ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 5 July 2011

ဘ၀နှင့် သီလ

ဘ၀ဖြစ်လာပြီ ဆိုကတည်းက ဆင်းရဲက စပြီလေ။ ပဋိသန္ဓေနေရခြင်းကလည်း ဗိုက်ထဲမှာ ကိုယ်နေရတုန်း ဘယ်သိမှာလဲလို့ ဆိုပေမယ့် ဆင်းရဲပါပဲ။ ကိုယ့်ကို ၀မ်းနဲ့ လွယ်ရတဲ့ မိဘကလည်း ဆင်းရဲတာပဲ။ စားသတိ၊ သွားသတိ၊ နောက်ဆုံးအတက်အဆင်း လှေကားတောင် သတိတစ်ချက် မလစ်ဝံ့ပါဘူး။ မွေးဖွားတော့လည်း ပိုက်ဆံက ကုန်ရသေးတယ်လေ။ နာလည်း နာတယ်။ ကုန်လည်း ကုန်တယ်။

မွေးလာတဲ့ နေ့ရက်ကစပြီး သေတဲ့နေ့ရက်အထိ ဆင်းရဲမျိုးစုံရဲ့ အနှိပ်စက်ကို ခံနေရပါတယ်။ လောကီချမ်းသာဟာ သိပ်မရေရာပါဘူး။ အိုခြင်း၊ နာခြင်း၊ သေခြင်းတွေကလည်း နေ့ရက်မပြတ် နှိပ်စက်နေတော့တာပဲ။

အဲသည်လို သဘာဝဒုက္ခတွေအပြင် ပြဿနာမျိုးစုံကလည်း စုံလို့ပါ။ ပြဿနာဆိုတာက ကိုယ်က မလုပ်လဲ တက်ချင်တဲ့ နေရာက တက်လာတာမျိုး မဟုတ်လား။ ဘယ်နားက ထွက်လာမှန်း မသိဘူး။

ပြဿနာတစ်ခါတလေ တက်တာက တော်သေး။ အချို့ အတိတ်ကံ မကောင်းခဲ့တဲ့လူများဟာ ပြဿနာတွေ ဆက်တိုက်တက်ပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဘ၀စခန်းသိမ်းရတာပဲ။

အို၊ နာ၊ သေပြဿနာက မလွှဲမရှောင်သာ လွတ်ကို မလွတ်ဘူး။ အဲသည် ကြားထဲမှာ ဆိုးဝါးတဲ့ ပြဿနာတွေ ရင်ဆိုင် ဖြေရှင်းနေရတော့ ပိုခက်တာပေါ့။

ဒုက္ခကို ငြိမ်းတန်သမျှ ငြိမ်းအောင် သီလကို ကိုယ်နဲ့မကွာ အမြဲစွဲကိုင်ထားရမယ်။ လောကဓံမုန်တိုင်းက သီလကိုင်စွဲထားတဲ့ လူကို ဗိုင်းဗိုင်းလဲအောင် မလှဲနိုင်ပါဘူး။ တောင့်ခံနိုင်တယ်။

လူ့ဘ၀မှာ -

ရုပ်နဲ့နာမ် မကင်းကွာသေးသမျှ လူတွေဟာ ရုန်းကန်လူပ်ရှား ကြိုးစားနေကြရမှာပဲ။

အဲသည်တော့ လူတွေဟာ ဘာတွေဖြစ်နေကြသလဲဆိုရင် မဆုံးနိုင်တဲ့ ခရီးကို သေမယ့်နေ့ထိ သွားနေကြတာနဲ့ တူတယ်။ မပြီးနိုင်တဲ့ အလုပ်တွေကို သေမယ့်နေ့ထိ လုပ်နေကြတာနဲ့ တူတယ်။ မလူပ်နိုင်တဲ့ နောင်တွေကို သေမယ့်နေ့အထိ ရုန်းကြတာနဲ့ တူတယ်။

ပြီးတော့ကော မရှောင်နိုင်တဲ့ ဘေးတွေကို ရှောင်နေရတယ်။ မအေးနိုင်တဲ့ အပူတွေကို သေမယ့်နေ့ထိ ပူနေရတယ်။ မယူနိုင်တဲ့ အရာတွေကိုလည်း သေမယ့်နေ့အထိ ယူချင်နေတယ်။

တစ်ခါတလေများဆို မရေရာတဲ့လမ်းပေါ်မှာ လျှောက်နေရတာပဲ။ မရေရာတဲ့ လမ်းပေါ်လျှောက်ပြီး မမှန်နိုင်တဲ့နေ့ကို မှန်းမျှော်နေရတာလောက် စိတ်ဆင်းရဲဖွယ်ကောင်းတာ မရှိပါဘူး။

ခက်တာက မပြည့်နိုင်တဲ့ ဆန္ဒတွကို ပြည့်ချင်နေတဲ့ ဆန္ဒက ခက်တာပါ။ မ၀နိုင်တဲ့ အာသာကို လိုလားသူတွေလည်း ဒူးနဲ့ဒေးပဲ။

လူ့ဘ၀ထဲမှာ ကူညီ ညှာတာတဲ့လူတွေကို တွေ့ရတတ်သလို မညှာတာ ရက်စက်တဲ့ လူနဲ့လည်း တွေ့ရတတ်ပြန်တယ်။

ကိုယ်က ကူညီနိုင်သလို၊ အချို့ကိစ္စတွေမှာ ကိုယ်က လုံးဝမကုန်နိုင်ဘဲ လက်ပိုက်ကြည့်ရတဲ့ အဖြစ်မျိုးလည်း ဖြစ်ရတတ်ပြန်ပါတယ်။

သည်လိုမျိုးစုံအောင် ဆန္ဒတွေ၊ လိုအင်တွေ၊ အခက်အခဲတွေ ပြဿနာတွေ တင်းကြမ်းပြည့် ကြုံဆုံနေရတဲ့ လူ့ဘ၀မှာ ကူညီနိုင်တာက ကိုယ့်သီလ၊ ဒါပါပဲ။

ဟုတ်တယ်။ ဘ၀ကိုကောင်းကျိုး ပေးနိုင်တာက လူ့သီလ။ သီလဆောင် အိုတောင် မဆင်းရဲပါဘူး။

ဘာသီလမှ မလိုပါဘူး။ တူဖြစ်နှံ၊ ပေဖြစ်ခံ၊ လွတ်ရင်စား၊ မိရင်ခံ၊ လစ်ရင်နိုက်၊ တိုက်ရင်ခိုက်ဆိုတဲ့ အတွေးအခေါ်မျိုး၊ ရွာလွန် ရွက်တိုက် သိပ်မိုက်ချင်တဲ့ စိတ်မျိုး၊ သူများ မျက်ခုံးမွှေးပေါ် စင်္ကြံလျှောက်ချင်တဲ့ စိတ်မျိုးတွေနဲ့ လူဟာ အဲသည်မျက်ခုံးမွေးပေါ်က လိမ့်ကျတတ်တယ်။

သီလလမ်းပေါ် မလျှောက်ဘဲနဲ့ မျက်ခုံးမွေးပေါ် တက်လျှောက်ချင်တာကိုး။ မခိုင်တော့ ချော်ကျတာပေါ့။

ဆင်းရဲ ချမ်းသာမှ မဟုတ်ပါဘူး။ ကိုယ့်အတွက်ပဲ ကျင့်ရင် တစ်ဖို့တည်း ကျင့်တဲ့အတွက် ကိုယ်ကျင့်တရား မဟုတ်ဘဲ နွားကျင့်တရား ဖြစ်တော့မှာပေါ့။

သည်မှာကြုံလို့ တွေးခေါ်ရှင် ဆီနီးကားရဲ့ ဘ၀အတွေးအခေါ်တစ်ခုကို ဖော်ပြရရင် “ဘ၀ဆိုသည်မှာ ပုံပြင်တစ်ခုကဲ့သို့ပင် မည်မျှရှည်လျားသည်မှာ အဓိက မဟုတ်။ မည်မျှကောင်းသည် ဆိုးသည်မှာသာ အဓိကဖြစ်သည်” တဲ့။

ပြီးတော့ အတွေးအခေါ်ရှင် ဆီနီကားကပဲ “သင်အသက်ရှင်နေသ၍ ဘယ်လို နေထိုင်ရမည်ကို အမြဲလေ့လာ ဆည်းပူးနေပါ”တဲ့။

တွေးခေါ်ရှင် ဂါထေး (ဂိုးအာသာ) ကတော့ “အသုံးမ၀င်သော အသက်ရှင်နေခြင်း ဘ၀မျိုးဟာ စောစောသေနေခြင်းပါပဲ” တဲ့။

ဂျွန်ဟူ(ဂျ)ကတော့ “အသက်ရှည်စွာ နေထိုင်ရေးသည် လူတိုင်း၏ ဆန္ဒဖြစ်သော်လည်း ကောင်းမွန်စွာ နေထိုင်ရေးကား လူအချို့၏ မျှော်မှန်းချက်သာ ဖြစ်တယ်” လို့ ဆိုပါတယ်။

အဲသည်တော့ အသက်ရှည်စွာ နေထိုင်ရေး အတွက်မှာ သီလ လိုသလို၊ ကောင်းမွန်စွာ နေထိုင်ရေးမှာလည်း သီလလိုပါတယ်။

ကိုယ်တွင်းယုတ်မာ ကိလေသာာ၊ ပညာသီလမျိုးနွယ်တို့ရဲ့ ဂုဏ်ကျေးဇူးကို ဖျက်တာမို့ ဘ၀ကို ဖျက်တာနဲ့ အတူတူပါပဲ။

သီလမရှိရင် “ကြီး၊ ပေါ၊ ကြာ၊ ကြောင်” ဖြစ်တတ်ပါတယ်။ ကြီး၊ ပေါ၊ ကြာ၊ ကြောင် မဖြစ်အောင် အသက်အရွယ်ရလာတာနဲ့အမျှ သတိထားပါ။ ဆင်ခြင်ပါ။

ပြီးတော့ ဘာသာတရားတွေမှာ အချိန်ပေးပါ။ အချိန်နည်းနည်းလေး ယူပြီး ဘာသာတရားမှာ ပျော်မွေ့ရင်တော့ ဓမ္မပီတိကို ရပါလိမ့်မယ်။ ဓမ္မပီတိလေးတွေ ဝေလာတာနဲ့အမျှ ကိုယ့်မှာ သီလလေးတွေ တွယ်လာမှာပဲ။ အဲဒါကြောင့် စာဖတ်နေရေးအတွက် မအားလပ်တဲ့ အချိန်တွေ ကြားထဲက ဘာသာတရားအတွက် အချိန်တွေ ပေးပါ။ သီလကို ဇွတ်ဆောက်တည်ပါ။

ခက်ခဲတဲ့ အခြားကိစ္စတွေတောင် ဇွတ်တရွတ် လုပ်သေးတာပဲ။ သီလကို ဇွတ်တရွတ် ဆောက်တည်ရင် ဘာဖြစ်လို့ မရရမှာလဲ။

ဘ၀မှာ လူမုန်းမှာကို မကြောက်နဲ့ - မကြောက်ရဘူး။

ဘ၀မှာ သီလပျက်မှာကို ကြောက်ပါ - ကြောက်ရမယ်။

ဟိုစကားတွေတော့ ရှိတယ်။ “လူဖြစ်လျက် ဘုန်းကြီးလိုကျင့်ရင် စီးပွားပျက်တတ်တယ်။ ဘုန်းကြီးဖြစ်လျက် လူလိုကျင့်ရင် သီလပျက်တယ်” တဲ့။

ဒါပေမယ့် ဘုန်းကြီးကဲ့သို့ မကျင့်ဘဲ လမ်းစဉ်မှန်မှန်ချမှတ်ပြီး စီးပွားရှာရာမှာ လူ့သီလနဲ့လုပ်ရင် စီးပွားမပျက်ပါဘူး။ စီးပွားမပျက်တဲ့အပြင် ၊ တက်တောင် တက်ပါသေးတယ်၊ မတက်ဘဲ မနေပါဘူး။

-ဒါနပြုရင် ရွှင်မှ၊
သီလဆောက်တည်ရင် ငြိမ်မှ၊
ဘာဝနာပွားရင် မှိန်မှ အကျိုးပွားတယ်တဲ့။


ဘ၀မှာ နံပါတ်တစ်အချက်အဖြစ် အလိုအပ်ဆုံးက သီလ။

အဲသည်တော့ ဘ၀နဲ့သီလကို ပူးပေါင်းနိုင်အောင် ကြိုးစားကြရပါလိမ့်မယ်။


(သုတေသီဘုန်းမြင့်သွေး)

No comments:

Post a Comment