ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 4 July 2011

ချမ်းသာချင်ရင် သီလဆင်

စိတ်ချမ်းသာချင်လား။ ကိုယ်ချမ်းသာချင်လား။ ရွှေငွေဥစ္စာပစ္စည်း ချမ်းသာချင်သလား။ ယခုဘ၀ ချမ်းသာချင်သလား။ နောင်ဘ၀ရော ချမ်းသာချင်သလား။ ကိုယ်တစ်ယောက်တည်း ချမ်းသာချင်သလာ။ အိုချိန်ရောက်မှ ချမ်းချမ်းသာသာ နေချင်သလား။

ချမ်းသာချင်တဲ့အတွက် ဘယ့်ဆရာဆီက ဘာအဆောင်မှ ဆင်မြန်းမနေပါနဲ့။ စိတ်မချ မသေချာပါဘူး။

ချမ်းသာချင်ရင် ဆက်မြန်းရမှာက သီလ။

ဟုတ်ပါတယ်။ ချမ်းသာချင်ရင် သီလဆင်ရပါ့မယ်။ သီလမရှိလို့တော့ မချမ်းသာပါဘူး။ ချမ်းသာလည်း ခေတ္တ ခဏပါ။ ထာဝရ မရဘူး။ သီလမှ ထာဝရ ချမ်းသာမယ်။

ဓမ္မပဒ တရားတော်မှာ -

“သီလရှိခြင်းသည် အိုသည့်တိုင်အောင် ချမ်းသာ၏။ အခိုင်အမြဲတည်သော သဒ္ဓါတရား ရှိခြင်းသည် ချမ်းသာ၏။ အသိဉာဏ်ပညာကို ရခြင်းသည် ချမ်းသာ၏။ မကောင်းမူကို မပြုခြင်းသည် ချမ်းသာ၏” လို့ ပိုဒ်ရေ ၃၃၇မှာပါတယ်။

စာပြုသူ မြင်ဖူးတဲ့ လက်သမားဆရာကြီး တစ်ယောက်အကြောင်း ပြောပြမယ်။ အဲသည့် လက်သမားဆရာကြီး ဦးလေးညိုဟာ သီလရှီလို့ အိုသည့်တိုင်အောင် ချမ်းသာစွာ နေနေတယ်လို့ပဲ လေ့လာသုံးသပ်မိပါတယ်။

သည်လိုပါ။ ချမ်းသာတယ်ဆိုလို့ အဲသည် ဦးလေးညိုဟာ သိန်းပေါင်းများစွာ ချမ်းသာတာလား ဆိုရင်တော့ သူ့လက်ထဲမှာ ငွေတစ်သိန်းတောင် မရှိပါဘူး။ နှစ်ထပ်အိမ်ကြီး တစ်လုံးနဲ့ ခြံတစ်ခြံရှိတယ်။ မြောင်းမြမြို့ ကျွန်းတောပိုင်းမှာ နေပါတယ်။

ဘကြီးညိုနဲ့ စာပြုသူဟာ ရင်းနှီးသလို အောင်သိန်း၊ ထွန်းကြည်၊ သန်းတင်၊ စောရဲမြင့်တို့လည်း ရင်းနှီးကြတယ်။

စာရေးသူတို့ သူငယ်ချင်းငါးဦးဟာ ဦးလေးညို ခြံထဲက ကွင်းပြင်မှာ ဆော့ကစားတဲ့ အရွယ်က အတူရှိခဲ့ကြဖူးပါတယ်။ ဦးလေးညိုကတော့ သည်လူငယ်ငါးဦးကို ခင်မင်တယ်။ သူရဲ့ သားနှစ်ယောက် ဖြစ်တဲ့ ဖိုးအောင်နဲ့ ဖိုးမောင်တို့လိုပဲ ကျွေးမွေးသုတ်သင် ခင်မင်တာပါ။

ကျွန်တော်တို့ တစ်တွေ ရန်ကုန်ပြောင်းရွှေ့နေပြီး မြောင်းမြပြန်တိုင်းမှာ ဘကြီးညိုခြံကို စာပြုသူ သွားပါတယ်။ ဘယ်အချိန် ဘယ်နှစ်ခါသွားသွား ဘကြီးညိုဟာ အသက်အရွယ် အိုမင်းလာတာကလွဲလို့ အမြဲပဲ ယခင်လို ရှိနေတယ်။

စာပြုသူတို့ ဧည့်သည်သုံးလေးဦးကို ဘယ်နှစ်ရက်ကျွေးရမလဲ။ ဆယ်ရက်၊ အရက်နှစ်ဆယ်တော့ သာသာလေးပါ။ ညည်းလည်း မညည်းပါဘူး။ မျက်နှာလည်း တစ်ချက် မပျက်ဘူး။ ဘကြီးညိုဟာ အရင်လို လက်သမားဆရာကြီး မလုပ်တော့ပေမယ့် စီးပွားရေး ပြေပြေလည်လည်ပဲ။ တပည့်တပန်းတွေက များပါဘိ။ စားစရာ ပေးတဲ့လူ၊ ကွမ်းဆေးဖိုး ထောက်ပံ့တဲ့လူ၊ ငွေကြေး ကန်တော့တဲ့လူနဲ့၊ သူ့ရဲ့ လိုအပ်ချက်ဖြည့်မယ့်လူတွေ အဆင်သင့်ပါပဲ။

အရပ်ကလည်း ချစ်တယ်။ ဟင်းကောင်းချက်ရင် ဘကြီးညိုအိမ်ပို့တယ်။ သူ့ အိမ်ဟာ ဘုန်းကြီးကျောင်း ကျနေတာပဲ။ တစ်ခေါက် မြောင်းမြရောက်ခဲ့ပြီး ပြန်အလာမှာ စာရေးသူဟာ သူငယ်ချင်းတွေနဲ့ ဘကြီးညိုအကြောင်း ပြောဖြစ်ကြတယ်။

“ဟေ့ကောင်တွေ - ငါ ဘကြီးညို အိမ်ရောက်ခဲ့သေးတယ်”

အဲသည်လို အပြောမှာ အားလုံးက “ အရင်လိုပဲလား”လို့ ပြိုင်တူ မေးကြတယ်။

“အေး - အရင်လိုပဲကွ။ အဲဒါ အံ့သြစရာပဲနော်”

“ဟုတ်တယ်ကွ။ ငါလဲ အံ့သြတယ်။

စာပြုသူ စကားကို ထောက်ခံပြောဆိုသူက စောရဲမြင့်ပါ။ သူက သင်္ဘောသား၊ ခုဒုတိယခေါက် ပြန်ရောက်တာ ကြာပြီ။ သင်္ဘောပြန်မတက်ရသေးဘူး။ ဘိုင်လည်း ပြတ်နေပြီ။ သူ့ကားလည်းရောင်းပြီး သင်္ဘောစ မလိုက်ခင်က ကြွေးတွေဆပ်ရတယ်။ ပြီးတော့ သူ့မိဘ နည်းနည်းပေးတာနဲ့မို့ ယခုဘိုင်ပြတ်နေပါပြီ။ိ

“ဘကြီးညိုက တို့မြောင်းမြသွားတိုင်း ပုံမှန်ပဲနော်။ အခက်အခဲဖြစ်တာတို့၊ ဒုက္ခဖြစ်နေတာတို့လဲ ဒီအရွယ်ထိ မတွေ့ရဘူးကွ”

အဲသည်စကားကို ပြောသူက ငယ်သူငယ်ချင်း သန်းတင်ပါ။ သူက ရုပ်ပြတွေ၊ သိုင်းဝတ္ထုတွေ ထုတ်တယ်။ သိုင်းဝတ္ထုတွေ ခေတ်စားဏဉ်ကတော့ သူလည်း သူဋ္ဌေးပဲ။ သုံးနိုင်တယ်။ သိုင်းဝတ္ထုတွေ ခေတ်မှိန်တော့ သူလည်း မွဲပြီ။ အဲသည်မှာ ဆိုဆိုးတာက ကတိမတည်တဲ့ ပန်ချီဆရာတစ်ဦးက သူ့ဆီက နှစ်အုပ်စာ ယူပြီး အလုပ်ကတိပျက်လို့ သူ့မှာ မွဲသွားတော့တယ်။ သူက ဘကြီးညိုရဲ့ မပြောင်းလဲတဲ့ဘ၀ကို အံ့သြနေတယ်။

“တို့တွေ ဘယ်အချိန်သွားသွား ဘကြီးညိုက ကျွေးနိုင်တယ်။ သူရန်ကုန်မှာ မျက်စိလာပြတဲ့ သုံးရက်ကို တို့တွေ ပြည့်ပြည့်စုံစုံ မကျွေးမွေး မပြုစုနိုင်တာ စိတ်မကောင်းဘူး”

စာရေးသူက အဲသည်လို ပြောတော့ -

“အေးကွ - အဲဒီတုန်းက ငါလဲ အားနာတယ်။ တို့မှာ တာဝန်မကျေဘူး၊ အဲဒီရက်မှာ ခက်တာက ငါကလဲ”

ထွန်းကြည်စကားကို သည်မှာပဲ ရပ်တယ်။ သူကစက်မူ တက္ကသိုလ် ကျောင်းဆင်းပါ၊ အရာရှိငယ်ပါ။ သူ့အိတ်က ဖောင်းလိုက်၊ ပိန်လိုက်နဲ့။ ဘကြီးညို ရန်ကုန်လာတဲ့ရက်က သူ့မှာ အရူံးပေါ်နေတဲ့အချိန်။ ပိုက်ဆံ ခန်းနေတဲ့အချိန်ပေါ့။

“တို့တွေဟာ တက္ကသိုလ်ပညာတတ်တွေ။ ပြီးတော့ မြို့ပျော် အကြံဉာဏ် ပွင့်သူတွေ။ ဒါပေမယ့် တို့ဘ၀တွေကျတော့ မငြိမ်ဘူးကွ။ ဘကြီးညိုလို တည်တည်ငြိမ်ငြိမ် မနေနိုင်ဘူး။ ဟိုကောင် သင်္ဘောသားလဲ ဖွတ်။ ဒီအင်ဂျင်နီးယာလဲ ခါးလိုက် ချိုလိုက်။ ဟိုစာရေးဆရာ သုတေသီကတော့ တစ်သက်လုံး မွဲနေတဲ့ကောင်”

စာပြုသူကို လက်ညှိုးနောက်ဆုံးထိုးပြီး ပြောသူကတော့ မင်္ဂလာဈေးထဲမှာ ဆိုင်ထွက်တဲ့ အောင်သိန်းပါ။ ဆိုင်ထွက်တယ်ဆိုလို့ သူ့ဆိုင်လို့တော့ မထင်ပါနဲ့။ သူ့ယောက္ခမဆိုင်ပါ။ မိန်းမက ကြည်ဖြူရင် ဆိုင်ကပ်ပြီး ပိုက်ဆံရှင်းတယ်။ မိန်းမ စိတ်ကောက်ရင် သူငယ်ချင်းတွေဆီက လက်ဖက်ရည် ကပ်သောက် နေရတဲ့ကောင်ပါ။

စာပြုသူတို့ သူငယ်ချင်းတစ်သိုက် စကားလက်ဆုံကျပြီး ဘကြီးညိုအကြောင်းပြောနေချိန်မှာ မြောင်းမြက ဦးဇင်းကြီး အရှင်စန္ဒာဝရ ကြွလာပါတယ်။ ရန်ကုန်ရောက်ရင် သန်းတင်အိမ်ကို အမြဲကြွတတ်ပါတယ်။

စာပြုသူတို့နဲ့အတူ အရှင်စန္ဒာဝရက စကားဝင်ပြောတယ်။ ဦးဇင်းကြီးက ဘကြီးညိုအကြောင်း ပြောနေတာကို သိသွားတယ်။ အတန်ကြာအောင် သူက နားထောင်စဉ်းစားနေပြီး စာပြုသူတို့ သူငယ်ချင်းတစ်သိုက်ကို ဆုံးမစကား ပြောတယ်။

ဆုံးမစကားက -

“သီလရှိခြင်းဟာ အိုသည်တိုင်အောင် ချမ်းသာတယ်။ အခိုင်အမြဲတည်တဲ့ သဒ္ဓါတရားရှိခြင်းက ချမ်းသာတယ်။ အသိဉာဏ်ပညာကို ရခြင်းက ချမ်းသာတယ်။ မကောင်းမူကို မပြုခြင်းက ချမ်းသာတယ်။”

- ဘကြီးညိုဟာ ရတနာသုံးပါးကို အမြဲမပြတ်ဆည်းကပ်ကိုးကွယ်တယ်။


- သူ တတ်ကျွမ်းတဲ့ လက်သမားအတတ်ပညာပေါ်မှာ ကျွမ်းကျင်အောင်လည်း ကြိုးစားတယ်။စိုက်လိုက်မတ်တတ် အိုတဲ့အထိလည်း လုပ်ခဲ့တယ်။

- ဥပုသ်နေ့တိုင်း ဥပုသ်သီလ ဆောက်တည်တယ်။

- ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနားဆိုတဲ့စိတ်မျိုးရှိတယ်။ နေတတ် စားတတ်၊ သဘာဝကို တတ်သိနားလည်တယ်။

- မုသာဝါဒ ဘယ်တော့မှ မပြောဘူး။

“အဲဒါကြောင့် ချမ်းသာချင်ရင် သီလ ဆင်တဲ့။ မင်းတို့က သီလမှ မရှိတာ။ ဘကြီးညိုက သီလ ရှိတယ်” တဲ့လေ။

(သုတေသီဘုန်းမြင့်သွေး)

No comments:

Post a Comment