ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 3 July 2011

သီလပျက်တဲ့ အရက်

လူ့သိက္ခာတရား ဆိုတာ လူ့ဘ၀ရဲ့ သန့်ရှင်းစင်ကြယ် မွန်မြတ်မူကို တိုင်းတဲ့ ပေတံပဲ။

အရက်ဟာ လူတစ်ယောက်ရဲ့ ရှင်းသန့်စင်ကြယ်မူကို ဖျက်ပစ်ပါတယ်။ အရက်သမားဟာ သူ့ဘ၀ရဲ့ သန့်ရှင်းစင်ကြယ်မူကို ဖျက်ရုံသာမက သူ့ခန္ဓာကိုယ်ရဲ့ အနံ့အသက်ကို ရှေးဦးစွာ ဖျက်ပါတယ်။ အရက်သမားရဲ့ ပါးစပ်က ထွက်တဲ့အနံ့၊ ကိုယ်က ထွက်တဲ့အနံ့၊ ကိုယ်က ထွက်တဲ့ချွေး၊ ပြီးတော့ အရက်သမားရဲ့ အရက်ဖောဖောနေတဲ့ မျက်နှာ၊ ယိမ်းထိုး ကျားကန်နေရတဲ့ ခြေလှမ်းတွေ။

အရက်သမားဆိုတာ ဟန်ပန်သွင်ပြင်ကိုက သီလပျက်နေပြီ။ ကျန်တာတွေ မစဉ်းစားနဲ့ဦး။

မြတ်စွာဘုရားဟာ အလွန်အရေးကြီးလွန်းလို့ (သုရာမေရယ) သိက္ခာပုဒ်ကို ငါးပါးသီလထဲမှာ တစ်ပါးအဖြစ် ထည့်ဟောထားရတာ။ သက်မဲ့ဖြစ်တဲ့ အရည်တစ်မျိုးကို သီလထဲ ထည့်ဟောထားရတာဟာ အလွန်ကို အရေးကြီး လွန်းလှလို့ပါ။

သေရည် အရက်ကိုလည်း သောက်လေ့ရှိ၏၊ ထိုသူသည် ယခုဘ၀၌ပင်လျှင် မိမိ၏ ပင်ရင်းအခြေအမြစ်ကို တူးဖြိုဖျက်ဆီးသည် မည်၏လို့ ဓမ္မပဒ(၂၄၇)မှာ ပါရှိပါတယ်။

နောင်ဘ၀ကို မပြောပါနဲ့။ ယခုဘ၀ကိုတောင် ဖျက်ပစ်တာ အမှန်ပါ။ ဖျက်တာမှ အခြေခံကောင်းတွေကို တောင် ရစရာမရှိအောင် ဖျက်တာပါ။

အမေ မွေးတုန်းက ဦးနှောက်တွေ အကောင်းသား။ အရက်သမားလည်းဖြစ်ရော ဦးနှောက်တွေ ပျက်ကုန်ရော။

ဦးနှောက်တွေပျက်တော့ မကြည်လင်တဲ့ အတွေးအခေါ်တွေနဲ့ ဘ၀ကို ဘယ်လို စခန်းသွားမလဲ။

နည်းနည်းသောက် နည်းနည်းမူး၊ များများသောက များများမူး ဆိုသလို နည်းနည်းသောက်သော် ဦးနှောက် နည်းနည်းပျက်၊ များများသောက် များများ ဦးနှောက်ပျက်ပါ။

အတွေ့အကြုံတွေမှားတော့ ဘယ်မှာ ကြီးပွား စီးပွားဖြစ်တော့မှာလဲ။ သောက်တဲ့ဘက်မှာ ကုန်နေတော့ ဘ၀ တည်ဆောက်တဲ့ဘက်မှာ အားနည်းနေရော။

လောကမှာ သူဋ္ဌေး အရက်သမားနဲ့ ဆင်းရဲသား အရက်သမား ဘယ်သူ ပိုများသလဲ။ အဖြေထုတ်ကြည့်ရင် ဆင်းရဲသား အရက်သမားမွဲတွေ ပိုများပါတယ်။

အရက်သောက်လို့ ဆင်းရဲ၊ ဆင်းရဲလို့ အရက်သောက်နဲ့ အရက်သံသရာ လည်နေတော့တယ်။

အရက်သောက်လို့ ဆင်းရဲမွဲတေတဲ့ဘ၀ကို ရောက်ရတာမျိုးဟာ ၀မ်းနည်းစရာ ကောင်းလွန်းလှပါတယ်ဗျာ။

ပညာရှိအရက်သမားတွေ မွဲတာလည်း မြင်ဖူးပါတယ်။ ပညာမဲ့ လူမိုက်ထက် ပညာရှိ အရက်သမားက သောက်နိုင်တော့ ပိုသောက်တယ်။

အဲသည် အရည်ကလေးကို လူက စွဲလမ်းနှစ်ခြိုက်သွားခဲ့ပြီးရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေဟာ ကြောက်ရွံ့ထိန်လန့်စရာပါပဲ။ အမေမွေးတုန်းကလည်း အကောင်းသား၊ ပညာသင်တော့လည်း အတတ်သားပါ။ ဒါပေမယ့် ဘာမဟုတ်တဲ့ အဲသည်အရည်ကလေးကိုလည်း မဖြတ်နိုင်အောင် စွဲလာရော၊ ဘ၀မွဲရော။

သီလပျက်လွန်းလို့ အဲသည် အရည်ကို “သီလပျက်အရည်”လို့ ခေါ်ရမှာ ဖြစ်တယ်။

အသိပညာရှင်၊ အတတ်ပညာရှင်တွေတောင် အဲဒါနဲ့ တွေ့ရင် ဘာမှ မသိတော့တာ အံ့သြစရာကောင်းလှတယ်။

သည်အရည် ၀င်လို့ အသုံးမ၀င်တော့တဲ့ အသက်ရှည် ခြင်းမျိုးနဲ့ နေရရင် ဘ၀ဟာ စောစောသေသွားတာပါပဲ။

ပျော်လို့သောက်ရာက ပျော်စရာမဟုတ်ဘဲ ပျက်စရာဖြစ်ကုန်တော့တယ်။ အပျော်မက် အပျက်တွေ့တဲ့သဘောပါ။

ဘာသာတရားနဲ့ပဲ တွေးတွေး၊ လူမူရေးနဲ့ပဲ စဉ်းစား စဉ်းစား၊ ဘယ်ရူထောင့်၊ ဘယ်လိုပုံစံနဲ့ပဲမြင်မြင် အရက်စွဲရင် လူ့ဘ၀ဟာ စောစောသေသွားတာနဲ့ တူတယ်။

အရက်စွဲတော့ အထူးသဖြင့် အရှက်တကွဲ ဖြစ်ရတယ်။ အရက်စွဲလို့ မွဲတာက ဒုတိယ၊ အရက်စွဲလို့ သားမားကွဲ မိတ်ဆွေကွဲ ဖြစ်ရတာက တတိယ။ အရက်သမားကို ဘယ်သူမှ ကြာကြာ လက်မတွဲနိုင်ဘူး။ ကွဲတာပဲ။ အရက်သမားဟာ အရက်သမားချင်းတောင် မတွဲနိုင်ကြပါဘူး။ ပြဿနာတက်ကြတာ များပါတယ်။

အရက်သမားဘ၀ဟာ ကံဆိုးရဲ့ လာရောက်ဝှေ့ရမ်းမူကို ငုံ့ခံနေရတာနဲ့ တူတယ်လို့ အရက်သမားတစ်ဦးကပဲ အရက်ဝိုင်းမှာ စာရေးသူကို ပြောသွားဖူးတယ်။ စာရေးသူတို့ ၀ိုင်းက ၀ိုင်းသားတစ်ဦးက အမြည်းဆိုင်မှာ နာရီပေါင် သောက်တာထိုသူက ကြည့်ပြီး ပြောတာပါ။ မြင်မြင်သမျှ တတ်နိုင်သလောက် မှတ်တမ်းတင် နားထောင်လေ့ရှိလို့ အဲသည် စကားကို မှတ်ထားလိုက်မိတယ်။

အင်္ဂလိပ်စကားပုံမှာ ၀ိုင်အရက်ဟာ လျှို့ဝှက်ချက်များကို ထိန်းသိမ်းခြင်း မပြုတဲ့အပြင် ကတိစကားများကိုလည်း ဖြည့်စွမ်းခြင်း မပြုဘူးတဲ့။

အရက်သမား တစ်ရာမှာ ကိုးဆယ်လောက်ဟာ ကတိပျက်ကြတာ များတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရက်က မူးနေရော။ မူးတော့ ပြောချင်ရာ ပြောရော။ အရက်သောက်ထားတော့ ကတိပေး လွယ်တာပေါ့။

အချို့ဆို မူးလာပြီဆို ထင်ရာမြင်ရာ ပြောတော့တာပဲ။ အမူးပြေတော့ ကိုယ်လွယ်လွယ် ကတိပေးတာတွေ မလုပ်နိုင်ဘူး။ မူးတုန်းပြောပြီး နောက် ပြန်မမှတ်မိတာတွေလည်း ရှိတယ်။

မူးတုန်း စကားပြောရတာမျိုးလည်း ပြောလို့ အလွန်ကောင်းတတ်ပါတယ်။ ရဲနေတော့ ပြောချင်တာ နူတ်က ထွက်ရဲတယ်လေ။ ပြောသင့် မပြောသင့်ကိုတော့ ဦးနှောက်က မစဉ်းစားနိုင်ဘူး။

သေခြင်းထက် ဆိုးတဲ့အရာ များစွာရှိတယ်လို့ ဆိုကြပါတယ်။ ဟုတ်တယ်။ မသေသေးဘဲနဲ့ အရက် သူတောင်းစားအဖြစ်နဲ့ နေရတာဟာ သေခြင်းထက် ဆိုးပါတယ်။ ဇနီးသားသမီးလည်း ရှက်ရ၊ မိဘတွေလည်း စိတ်ဆင်းရဲ။ အရက်သမားကိုယ်တိုင်လည်း ဒုက္ခတွေ ဗရပွပါပဲ။

မူးပြီး ပေါက်မြောက်နေတာကို အဟုတ်ကြီး ထင်တဲ့လူတွော အလွန်နက်တဲ့ ဆင်းရဲတွင်းထဲ ခုန်ဆင်းခြင်း တစ်မျိုးပါပဲ။

သီလထိန်းတယ်ဆိုတာ ရိုးရိုးတောင် ထိန်းရခက်တာမျိုးရယ်ပါ။ အဲဒါကို အရက်သောက်တော့ ဘယ်မှာ သီလဟာ ထိန်းလို့ရပါတော့မလဲ။

(သူရာပါနေ) သေသောက်ကြူးသောသူ၌ (ကုတော သစ္စံ) အဘယ်မှာ စကားမှန်အံ့နည်းလို့ ဆိုတယ်။ စကားမမှန်တာ သီလ မရှိတာဘဲ။

မိတ်ဆွေတစ်ဦးက ပြောဖူးတယ်။ “နိုင်ငံတကာ ဧည့်ခံပွဲတွေ ပြည်တွင်းရော၊ ပြည်ပခေါင်းဆောင်တွေ ဧည့်ခံပွဲမှာ အရက်ခွက်ကလေး (ချီးရား) ဆိုပြီး မြှောက်တာတွေ့သတဲ့၊ တစ်ခါမှ မုန့်ဟင်းခါးနဲ့ ဧည့်ခံတာ မတွေ့ဘူး” တဲ့။

သူက ရယ်စရာပြောတာ ဖြစ်ပေမယ့် စာရေးသူ စဉ်းစားမိပါတယ်။ သူပြောတာ ဟုတ်တော့ဟုတ်တယ်။ ဒါပေမယ့် ဘယ်လို သောက်တာမျိုးလဲ ဆိုတာက ကွာခြားတယ်။ တိုင်းတစ်ပါးယဉ်ကျေးမူအရ ခွက်မြှောက် (ချီးရား)လုပ်တာပဲ။ အရက်သမားတွေ သောက်သလို တစိုင်းတို့ တစ်ပုလင်းတို့ သောက်တာမှ မဟုတ်တာဘဲ။

အရက်ဟာ လူကြီးလူကောင်းတွေအဖို့ မိတ်ဆွေဖြစ် သဘောမျိုး အနောက်ယဉ်ကျေးမူအရ လုပ်ကြတဲ့ လူတွေလည်း ရှိကြပါတယ်။ နိုင်ငံရပ်ခြား ဧည့်သည်များနဲ့အတူ ခွက်ကို ပါးစပ်တေ့ရုံ တစ်ငုံလောက် ငုံရုံ ဟန်ရေးပြရတာတွေလည်း ရှိပါတယ်။ အဲသည်လို သောက်ရင် သီလ ဘယ်ပျက်မလဲ။

နေ့တိုင်း၊ ညနေတိုင်း အရက်စွဲသောက်တာမျိုးက သီလပျက်စေတယ်။ “မောနင်းပက်”လို့ ပြောသလို နံနက်ကတည်းကသောက်ရင်တော့ သီလဟာ ဘယ်လိုမှ မရှိနိုင်တော့ပါဘူး။ ငမူးဆိုတဲ့ဘွဲ့၊ ယစ်ထုပ်ကြီးဆိုတဲ့ဘွဲ့၊ ဈာန်ကြောင်ဆိုတဲ့ဘွဲ့၊ ငပေါက်ဆိုတဲ့ ဘွဲ့တွေ ရလာမှာပေါ့။ ကိုယ့်နာမည်နဲ့ အတူ အဲသည်ဂုဏ်ထူးတွေ ဘွဲ့ထူးတွေ တစ်ခုပြီးတစ်ခု ပိုလာလိမ့်မယ်။

စာပြုသူ ပွင့်လင်းစွာ ၀န်ခံရရင် အဲသည် ဘွဲ့မျိုး ရခဲ့ဖူးပါတယ်။ အရပ်ထဲမှာရော၊ စာပေအသိုင်းအ၀န်းမှာရော ဆွေမျိုးသားချင်းထဲမှာရော အပြောခံရတယ်။

အခြားကြိုးစားကောင်းမွန်ခဲ့တဲ့ ကိစ္စလေးတွေ အချက်အလက်တွေဟာ အဲသည် အရက်နဲ့လည်း တွေ့ရော လုံးဝပျက်ရော။

ကိုယ့်ဆရာသမားတွေ၊ စာပေအသိုင်းအ၀န်းတွေက ဆုံးမလာတော့မှ ရေးရေးမြင်ပြီး ပြင်လာနိုင်ခဲ့ပါတယ်။ စာရေးသူရဲ့ မိခင်က သည်ကိစ္စမှာ တင်းတင်းကြပ်ကြပ်ကို ကန့်ကွက်ပါတယ်။ အရက် သံယောဇဉ်နဲ့ မိခင်သံယောဇဉ် ဖြတ်ခိုင်းတဲ့အထိပါ။

အရက်စာ ဘယ်လောက်ထိ သီလပျက်သလဲ၊ ဂုဏ်သိက္ခာထိုခိုက်သလဲဆိုရင်၊ ကိုယ့်ဆီမှာ တပည့်ခံတဲ့ လူငယ် တွေကလည်း ကိုယ့်ကို မကြည်ညို၊ မပေါင်းသင်းတော့ဘူး။ တဖြည်းဖြည်း ရှောင်ကုန်တယ်။ ငယ်သူငယ်ချင်းတွေတောင် ဒဏ်မခံနိုင်ကြဘူး။ စာပြသူ ကိုယ်တိုင်ကလည်း မပေါင်းလေ၊ အရွဲ့တိုက်လေ လုပ်လို့ ပိုဆိုးခဲ့တာပေါ့။ အသက်သုံးဆယ်လောက်က အရက်သမား ဘ၀ကို ပြန်စဉ်းစားရင် ရှက်စရာ၊ ကြေကွဲစရာအတိပါ။ စာပြုသူနဲ့ စာရေးဘက် သေရည်သမား အတော်များများလည်း သေကုန်ကြပြီလေ။

လယ်တီဆရာတော်ဘုရားကြီးရဲ့ သေရည် မေတ္တာစာထဲကလို -

လူရုပ်မပေါ်၊ လူစော်မနံ၊ လူဟန်မရ၊ လူစတိတုံး၊ လူတိုင်းမုန်းစရာ၊ လူယုတ်မာ အဖြစ်မှာမူကား အသင်္ချေယျာ၊ မရေတွက်နိုင်ဟု သေသောက်သူဖြစ်ပုံကို သနစ်ကုန် ဖြတ်ပိုင်း၍ ဆိုသလို ဖြစ်တော့တာပါပဲ။

သေရသည်သမားစစ်စစ် ဖြစ်လာရင် တကယ့်ကို လူရုပ်မပေါ်၊ လူစော်မနံ ဖြစ်တော့တာပါပဲ။

အခြားနယ်ပယ်တော့ မသိဘူး။ စာပေလောကထဲမှာ တကယ်သောက်တဲ့ သေရည်သမားဟာ ကြာကြာ အောင်မြင်မူမရဘူး။ နာမည်ဘယ်လိုပဲကြီးကြီး သိပ်ကြာကြာမခံဘဲ၊ ကြွေချင်ကြွေ၊ မကြွေရင် စာပေနယ်က စာပေလုပ်ငန်းတွေ ရပ်သွားတာမြင်ရတယ်။

အရက်ကနေ အပျက်ပေါင်းများစွာ ရတာက ရုပ်ပျက် စိတ်ပျက်၊ အပေါင်းအသင်းပျက်၊ စီးပွားပျက်၊ ကြီးပွားပျက်၊ နောက်ဆုံးအိမ်ထောင်သည်တွေဆို (လိင်) ကိစ္စတောင် အားနည်းပျက်ပါတယ်။

အရက်သမားနဲ့ အပျက်တရားဟာ ဖက်ထားသလိုပဲ ကပ်နေပါတော့တယ်။ အဲသည်သဘောပါတဲ့ ကဗျာတစ်ပုဒ်ကို လေ့လာကြည့်ပါ။ ကဗျာနာမည်က (နောင်တ ကြိမ်လုံး တဖုန်းဖုန်း) ပါ။

သည်ကဗျာကို စာပြုသူ ကိုယ်တိုင် အရက်ကြောင့် ဆေးရုံတက်ရင်း ဆေးရုံပေါ်မှာ (၁၉၇၄) ခုနှစ်လောက်ဆီက ရေးခဲ့တာပါ။

*ပျက်စီးမူတွေ
ပေါင်းစုနေ၍
(သေရည်) ဟုလည်း ခေါ်ပါ၏။

*၀မ်းမီးဓာတ်စာ
သေတတ်ပါ၍
(သေစာ) ဟုလည်း ခေါ်ပါ၏။

*နိဂုံးချုပ်တွက်
လွန်နီးဆက်၍
(သေရက်) ဟုလည်း ခေါ်ပါ၏။

*ဥစ္စာယုတ်ခြင်း
ငြင်းခုန်များစွာ၊ ရောဂါထူပြော
ကျော်စောမဲ့တုံ၊ မလုံအင်္ဂါ
ပညာနည်းရှား၊ ဤခြောက်ပါးကား
မိုက်မှားဟူလို၊ အပြစ်ဆိုဘိ
(ဂီဟိဝိနယ)၊ ဆုံးမစကား
ငယ်ကကြားမြင်၊ ဖတ်သင့်သိလည်း
စာသိသာရှိ၊ သညာသိက
ငါ့မှာမရှိ၊ အို-နတ္ထိ။

*စိတ်ညစ်လည်းသောက်၊ စိတ်ပျော်သောက်နှင့်
ဟိုမှောက်ဒီရောက်၊ ကုန်းကောက်စရာ
သိက္ခာဆို၍၊ အပ်တိုစာမျှ
ရှာမရတော့၊ လောကထဲမှာ အကျည်းတန်။

*မျိုခဲ့သောခုံ၊ ခွဲခဲ့သောအိုး
ကန်ခဲ့သောနံရံ၊ ပေကျံနေသောအိပ်ရာ
ဘယ်သူလာလာ၊ လူတကာရူတ်ချ
မင်းဟာ စည်းအပြင်က လူပဲ။

*ကျောင်းရှေ့ဘောကွင်း၊ မြေတလင်းမှာ
ခြေဆင်းအိပ်ကာ၊ ဝေဒနာည
မကြာခဏဆုံ၊ ဒုက္ခဘုံမှ ညများ။

*စိတ်ထားသွေဖော်၊ ဘ၀မှောက်အောင်
သေသောက်ကျူးရက်၊ ပြန်၍တွက်သော်
ဆယ်နှစ်ကျော်လာ၊ အဖြေပေါ်ထွက်
သီလပျက်သမား၊ ငါတကား။

*ချစ်သောမယား၊ သမီးသားလည်း
ငါ့အားထားပစ်၊ မေတ္တာစစ်နှင့်
ချစ်လျက်နှင့်ပဲ၊ လက်မတွဲတော့
ငရဲအိမ်ထောင် မတည်နိုင်။

*အရက်ပုလင်းနောက်၊ ဆေးပုလင်းရောက်
စိတ်ချောက်ချားစရာတွေ ဖြစ်ကုန်ပြီ။

*ဆရာဝန်က၊ ရှင်း၍ပြခဲ့
အရက်က အသည်းကို မာစေသတဲ့။
ဓာတ်မှန်ထဲမှာ၊ အသည်းဟာ ကျောက်ဖြစ်၊
လောကထဲမှာ၊ ငါဟာ ခွေးဖြစ်။

*နုနုကြမ်းကြမ်း၊ ဖြတ်သန်းလာရ
စာပေဘ၀၊ အရက်နဲ့ကျမှ ပျက်ပေါ့ဗျာ။

* ခလုတ်ထိမှ၊ ဘုရားတမိ
ခလုတ်ထိမှ၊ တရားတမိ
ခလုတ်ထိမှ၊ သံဃာတမိ
ခလုတ်ထိမှ
ဆရာမိဘ၊ တမိမှတော့
နောင်တ ကြိမ်လုံး၊ တဖုန်းဖုန်းနှင့်
မဆုံးနိုင်အောင် အရိုက်ခံ။

(သုတေသီဘုန်းမြင့်သွေး)

1 comment:

  1. တစ်ခွက်သောက်ရင်ပျော်တယ် ၂ခွက်သောက်ရင် ဘာဖြစ်တယ် ၃ ခွက်သောက်ရင် ခွေးဖြသ်တယ်ဆိုတဲ့ ဟာလေ ပါဠိလိုရေးထားတာရှိလား

    ReplyDelete