ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 8 July 2011

၁၃ - ပဌမသုဏိသာဝိမာန၀တ္ထု

၁၀၈။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူ သင်သည် အလွန် နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေလျက် တည်နေဘိ၏။

၁၀၉။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုး ချမ်းသာ) ပြည့်စုံရသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ကုန်သနည်း။

၁၁၀။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါမေးပါ၏၊ လူဖြစ်ခဲ့စဉ်က သင်သည် အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဘူးသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော် ရှိသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း။

၁၁၁။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက် ၀မ်းသာ ဤ (မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြား လျှောက်ထား၏။

၁၁၂။ အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်စဉ်အခါက ယောက္ခမအိမ်၌ ချွေးမ ဖြစ်ခဲ့ဘူးပါ၏။

၁၁၃။ (ထိုအခါ) အကျွန်ုပ်သည် ကိလေသာ မြူကင်းသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျုသာ စိတ်ရှိသော ရဟန္တာကို ဖူးမြင်ခဲ့ရပါပြီ၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ရဟန္တာအား မုံ့ကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ဘူးပါပြီ၊ အကျွန်ုပ်ရသော အဖို့မှ ထက်ဝက်အဖို့ကို ပေးလှူခြင်းကြောင့် နန္ဒ၀န်ဥယျာဉ်၌ မွေ့လျော်ရပါ၏။

၁၁၄။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ထိုသို့သော အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုး ချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။

၁၁၅။ တန်ခိုးအာနုဘော် ကြီးတော်မူသော ရှင်ရဟန်း အရှင့်အား အကျွန်ုပ် ဖြေကြားပါ၏။ လူဖြစ်ခဲ့စဉ်က အကျွန်ုပ်သည် အကြင်(မုံ့လှူခြင်း) ကောင်းမူကို ပြုခဲ့ဘူးပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်သည် ဤသို့ တောက်ပသော အာနုဘော် ရှိပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏ (ဟု ဖြေကြား၏)။

တဆယ့်သုံးခုမြောက်သော ပဌမသုဏိသာဝိမာန၀တ္ထု ပြီုး၏။



No comments:

Post a Comment