးနည်း၊ သင့်ကို ငါမေးပါ၏၊ ဖြေကြားပါလော့ (ဟု သိကြားမင်းက မေး၏)။

၆၆၉။ နတ်တို့အရှင် သိကြားမင်း အကြင်ကုသိုလ်ကံကြောင့် အကျွန်ုပ်၏ ကိုယ်အဆင်းသည်၎င်း၊ လားရာဂတိသည်၎င်း၊ နတ်တန်ခိုးသည်၎င်း၊ အာနုဘော်သည်၎င်း (ဤသို့သဘောရှိ၏)။ ထိုကုသိုလ်ကံ နားဆင်တော်မူပါလော့။

၆၇၀။ အကျွန်ုပ်သည် ရှေးဘ၀၌ နှလုံးမွေ့လျော်ဖွယ် ရှိသော ရာဇဂြိုလ်ပြည်တွင် သုနန္ဒာအမည်ရှိသော ဥပါသိကာမ ဖြစ်ခဲ့ပါ၏၊ ယုံကြည်မူ “သဒ္ဒါ” စောင့်ထိန်းမူ “သီလ” နှင့် ပြည့်စုံခဲ့ပါ၏၊ အခါခပ်သိမ်း ခွဲဝေပေးကမ်းမူ၌ မွေ့လျော်ခဲ့ပါ၏။

၆၇၁။ ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော ရဟန်းတို့၌ အထူးကြည်လင်သော စိတ်ဖြင့် အ၀တ်အရုံကို၎င်း၊ ဆွမ်းကို၎င်း၊ ကျောင်း အိပ်ရာ နေရာကို၎င်း၊ ဆီမီးတန်ဆောင်ကို၎င်း ပေးလှူခဲ့ဘူးပါ၏

၆၇၂။ အကျွန်ုပ်သည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တဆယ့်လေးရက်မြောက်သောနေ့၌၎င်း၊ တဆယ့်ငါးရက်မြောက်သော နေ့၌၎င်း၊ ရှစ်ရက်မြောက်သော နေ့၌၎င်း ဥပုသ်နေ့တို့၏ အကြိုနေ့ အပိုနေ့၌၎င်း အင်္ဂါရှစ်ပါးရှိသော ဥပုသ်နှင့် ပြည့်စုံခဲ့ပါ၏။

၆၇၃။ ဥပုသ်ကို ကျင့်သုံးခဲ့ပါ၏၊ အခါခပ်သိမ်း သီလတို့ကို စောင့်ထိန်းခဲ့ပါ၏၊ (ကိုယ်နူတ်ကို) စောင့်စည်းခဲ့ပါ၏၊ ခွဲဝေလှူဒါန်းခဲ့ပါ၏၊ (ထိုကုသိုလ်ကြောင့်) ဗိမာန်၌ အကျွန်ုပ်နေရပါ၏။

၆၇၄။ အကျွန်ုပ်သည် အသက်သတ်ခြင်းမှလည်း ရှောင်ကြဉ်ခဲ့ပါ၏၊ မမှန်စကားပြောဆိုခြင်းမှ၎င်း၊ မပေးသည်ကို ခိုးယူခြင်းမှ၎င်း၊ လင်ကိုကျော်လွန်၍ ယောက်ျားတပါးနှင့် သွားလာလွန်ကျူး၍ ကျင့်ခြင်းမှ၎င်း၊ သေရည်သေရက် သောက်ခြင်းမှ၎င်း ဝေးစွာရှောင်ကြဉ်ခဲ့ပါ၏။

၆၇၅။ အကျွန်ုပ်သည် သိက္ခာပုဒ်ငါးပါး၌ မွေ့လျော်ခဲ့ပါ၏၊ အရိယသစ္စာတို့၌ လိမ်မာခဲ့ပါ၏၊ စက္ခုငါးပါး ရှိတော်မူ၍ အကျော်အစော အခြံအရံ ရှိတော်မူသော ဂေါတမမြတ်စွာဘုရား၏ တပည့် ဥပါသိကာမ ဖြစ်ခဲ့ပါ၏။

၆၇၆။ မိဖတို့အိမ်မှ ကျွန်မသည် အကျွန်ုပ်အတွက် အခါခပ်သိမ်း ပန်းကို ရှေးရှူဆောင်ခဲ့ပါ၏၊ အကျွန်ုပ်သည် ထိုပန်းအားလုံးကိုပင်လျှင် မြတ်စွာဘုရား၏ စေတီတော်၌ ပူဇော်တင်လှူခဲ့ပါ၏။

၆၇၈။ သိကြားမင်း အကျွန်ုပ်သည် စေတီတော်၌ ပန်းကို တင်လှူပူဇော်ခဲ့သော ထိုကုသိုလ်ကံကြောင့် အကျွန်ုပ်၏ ကိုယ်အဆင်းသည်၎င်း၊ လားရာဂတိသည်၎င်း၊ နတ်တန်ခိုးသည်၎င်း၊ အာနုဘော်သည်၎င်း (ဤသို့ သဘောရှိပါ၏)။

၆၇၉။ သိကြားမင်း အကျွန်ုပ်သည် သီလရှိသူ ဖြစ်ခဲ့ပါ၏၊ ထိုသီလသည် အကျိုးမပေးသေးပါ၊ ငါသည်ကား အဘယ်သို့သော အကြောင်းဖြင့် သကဒါဂါမ် မိန်းမဖြစ်ရပါအံ့နည်ုး အကျွန်ုပ် တောင့်တပါ၏ (ဟု ဖြေကြား၏)။

ကိုးခုမြောက်သော ၀ိသာလက္ခိဝိမာန၀တ္ထု ပြီး၏။

No comments:

Post a Comment