ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 3 July 2011

ငယ်စဉ်ကတည်းက သီလ အရေးကြီးတယ်

ငယ်စဉ်အချိန်ကတည်းက (အကျင့်ကောင်း)တွေကို တည်ဆောက်နိုင်မှ ပိုကောင်းတယ်။

ကြီးမှ အကျင့်သီလ ကောင်းအောင် ကြိုးစားရတာထက် ငယ်စဉ်ကတည်းက စနိုင်ရင် အောင်မြင်ထွန်းကားမူဟာ သေချာတာပဲ။ အရေး၊ အဖတ်၊ အတွက်တွေ သင်စ၊ လူမှန်းသိစကတည်းက အပြစ်ကင်းနိုင်သမျှ ကင်းပြီး၊ စည်းကမ်းရှိနိုင်သမျှ ရှိရင် ဒုတိယအရွယ်ဟာ သိပ်ဒုက္ခ၊ သုက္ခ မများပါဘူး။ အတိတိကံကြောင့် ဒုက္ခတွေ များနေတောင်မှ အဲသည်လို ငယ်စဉ်မှာ ပြင်လာတဲ့လူဟာ သက်သာတယ်။

“သူ့အကျိုး၊ ကိုယ့်အကျိုး”ကို သိဖို့ စာပြုသူရဲ့ ဖခင် ဖြစ်သူက အထူးသတိပေး သင်ခဲ့ဆုံးမခဲ့တယ်။ “အများအကျိုးဆောင်ချင်တဲ့စိတ်ကြောင့် ကိုယ့်အကျိုးဟာ အလိုလို ဖြစ်လာလိမ့်မယ်ကွ”လို့ အကြိမ်ကြိမ် ပြောဆိုဆုံးမပြီး အများကိစ္စတွေ မကြာခဏ လုပ်ခိုင်းတယ်။ စာပြုသူဟာ မလုပ်ချင်၊ လုပ်ချင်နဲ့ လုပ်ရတယ်လေ။ အဲသည်အချိန်က သဘောလည်း သိပ်မပေါက်ဘူး။ ငယ်သေးတော့ ဟိုဟာလုပ်ခိုင်း၊ ဒီဟာလုပ်ခိုင်းဆို မလုပ်ချင်ဘူး။ တစ်ခါတလေ စိတ်တောင်ညစ်ပါတယ်။ ကင်းထောက် လူငယ်အဖွဲ့လည်း ၀င်ခိုင်း၊ သိုင်းသင်တန်းလည်း တက်ခိုင်း၊ ခရီးလည်း ထွက်ခိုင်း၊ အရပ်ထဲက ဟိုအသုဘ၊ သည်အသုဘလည်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကူခိုင်းတာပဲ။ အဖေက သွားခိုင်းလုပ်ခိုင်းလို့ မလုပ်မဖြစ် လုပ်ရတယ်။ သိပ်စိတ်မပါဘူး။ ရှက်တယ်။ တစ်ခါတလေ ဘောလုံးကစားချိန်မျိုး လုပ်ခိုင်းရင် စိတ်အဆိုးဆုံးပဲ။ မျက်ရည်တောင် ကျရပါတယ်။

ဒါပေမယ့် အသက်ဆယ့်ခြောက်နှစ်လောက်မှာ နည်းနည်းရိပ်မိလာတယ်။ အများအကျိုးဆောင်တာဟာ ကိုယ့်အတွက်လည်း သိပ်ကောင်းမှန်း သိလာတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖခင်ဟာ တိုင်းရေးပြည်ရေးကိစ္စနဲ့ ထိန်းသိမ်းခံရတယ်လေ။

အဲသည်မှာ အံ့သြစွာနဲ့ စာပြုသူဟာ အကျိုးတွေ ခံစားရတော့တယ်။ ဖခင် အိမ်မှာမရှီလို့ ကျောင်းစရိတ် မပူရဘူး။ အ၀တ်အထည် မပူရဘူး။ ဆေးရုံတက်နေစဉ်က စာပြုသူ သွားစောင့်အိပ်ပေးဖူးတဲ့ အဘိုးကြီး က ကျောင်းစရိတ် တာဝန်ယူတယ်။ ရပ်ကွက်ထဲက နာရေးမှာ ကူလုပ်ပေးခဲ့ဖူးတဲ့ လူတွေကလည်း တွေ့တိုင်း ရက်ခြားဆိုသလို မုန့်ဖိုးပေးနေတယ်။ စာပြုသူတို့အိမ်က ထီးအစုတ်အပြဲကြီးကို ပေးလိုက်ထူးတဲ့ ဘရာကြော်ကုလားကြီးကလည်း တွေ့ရင် ဘရာကြော် အလကားကျွေးတာပဲ။ အဆင်အားလုံး ချောနေတယ်။ အဲသည် ဘရာကြော်ကို စားရင်းက အဖေပြောလေ့ရှိတဲ့ “သူ့အကျိုး ကိုယ့်အကျိုး” ဆိုတဲ့ ခဏခဏကြားရလေ့ရှိတဲ့ စကားသံကို နားထဲမှာ ပြန်ကြားလာတယ်။

နှစ်နှစ်ကြာပြီ ဖခင်ပြန်လွတ်လာလို့ စာပြုသူက ဖခင်ကို အားရ၀မ်းသာ သည်အဖြစ်တွေ ပြန်ပြောတဲ့အခါမှာ ဖခင်က သည်လို ထပ်ပြောပြတယ်။

“ကိုယ့်မှာ အကြောင်းမညီညွတ်လို့ သူများအကျိုးကို မသယ်ပိုးနိုင်တောင်မှ ကိုယ့်အကျိုးအတွက် သူတစ်ပါး စိတ်တဆင်းရဲ၊ ကိုယ်ဆင်းရဲ မဖြစ်စေရဘူး”တဲ့။

အဖေ့စကားက စာရေးသူ ခေါင်းထပ်ရူပ်သွားတယ်။

အဲသည်အချိန်တွေကတော့ သည်စကားတွေဟာ စာပြုသူအဖို့ သဘောမပေါက်တပေါက်ပါ။ အဖေဟာ သူများဆီက အကူအညီမယူရဘူးလို့ ပြောတာများလားဆိုပြီး သဘောမပေါက်တပေါက် ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့်ဗျာ၊ ၀မ်းနည်းစရာကောင်းတဲ့ အချက်ကတော့ စာပြုသူဟာ ငယ်စဉ်က အများအကျိုးဆောင်စိတ် ထက်သန်ပြီး လုပ်နိုင်ခဲ့သလောက် အိမ်ထောင်ကျ ကလေးတွေကလည်း ရလာရော၊ အများအကျိုးကို နည်းနည်းလေမှ အချိန်မပေးနိုင်တော့ဘူး။

ဘ၀အနေအထားက အများအကျိုးအတွက် အချိန်မပေးတော့ဘူး။ အဲဒါကြောင့်လည်း ကိုယ့်ဘ၀နဲ့ ကိုယ်ချင်းစာပြီး အများအတွက် အကျိုးမဆောင်နိုင်ကြတဲ့လူတွေကို ခွင့်လွှတ်စိတ်နဲ့ မြင်လာတယ်။ သူတစ်ပါးကို မကူညီတောင် သွားမနှောင့်ယှက်မိဖို့ အရေးကြီးပါတယ်။

စာရိတ္တတွေ၊ အကျင့်တွေကို ကလေးဘ၀ကစပြီး သင်ပေးမှ ဖြစ်တယ်။ ကြီးမှသင်ရင် ပြင်ရတာမလွယ်ဘူး။ ငယ်ကကောင်းပြီး ကြီးမှမိုက်တဲ့ (ကြီးမိုက်) ဖြစ်ရင်လည်း ဆိုးတယ်။ ငယ်ကဆိုးပြီး ကြီးတော့ လိမ္မာသွားရင် တော်ပါသေးတယ်။

ရွှေကျင်ဆရာတော်ဘုရားကြီးရဲ့ သိဿကောဝါဒ စကားပုံမှာ အပြစ်ပြ၍ ဆုံးမသူကို ရွှေအိုးပေးသူဟု ဆည်းကပ်ရမယ်လို့ ဆိုတယ်။ ပြီးတော့ ပန်းဘဲဆရာအထုမခံသော သံတုံး လက်နက် မဖြစ်။ ကျောက်ဆစ်ဆရာ အဖြတ်မခံရသော ကျောက်တုံး အရုပ်မဖြစ်။ ဆရာကောင်း အဆုံးအမ မခံရသော တပည့်သူကောင်းမဖြစ်။

မဃဒေ၀မှာတော့ -
“ငယ်ခါကလျှင်၊ မသင်ပညာ
ဥစ္စာမစု၊ သူ့ကိုချစ်ဖျက်
သူ့သက်သတ်စား၊ သူ့မယား၌
ပြစ်မှားတုံဘိ၊ ပစ္စည်းရှိလျက်
စိုးစိမလှူ၊ မွေးမြူမိဘ
မပြုရနှင့်၊ ဆုံးမ မနာ
ပညာရှိထံ၊ နည်းခံမှတ်
အမြတ်မကျင့်၊ ဤဆယ်ဆင့်ကား
ကြီးရင့်ဇရာ၊ အိုသောခါလျှင်
ပူဆာနောင်တ၊ ရတတ်စွတည့်” လို့ ဆုံးမ ဖော်ပြခဲ့တယ်လေ။ ဆုတ်ယုတ်ကြောင်း အကျင့်ဆယ်ပါးပါ။

တာဝန်တွေကို ငယ်စဉ်ကတည်းက တစ်နိုင်စီပေးတာ ကောင်းတယ်။ နိုင်သလောက်ကို မိဘ၊ ဆရာတွေက သင်ပေး၊ ခိုင်းပေးရင် တာဝန်သိစိတ်၊ တာဝန်ယူချင်စိတ် ငယ်ကတည်းက စလာမှာပဲ။

မိဘတွေအပေါ်မှာ သားသမီးတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတယ်။

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ ကိစ္စမျိုးတွေလေ။

တာဝန်ပေးတာ ကောင်းရာကိုညွှန်တာပဲ။ အကျင့်သီလကောင်း တစ်မျိုးပဲ။

တာဝန်နဲ့ စည်းကမ်းဆိုတာ။ လူ့လောကအတွက် အရေးကြီးလှတဲ့ အခြေခံအချက်ပါ။

လူရယ်လို့ဖြစ်လာရင် တာဝန်ကို ရှောင်လို့မရဘူး။ ကြီးသူက ကြီးသလိုတာဝန်၊ ငယ်သူက ငယ်သလို တာဝန်ရှိတယ်။ နိုင်သလောက်တော့ ပေးလာတဲ့ တာဝန်ကို ထမ်းရမှာပဲ။ လူမူရေးနယ်ပယ်နဲ့ တာဝန်ပိုင်းဟာ ဒွန်တွဲနေတယ်။

လူဟာ တာဝန်ပျက်ကွက်ရင် ပျက်ကွက်သလောက်၊ တာဝန်ယူချင်တဲ့ အသိစိတ် ခေါင်းပါးရင် ခေါင်းပါးသလောက် လူ့သိက္ခာ ကျတာပါပဲ။ အောင်မြင်တဲ့ဘ၀လည်း မရဘူး။

သည်တော့ တာဝန်စိတ်ကတို ငယ်စဉ်ကတည်းက ကျင့်ပေးရမယ့်။ ယနေ့ကလေးပေမယ့် နောင်မှာ မိဘဖြစ်ရဦးမှာ မဟုတ်လား။

တာဝန်ရဲ့တန်ဖိုးကို ငယ်ကတည်းက သိလာခဲ့တဲ့ လူငယ်တွေဟာ စီးပွားရှာတဲ့အရွယ်လည်း ရောက်ရော သူများထက် ခေါင်းတစ်လုံး ပိုမြင့်နေတာ၊ ပိုမြင့်နေတာ တွေ့ရတတ်ပါတယ်။ တာဝန်ရဲ့ တန်ဖိုးကို သိတာနဲ့အမျှ ကိုယ်ထူးကိုယ်ချွန်ချင်တဲ့ အတွေးအခေါ် ၀င်လာပါတယ်။

ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးကိုလည်း မသိတတ်ခင် အချိန်ကတည်းက နားယဉ်အောင် ပြောရမယ်။ သိတတ်လာတာနဲ့ စိတ်ဝင်စားလာအောင် အမျိုးမျိုး အဖုံဖုံ စည်းရုံးရပါမယ်။

ရတနာ သုံးပါးဂုဏ်ကျေးဇူး၊ မိဘဆရာ ဂုဏ်ကျေးဇူးတွေ မသိတတ်တာလောက် အရုပ်ဆိုးတာ မရှိပါဘူး။

အချို့က မိဘကိုက ဂရုတစိုက် သင်မပေးလို့ မသိတာပါ။ မိဘက စားဝတ်နေရေးကို အချိန်ပေးနေရတော့ သိပ်ပြီး ဂရုတစိုက် မလုပ်နိုင်တာမျိုးတွေလည်း ရှိပါတယ်။

အချို့လူငယ်တွေဟာ သီလဆိုတာကို စကားအဖြစ် သိတယ်။ အကြမ်းသဘောပေါက်တယ်။ သီလရဲ့ တန်ဖိုးကို မသိဘူး။

အချို့ကျတော့ မိဘလုပ်တဲ့လူကိုယ်တိုင်က သီလရဲ့ တန်ဖိုးကို မသိတော့ ခက်ရော။ ဘာသီလတဲ့။ ရတဲ့တက်နဲ့လှော်၊ ဆိုက်ချင်ရာကမ်းဆိုက်ပဲ။ စားရဖို့၊ ၀တ်ရဖို့ အရေးကြီးတယ်ဆိုတဲ့ အယူအဆ၊ သူတို့လည်း ကျင့်သုံး၊ ကလေးတွေကိုပါ ပြသနေတော့တယ်။ အဲဒီတော့ ဒိဋ္ဌိတွေ ဖြစ်ကုန်ကြရောပေါ့။

ဘုရား၊ တရား၊ သံဃာနဲ့ သီလ၊ သမာဓိ၊ ပညာတွေရဲ့ ဂုဏ်ကျေးဇူးကို အမြဲမပြတ် သတိရနေရမယ်။ ပြဿနာတက်၊ ဒုက္ခတွေ့၊ ထမင်းငတ်မှ သတိရကြရမှာ မဟုတ်ဘူး။

အချို့က ဒုက္ခတွေ့မှ ဘုရား၊ တရား သတိရတယ်။ ငယ်စဉ်ကတည်းကသာ စစ်မှန်တဲ့ လမ်းပေါ်ရောက်ပြီး အကျင့်သီလရဲ့ တန်ဖိုးနည်းနည်းလေး သဘောပေါက်ထားရင် သည်လိုမဖြစ်ဘူး။ အမှန်တကယ်တော့ စားတာ၊ ၀တ်တာ၊ ပြောဆိုတာ၊ လူပ်ရှားတာတွေဟာ ငယ်ကတည်းက စတဲ့ အရာပါ။

အစကောင်း အနှောင်းသေချာဆိုသလို ဖြစ်သင့်တယ်။

အိပ်ရာဝင်ရင် ဘုရားရှိခိုးခိုင်းသင့်တယ်။ ခရီးသွားရင် မိဘတွေ ရှိခိုးခိုင်းသင့်တယ်။ ၀ါလကင်းလွတ် သီတင်းကျွတ်တွေမှာ လူကြီးသူမ ဆွေမျိုးတွေကို ကန်တော့ခိုင်း သင့်တယ်။

အဲတာာ ဂုဏ်ပကာသနအလုပ် မဟုတ်ပါဘူး။ မာန်မာနကို နှိမ့်ချတဲ့ အလေ့အကျင့်ကို စကျင့်တာပါ။

“အုံးဖျာခေါင်းချ၊ ဆံစလက်တင်
မအိပ်ခင်က၊ သုံးအင်ရတနာ
ကိုးကွယ်ရာ၏” လို့ သြ၀ါဒထူးပျို့မှာ ဆိုတယ်။

အိပ်ရာဝင် ကန်တော့ကျင့် ရှိတာ သိပ်ကောင်းပါတယ်။ ရတနာသုံးပါး ကန်တော့လိုက်ရင် တစ်နေ့လုံး ရူပ်ထွေးနေတဲ့ စိတ်ဟာ ငြိမ်းချမ်းပြီး ငြိမ်ကျသွားတတ်ပါတယ်။

ငယ်စဉ်ကတည်းက သီလကို ထိန်းနိုင်သမျှ ထိန်းနိုင်တဲ့ လူငယ်တွေဖြစ်အောင် မိဘတွေက သတိထား ကြိုးစားပေးရမှာပါပဲ။

နို့မို့ရင် မိခင်ကို နားရွက်ကိုက်တဲ့ ဇာတ်လမ်းမျိုးတွေတောင် ဖြစ်လာနိုင်တယ် မဟုတ်လား။ ငယ်ငယ်က သားကို မဆုံးမခဲ့လို့လေ။

လောကနီတိမှာ -
“သားကို ငယ်က၊ မဆုံးမသော်
မိဘတစ်လည်၊ ရန်သူမည်၏” တဲ့လေ။

ကိုယ်ချစ်တဲ့ ရင်သွေးငယ်၊ သားသမီးတွေကို လူမိုက်မဖြစ်ရအောင် ကိုယ့်ရန်သူ မဖြစ်ရအောင် ငယ်စဉ်ကတည်းက သီလရဲ့ တန်ဖိုးအဓိပ္ပါယ်ကို ကြိုးစားပြကြပါ။ သီလသာ ငယ်စဉ်ကတည်းက ခိုင်ရင် လောကကြီးမှာ လူတစ်လုံး သူတစ်လုံးပဲ။


(သုတေသီဘုန်းမြင့်သွေး)

No comments:

Post a Comment