ငါးရာ့ငါးဆယ် နိပါတ်တော်ထဲမှာ သီလ မပျက်လို့ နောက်ဘ၀ ကောင်းစားတဲ့ ဇာတ်တစ်ပုဒ် ရှိပါတယ်။
အဋ္ဌကနိပါတ် ၄၂၃။ ဂင်္ဂမာလဇာတ်ပါ။ အဲသည်ဇာတ်ထဲမှာ သူဌေးကြီးအိမ်မှာ အလုပ်လုပ်တဲ့ အလုပ်သမား တစ်ဦးရဲ့ သီလကို ပြတာပါ။
ဇာတ်လမ်းက သည်လိုပါ။
ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး စိုးစံနေချိန်ရယ်လေ။ “သုဝိပရိဝါရ” ဆိုတဲ့ အလွန်ကြွယ်ဝတဲ့ သူဌေးကြီးဟာ ဗာရာဏသီပြည်မှာ နေတယ်။ ဘုရား၊ တရား ကြည်ညိုတယ်။
ဘုရားအလောင်းတော်ဟာ သူဌေးအိမ်မှာ အလုပ်လုပ် ရပါတယ်။ ဒါပေမယ့် နေ့စဉ် စောစော သူဌေးအိမ်က ထွက်ပြီး အပြင်မှာ အလုပ်လုပ်ရတဲ့ နေ့တွေလည်း ရှိတာပေါ့။ အလုပ်ရှိရာမှာ သွားလုပ်ပြီး ညနေမှ သူဌေးအိမ်ကို ပြန်လာရတာလည်း ရှိတယ်။
သုဝိပရိဝါရ သူဌေးကြီးအိမ်မှာ တစ်လကို ခြောက်ကြိမ်၊ တစ်အိမ်သားလုံး ရှိသမျှ အိမ်ဖော်တွေပါမကျန် ဥပုသ်သီလ စောင့်ကြရတယ်။ အဲသည်နေ့တွေဆို စောစောထမင်းချက် စားသောက်ပြီးတာနဲ့ ကိုယ့်နေရာကိုယ်နေပြီး သီလဆင်ခြင်ရတာပေါ့။
ပုတီးစိပ်သူစိပ်၊ တရားမှတ်သူမှတ် လုပ်ကြရတာပေါ့။ တစ်နေ့တော့ ဘုရားလောင်း ဆင်းရဲသားဟာ အလုပ်ပြီးလို့ နေ့တစ်ဝက်လောက်မှာ ပြန်လာတယ်။
တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်လို့ပေါ့။ မေးမြန်းကြည့်တဲ့အခါ သည်နေ့ဥပုသ်စောင့်နေကြကြောင်း၊ ဥပုသ်စောင့်ကြလို့ ထုံးစံအတိုင်း သီလဆင်ခြင်နေကြတော့ လူပ်ရှားမူတွေ ငြိမ်နေကြောင်း ပြောပြလို့ သိခဲ့ရတာပေါ့။
အဲသည်မှာ ဘုရားလောင်း ဆင်းရဲသား ဂင်္ဂမာလဟာ အိမ်သားတွေလို ဥပုသ်စောင့်ချင်မိတယ်။ နေ့ဝက် ပင်ပင်ပန်းပန်းလုပ်ကိုင်ခဲ့ရပေမယ့် အနားမယူချင်ဘူး။ ပင်ပန်းလာလို့ အစာလည်း ဆာနေပေမယ့် ဥပုသ်ဝင်ချင်တဲ့ စိတ်က ပြင်းပြနေတယ်။ အိမ်သားတွေကို ကြည့်လေ သူ့မျာ ဥပုသ် ၀င်ချင်လေပါပဲ။
နောက်ဆုံးတော့ သူဌေးကို သူ မေးကြည့်တယ်။ အခုအချိန်ကျမှ ဥပုသ်စောင့်လို့ မရဘူးလားရယ်လို့လေ။
သူဌေးကြီးက နေ့ဝက် ဥပုသ်ရနိုင်ကြောင်း ပြောပြတော့ သူ့မှာ အရမ်း ၀မ်းသာသွားပါတယ်။ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့လို့ ဆာလောင်နေတာလည်း မေ့သွားတယ်။
သုဝိပရိဝါရ သူဌေးကြီးထံမျာပဲ ဆင်းရဲသား အလုပ်သမား ဘုရားအလောင်းဟာ ဥပုသ်ယူလိုက်ပါတော့တယ်။ သီလခံယူလိုက်တယ်လေ။ ပြီးတော့ သူဟာ စိတ်ကြည်လင်စွာနဲ့ သူ့နေရာသွားပြီး ဥပုသ်သီလကို ဆင်ခြင်နေတော့တာပေါ့။
ဟော - ရုပ်သဘောရဲ့ သတ္တိဟာ ရုပ်သဘောရဲ့ ဖောက်ပြန်မူတရားကြီးဟာ သန်ခေါင်ကျော်ကျတော့ ပြသလာပြီ။
သန်းခေါင် အမှောင်နက်လာသလို ရုပ်ခန္ဓာကြီးရဲ့ အစာတောင်းမူဟာ ပြင်းထန်လာတော့တယ်။ ဗဟိုစည်တီးသံတွေ ကျော်ကျော်လာသလို ၀မ်းဗိုက်ကလည်း မြည်မြည်လာတယ်။
တစ်နေ့လုံး ပင်ပန်းမူ၊ ဘာမှမစားထားမူက တစ်ကိုယ်လုံးရဲ့ ပထ၀ီ၊ တေဇော၊ အာဘော၊ ၀ါယောတွေ အားလုံးကို လူပ်ရှားလာစေပြီ။ ၀မ်းဗိုက်ထဲက လေတွေထလာ ကြွသထက်ကြွလာတော့ ညည်းရတဲ့အထိ ဖြစ်လာတော့တာပေါ့။
အဲသည်မှာ မဖြစ်ချေတော့ဘူးဆိုပြီး သူဌေးကြီးက ဆေးတိုက်တော့တယ်။
ပေးတဲ့လူက ပေးပေမယ့် လက်ခံတဲ့လူက လက်မခံချင်ဖူး။
အဲသည်ဆေးကိုသောက်ပြီး ခံယူထားတဲ့ ဥပုသ်သီလကို မဖျက်လိုဘူး။ နေ့ဝက် သီလဥပုသ်ကို ထိမှာ ပျက်မှာစိုးတယ်။ သည်တော့ ကြိတ်မှိတ်ခဲ့တယ်။
ခက်ပြီ။ သန်ခေါင်ထက် ညဉ့်တောင်နက်လာပြီ။ ဝေဒနာက မြင့်လာပြီ။ သူဌေးကြီးက ပြောမရတော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ အရုဏ်တက်လည်းကျရော သတိရတစ်ချက် မရတစ်ချက် ဖြစ်သွားတော့တယ်။
သည်တော့ “သေမယ်တဲ့၊ သေတော့မယ်ဆဲဆဲကို အိမ်ရှေ့ထုတ်ကြလေ” ဆိုပြီး အိမ်ရှေ့ ထုတ်ထားလိုက်တယ်။
အလင်းရောင် ပေါ်လာချိန်မှာ သတိရလာတယ်။ ဒါပေမယ့် မလူပ်နိုင်တော့ဘူး။ အင်အားတွေကုန်ပြီး မျက်လုံးပဲ အားယူဖွင့်ကြည့်နေရတယ်။
အဲသည်အချိန်မှာ ဗာရာဏသီမင်းကြီး မြို့ကိုလှည့်တာနဲ့ သွားကြုံပါလေရော။
ဆင်းရဲသား အလုပ်သမား ဘုရားလောင်း ဂင်္ဂမာလဟာ နောက်ဆုံး ထွက်သက် ထွက်ချိန်မှာ ဗာရာဏသီမင်းကြီးကို မြင်တယ်။ မင်းရဲ့ ခမ်းနားမူနဲ့ အသရေကိုမြင်တော့ လိုချင်စိတ်နဲ့ တောင့်တပြီး ထွက်သက်ထွက်သွားတော့တယ်။
သီလမပျက်တော့ နောက်ဘ၀ ကောင်းစားခံရတယ်။ နေ့ဝက်စောင့်တဲ့ဥပုသ်နဲ့ သီလရှိတဲ့ ဘုရားလောင်းရဲ့ တောင့်တမူဟာ ဗာရာဏသီမင်းရဲ့ မိဖုရားဝမ်းမှာ လူသွားဖြစ်တယ်။ ဥဒယာမင်းသားဘ၀ကို ရပြီး ခမည်းတော်လွန်တော့ မင်းဖြစ်ခဲ့တာပေါ့။ သူ့မှာ ထူးခြားတဲ့ “ရှေးဘ၀ကို သိတဲ့ ဇာတိဿရဉာဏ်” လည်း ရရှိခဲ့တယ်။
ရှေးဘ၀က ဥပုသ်ကြောင့် အကျိုးခံစားရကြောင်း ပြတဲ့ ဇာတ်နိပါတ်ပါပဲ။
အဲသည်ဇာတ်တော်ကိုကြည့်ရင် သီလ မပျက်ရင် ယခုဘ၀ဒုက္ခ ခံစားရတောင် နောက်ဘ၀မှာ စံရတာကို တွေ့ရတယ်။
သီလကို အသက်နဲ့လဲပြီး မြတ်နိုးခုံမင်သွားခဲ့ခြင်းကြောင့် ဆင်းရဲသားဘ၀ ချမ်းသာကြီးမြတ်တဲ့ အဆင့်ကို ရောက်တာပေါ့။
သီလမြဲ
ယခုဘ၀ မချမ်းသာတောင်
နောက်ဘ၀ ချမ်းသာမှာ မလွဲရယ်ပါ။
လောကမှာ ဥစ္စာပစ္စည်းအမျိုးမျိုး ဆုံးရူံးတာ၊ ခြေလက်၊ အသက်ခန္ဓာဆုံးရူံးတာထက် အကျင့်သီလဆုံးရူံးတာဟာ ပိုပြီး နှမြောစရာ ကောင်းပါတယ်။
သူတော်ကောင်းတွေဟာ ဘယ်တော့မှ အကျင့်သီလ အပျက်မခံကြဘူး။
လူသာ အသေခံကြတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ သီလဗျသနဆိုတဲ့ ကိုယ်ကျင့်တရားပျက်လာရင် မကောင်းကျိုးအမျိုးမျိုးနဲ့ အကုသိုလ်တွေ ၀င်လာတတ်လို့ရယ်ပါ။
သီလမြဲရင် ယခု မကောင်းတောင် နောင်တော့ကောင်းမှာ လုံးဝသေချာနေပါတော့တယ်။
No comments:
Post a Comment