ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 8 July 2011

၁၂ - ဒုတိယပတိဗ္ဗတာဝိမာန၀တ္ထု

၁၀၁။အာနုဘော်ကြီးသောနတ်သမီးသင်သည် ကြောင်မျက်ရွဲဖြင့် ပြီးသောတိုင်ရှိသော နှစ်သက်စဖွယ် ပြိုးပြိုးပြက်ပြက် ပြအရောင်အဆင်းရှိသော အမျိုးမျိုးဆန်းကြယ်သော ဗိမာန်တက်၍ ထိုဗိမာန်ထက်၌ အထူးထူးအပြားပြားသော တန်ခိုးတို့ကို ဖန်ဆင်းလျက် နေဘိ၏။ ဤနတ်သမီးတို့သည်လည်း သင်၏ ထက်ဝန်းကျင်၌ ကလည်း ကကြကုန်၏၊ သီလည်း သီဆိုကြကုန်၏၊ ၀မ်းမြောက်ရွှင်လန်းခြင်းကိုလည်း ဖြစ်စေကြကုန်၏။

၁၀၂။ အာနုဘော်ကြီးသော နတ်သမီး သင်သည် နတ်တန်ခိုးအာနုဘော်နှင့် ပြည့်စုံခြင်းသို့ ရောက်၏၊ လူဖြစ်ခဲ့စဉ်က သင်သည် အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဘူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း။

၁၀၃။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက် ဖြစ်သော) အကျိုး၏အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြား လျှောက်ထား၏။

၁၀၄။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်စဉ်အခါက စက္ခုငါးပါးရှိတော်မူသော မြတ်စွာဘုရား၏ ဥပါသိကာမ ဖြစ်ခဲ့ဘူးပါ၏၊ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့ပါ၏၊ လောက၌ မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ခဲ့ပါ၏။

၁၀၅။ သေအရက်စသော ယစ်မျိုးကို မသောက်ခဲ့ပါ၊ မဟုတ်မမှန်သော စကားကို မပြောဆိုခဲ့ပါ၊ မိမိလင်ဖြင့်သာ နှစ်သက် ရောင့်ရဲခဲ့ပါ၏၊ နှစ်သက်သော စိတ်ရှိသည် ဖြစ်၍ ဆွမ်းကို၎င်း အဖျော်ကို၎င်း ရိုသေစွာ ပေးလှူခဲ့ဘူးပါပြီ။

၁၀၆။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ် ရပါကုန်၏။

၁၀၇။ တန်ခိုးအာနုဘော်ကြီးသော ရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏။ လူဖြစ်ခဲ့စဉ်က အကျွန်ုပ်သည် အကြင် (သရဏဂုံယူခြင်း သီလဆောက်တည်၍ ကျင့်ခြင်း စသော) ကောင်းမူကို ပြုခဲ့ဘူးပါပြီ၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် အရောင် အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု ဖြေကြား၏)။

တစ်ဆယ့်နှစ်ခုမြောက်သော ဒုတိယပတိဗ္ဗတာဝိမာန၀တ္ထု ပြီး၏။

No comments:

Post a Comment