ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 10 January 2011

ဖူးစာမှန် လွဲရိုးတဲ့လား




“ဟိုမှာ ဟိုမှာ သစ္စာခင်…သစ္စာခင်”

ဆိုသည့် ကျော်ကျော်မင်း၏ ထိတ်လန့်တကြား အော်ဟစ်သံကြောင့် ကျွန်တော် ကြက်သီးဖြန်းခနဲထလျက် ကျော်ကျော်မင်း၏ လက်ညှိုးညွှန်ရာဆီသို့ ကမန်းကတန်း လှည့်ကြည့်ရသည်။ ကျွန်တော့်နည်းတူ ကျော်ဇောနှင့် မိုးထွန်းလည်း ပြူးတူးပြဲတဲနှင့် လှည့်ကြည့်ကြသည်။

သစ္စာခင်ကို မတွေ့မမြင်ရပါမှ ကျော်ကျော်မင်း တမင်တကာ နောက်ပြောင်ခြင်းမှန်းသိကာ ကျွန်တော် အသက်ရှူရဲတော့သည်။ သို့သော် ရုတ်တရက် ဆောင့်တက်လာသော ကြောက်စိတ်ကတော့ သိပ်မပြယ်ချင်သေး။ ကျွန်တော် ကျော်ကျော်မင်းကို ရူပ်တည်တည်ကြည့်ပြီး ပါးစပ်လူပ်ဆဲရေး လိုက်သည်။

“၀ါးဟားဟား”

ကျော်ကျော်မင်း သဘောကျပြီး ရယ်မောလေရာ ကျော်ဇောနှင့် ဖိုးထွန်းလည်း အလိုတူအလိုပါ လိုက်လံရယ်မောတော့သည်။ ကျွန်တော်လည်း သည်ကောင်တွေကို ဘာမျှတုပြိုင် ပြောဆိုမနေတော့ဘဲ လက်ဖက်ရည်လက်ကျန်ကို တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်ပစ်လိုက်သည်။

“မဟုတ်တာလုပ်ထားတဲ့လူမှန်း သိသာတယ်။ အလိုလိုနေရင်းကို မလုံမလဲဖြစ်နေတာ”

“ဟား ဟား ဟား”

ကျွန်တော့်ကို စောင်းမြောင်းပြောဆိုနေသော မိုးထွန်းကို သဘောကျန်ဖြင့် ကျော်ကျော်မင်းနှင့် ကျော်ဇောက လိုအပ်တာထက် ပိုမိုကျယ်လောင်စွာ ရယ်မောကြ၏။ ဘေးဝိုင်းများကပင် သတိထားမိပြီး လှည့်ကြည့်ကြသည်။

ကျွန်တော် လက်ဖက်ရည်ခွက်ကို ရေနွေးအနည်းငယ်ထည့်၍ ဆေးကျင်းလိုက်ပြီးနောက် ရေနွေးဖြည့်ကာ သောက်ရန်ပြင်လိုက်သည်။ ထိုစဉ်
“ဟိုက် ဟိုမှာ သစ္စာခင် သစ္စာခင်”

ဆိုသည့် ကျော်ဇော်၏ ထိတ်လန့်တကြားအော်ဟစ်သံကြောင့် ကျွန်တော် သောက်လက်စရေနွေးပင် သီးမတတ်ဖြစ်သွား၏။ သို့ပေမဲ့ ကျွန်တော့ကိုယ် ကျွန်တော် ထိန်းကျောင်းနိုင်လိုက်သည်။ ကျွန်တော်က အမူမထားသောမျက်နှာဖြင့် ကျော်ဇောကို တစ်ချက်ကြည့်ကာ “ဒါမျိုးတွေရိုးနေပြီ” ဟူသော အပြုံးကို ပြုံးပြလိုက်သည်။

“ဟား …ဟုတ်တယ်ကွ၊ သစ္စာခင်မှ သစ္စာခင် အစစ်”

“ဟာ … ဒီကိုလာနေတာပဲကွ”

ကျော်ကျော်မင်းနှင့် မိုးထွန်းသည်လည်း ကျော်ဇော လက်ညှိုးညွှန်ရာဆီသို့ ပြုးပြဲလှမ်းကြည့်ပြီး ကျွန်တော် ကြောက်အားပိုစေရန် ၀ိုင်းဝန်းညာသံပေးကြ၏။

ပေါင်းသင်းလာတာ သည်လောက်ကြာပြီ၊ သည်ကောင်တွေအကြောင်းများ မသိတာကျလို့။ တစ်ခါပဲ အလိမ်ခံမည်။ နှစ်ခါအလိမ်မခံ။

“ဟိတ်ကောင် … တကယ်ပြောနေတာ…နောက်လှည့်ကြည်ဦး”

“နိုး … နိုး”

ကျွန်တော် ရယ်မယောင် ခပ်လှောင်လှောင် မျက်နှာပေးဖြင့် ခေါင်းခါရမ်းပြရင်း သည်ကောင်တွေ၏ သတိပေးမူကို ပြက်ရယ်ပြုလိုက်သည်။ သည်ကောင်တွေလည်း မအောင်မြင်သော သူတို့၏ အကြံအစည်အတွက် သူတို့ဘာသာ စိတ်ပျက်သွားဟန်ဖြင့် မျက်နှာတွေ မအီမလည် ဖြစ်ကုန်ကြပါသည်။

ကျွန်တော် သဘောကျန်ဖြင့် ဟက်ခနဲ တစ်ချက်ရယ်လိုက်ရင်း သည်ကောင်တွေကို စကားဖြင့် အနိုင်ယူနှိပ်ကွက်ရန် ပြင်ဆင်လိုက်သည်။

“ဘယ်လိုလဲ … မအောင်မြင်သော ထိုဇာတ်ကြီးအတွက် သိပ်ကို စိတ်အားပျက်သွားသလား။ ဘော် … ဘော် … ဘော် … ဘော် … ဒါ …ဒါ”

“ကိုမျိုးမင်း”

ကျွန်တော် စကားဆုံးအောင် မပြောနိုင်လိုက်ပါ။ နောက်ကျောဆီမှာ မိန်းမတစ်ယောက်၏ ပိုင်စိုးပိုင်နင်း နာမည်ခေါ်သံကြောင့် စကားထစ်လျက် ခန္ဓာကိုယ်ဆတ်ခနဲ တုန်သွားရကာ ကပျာကယာ လှည့်ကြည့်မိသည်။

သစ္စာခင်... ဟုတ်ပါသည်။ ကျွန်တော့် နောက်ကျောတွင် သစ္စာခင်ဆိုသော ဖက်တီးမက အခန့်သားရောက်လို့နေပါပြီ။ ကျွန်တော်လည်း လန့်ဖျပ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့။ ဟိုကောင် သုံးကောင်ကို အားကိုးတကြီး ကြည့်သော်လည်း တစ်ယောက်မျှ အားကိုးရမည့် ပုံမပေါ်။ “မင်းထိုက်နဲ့ မင်းကံ မင်းပဲခံ” ဆိုသည့်သဘောထားကို ဆောင်ကြဉ်းထားသည်။ သူတို့မျက်နှာများက အမြင်ကတ်ဖွယ် ဖော်ပြနေကြသည်။

“သြော် ဘယ်သူများလဲလို့ အဟဲ သစ္စာခင်ကိုး အဟဲ”

ကျွန်တော် မသက်မသာရယ်ပြ နူတ်ဆက်ရင်း သစ္စာခင်၏ လက်နှစ်ဖက်ဆိုသို့ အကဲခတ်ရသေးသည်။ ပြောမရ။ ကျွန်တော့်ကို တိုက်ခိုက်ချေမူန်းဖို့ ကိရိယာတွေ ဆောင်လာနိုင်သည်။ လက်ထဲတွင် ဘာလက်နက်မျှမတွေ့ရမှ ကျွန်တော်လည်း စိတ်သက်သာရာ ရသွားတော့သည်။

“တော်ပါသေးရဲ့”

“ဘာတော်ပါသေးရဲ့လဲ”

ကျွန်တော် စိတ်သက်သာရာရမူကို နူတ်မှ လွှတ်ခနဲ ထုတ်ပြောလိုက်မိသေးသည်။

“သြော် … ဟို … ဟို မတော်သေးပါဘူး”

သစ္စာခင်ဆိုသည့် ဖက်တီးမက ပြဿနာရှာရန်ဟူသော ရည်ရွယ်ချက်ကို ရင်မျာပိုက်လာဟန်တူသည်။ ကျွန်တော့်မှာ အယောင်ယောင်အမှားမှားဖြင့် ဘာပြောလို့ ပြောရမည်မှန်း မသိတော့။

“သြော် - တစ်ယောက်တည်းလားလို့ မေး … မေးတာပါ”

“ ဘယ်နှယောက်တွေ့လို့လဲ”

“တစ် … တစ်ယောက်တည်းပဲ တွေ့ပါတယ်”

“ဒါဆိုလည်း တစ်ယောက်တည်းလားလို့ ဘာလို့အပိုလုပ်ပြီး မေးနေရတာလဲ”

“ဟုတ် … ဟုတ်ကဲ့”

“ဘာဟုတ်ကဲ့လဲ”

“အဲဟိုလေ … ဖက်ရည်လေး ဘာလေး သောက်ပါဦးလား”

“အင်း သောက်မယ် … မှာလိုက်”

“ဟုတ်ကဲ့ … ဟုတ်ကဲ့”

ကျွန်တော် အကြီးအကျယ် ညစ်သွားရကာ ခုံတစ်လုံးဆွဲပြီး အခန့်သား ၀င်ထိုင်လိုက်သော သစ္စာခင်အတွက် လက်ဖက်ရည် တစ်ခွက် လှမ်းမှာပေးရသည်။ သစ္စာခင်ကတော့ ဗလအားကိုးဖြင့် အနိုင်ကျင့်ချင်သည့်ထင့်။ ဟိုသုံးကောင်ကိုပါ တစ်ယောက်ချင်းစီ မိုက်ကြည့် ကြည့်လိုက်သေး၏။ သည်ကောင်တွေလည်း သစ္စာခင်၏ဒေါသ သူတို့အပေါ် မကျစေရန် မျက်နှာချိုသွေးသောအားဖြင့် သွားကြီးတွေဖြီးလျက် အပြိုင်အဆိုင် ရယ်ပြကြ၏။

“အဟဲ”

“အဟဲ”

သစ္စာခင်ကတော့ အကြွေးရှင်တစ်ယောက်၏ မျက်နှာထားမှ တစ်ပြားသား မလျော့တမ်း ပုံဖမ်းထားရင်း ပေါက်စီ တစ်လုံးကို ယူစား၏။ ကျွန်တော်တို့ သူငယ်ချင်းတွေ တစ်ယောက်ကိုတစ်ယောက်မျက်နှာငယ် လေးများဖြင့် လှမ်းကြည့်မိ၏။ သစ္စာခင်လည်း ပေါက်စီစားပြီးသည်နှင့် လက်ဖက်ရည် ဆက်သောက်ပြန်၏။ လက်ဖက်ရည်သောက်ပြီးသည်နှင့် အကြမ်းပန်ကန်တစ်လုံးကို ကျွန်တော့ရှေ့ ထိုးပေးရင်း ရေနွေးဖြည့်ခိုင်း၏။ ကျွန်တော်လည်း ကျိုးကျိုးနွံနွံဖြင့် ရေနွေးဖြည့်ပေးပြီး ရေနွေးခွက်ကို သစ္စာခင်ရှေ့သို့ ပြန်ပို့ပေးရ၏။

သစ္စာခင်က ရေနွေးခွက်ကို လှမ်းယူကိုင်လိုက်သော်လည်း မသောက်သေးဘဲ ကျွန်တော့်ကို တစ်ချက်ကြည်၏။ သစ္စာခင်၏ မာကြောသော အကြည့်ကြောင့် ကျွန်တော် လန့်ဖျပ်သွားရပြန်သည်။ ကျွနတော့မျက်နှာကို ရေနွေးဖြင့် လှမ်းပိုက်လိုက်လို့ကတော့ ဒုက္ခ။ တော်ပါသေးသည်။ လက်ထဲမှ ရေနွေးခွက်ကို စားပွဲပေါ် ပြန်ချထားလိုက်၍သာ။

“ကိုမျိုးမင်း”

“ခ … ခင်ဗျာ”

“ရှင်တို့ ယောက်ျားတွော ဒီလိုပဲလား”

“ဘာ … ဘာလို့လဲဟင်”

“ဘာ ဘာလို့လဲရမှာလဲ။ ရှင်လုပ်ထားတဲ့ အပြစ်ကို ရှင်မသိဘူးလား”

“သိ … သိပါတယ်”

“သိရင်လည်း ပြောပြစမ်းပါဦး …. ရှင့်မိုက်ပြစ်တွေကို”

ကျွန်တော်လဲသာ သေလိုက်ချင်တော့သည်။ အတတ်နိုင်ဆုံး ရှောင်ပုန်းနေသည့်ကြားက သစ္စာခင်ဆိုသည့် ဖက်တီးမနှင့်မှတိုးဖြစ်အောင် တိုးရသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းသည်လည်း ကျဉ်းကျဉ်းလေးဖြစ်ကြောင်း ကျွန်တော် သဘောပေါက်သွားတော့သည်။

“ကျွန်တော် … ကျွန်တော်လည်း အဲဒီကိစ္စအတွက်ပဲ တောင်းပန်ချင်နေတာ”

ကျွန်တော့်စကားကို သဘောကျဟန်ဖြင့် သစ္စာခင် မဲ့ပြုံးပြုံးလေ၏။ ဘယ်လောက်များ နမော်နမဲ့နိုင်လိုက်သည့် ကောင်လဲဆိုတာ ကျွန်တော့်ကိုကျွန်တော် အထင်ကြီးစိတ်တွေ လွှမ်းမိုးနေသော မြင်ကွင်းကို ပြန်မြင်ယောင်မိသည်။

တိတိယနှစ် (IR) တက်နေသော မိန်းကလေး တစ်ဦးကို ကျွန်တော်ရင်ခုန်မိသည်။ ထို့ကြောင့် အမရဆောင် သူမ၏ အတန်းသို့သွားပြီး သူမကိုသွားခံစားသည်။ ကျွန်တော့အကြည့်များမှ တဆင့် ကျွန်တော့်အချစ်ကို သူမ သိလောက်ပြီဟု ယူဆယုံကြည်နိုင်သောနေ့မှာသူမ၏စာသင်ခုံမှာ ၀င်ထိုင်ပြီး သူမကို စကားသွားပြောသည်။ ကျွန်တော့ကိုကျွန်တော် အမည်ပြောပြမိတ်ဆက်ပြီး သူမနာမည်ကို မေးသည်။ သူမက မပြော။ သည်မှာတင် ကျွန်တော်က လူလည်ကြီးလုပ်ပြီး သူမ၏ လွယ်အိတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ယူကြည့်လိုက်သည်။

သစ္စာခင်
တတိယနှစ် (IR)

ဆိုသည်ကို တွေ့ရသည်။ သည်မှာတင် ကျွန်တော်သူမနာမည်ကို “သစ္စာခင်” ဟူ၍သာ စွဲမြဲမှတ်သားပြီး ချစ်ခွင့်တွင်တွင်တောင်းသည်။ သူမ အဖြေပေးမည်ဆိုသောနေ့မှာတော့ ကျွန်တော် ဒုက္ခလှလှ တွေ့ရတော့သည်။ ကျွန်တော် ရည်းစားစကားလိုက်ပြောနေသော သူမ၏ နာမည်ကား သစ္စာခင် မဟုတ်ပါဘဲ၊ သစ္စာခင် အစစ်အမှန်မှာ ယခု ကျွန်တော့်ကို ပြဿနာရှာနေသော ဖက်တီးမသာလျှင် ဖြစ်ချေတော့သည်။ ကြည့်ရသည်မှာ သစ္စာခင်ထံမှ သူမက စာအုပ်ငှားထားချိန်နှင့် ကျွန်တော်က သူမ၏ လွယ်အိတ်ထဲမှာ စာအုပ်ကို ထုတ်ယူပြီး သူမ၏နာမည်ကိုကြည့်ချိန် တိုက်ဆိုင်သွားဟန် တူပါသည်။ သူမ လွယ်အိတ်ထဲမှ စာအုပ်ဖြစ်သဖြင့် ထိုစာအုပ်သည် သူမစာအုပ်ပဲဟု ကျွန်တော် အပိုင်တွက်လိုက်ခြင်းဖြစ်သည်။ သို့သော်ကံများ ဆိုးချင်တော့လည်း လူနှင့်နာမည် လွဲဖြစ်အောင် လွဲသွားရသည်။

“အဟမ်း … အဟမ်း”

ကျွန်တော့်ထံမှ စကားသံ တော်တော်နှင့် ထွက်ပေါ်မလာသဖြင့် သစ္စာခင် ချောင်းဟန့်သံပေးပြီး ကျွန်တော့်ကို သတိပေးကာ စိတ်မရှည်ကြောင်းပြောသည်။ ထို့ကြောင့် ကျွန်တော်လည်း ပျာပျာသလဲ ရှင်းပြရတော့သည်။

“ပြောရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်က ပေါ့ဆ ညံ့ဖျင်းလွန်းတာပါ။ ကျွန်တော်က မသစ္စာခင်ရဲ့ သူငယ်ချင်းနာမည်အမှန်ကို သေချာသိအောင် အားထုတ်သင့်ပါလျက်နဲက အားမထုတ်ခဲ့ဘူး။ လွယ်လွယ်ကူးကူပဲ သူ့နာမည်ကို သစ္စာခင်လို့ မှတ်ခဲ့တယ်..။ ဒါကြောင့်လည်း အခုလို မဖြစ်သင့်တဲ့ ကိစ္စ ဖြစ်လာရတာပဲ”

“ဖြစ်သင့်တဲ့ ကိစ္စတွေ၊ မဖြစ်သင့်တဲ့ ကိစ္စတွေ ကျွန်မစိတ်မ၀င်စားဘူး၊ ရှင့်ပါးစပ်က သစ္စာခင်ကို ချစ်တာပါဆိုတာ ပြောခဲ့သလား။ မပြောခဲ့ဘူးလား”

“ဒါ…ဒါက သူ့နာမည်ကို ကျွန်တော်က သစ္စာခင်လို့ပဲ ထင်မှတ်နေတာကိုး”

“ထင်မှတ်တဲ့ကိစ္စတွေ လာပြောမနေနဲ့၊ မကြားချင်ဘူး၊ ကျွန်မပြောချင်တာက ၇ှင်ကိုယ်တိုင် သစ္စာခင်ဆိုတဲ့ အမည်ကို အကြိမ်တစ်သောင်းလောက်ခေါ်ပြီး တကယ်ချစ်တာပါ၊ အဟုတ်ချစ်တာပါ၊ သောက်ကျိုးနည်းချစ်တာပါဆိုပြီး ပြောခဲ့သလား၊ မပြောခဲ့ဘူးလား ဆိုတာပဲ”

“ဟုတ် … ဟုတ်ကဲ့ ပြောခဲ့ဖူးပါတယ်”

“ဒါဆို ပြီးပြီပေါ့ ဘာမှ အပိုတွေ ပြောစရာမလိုတော့ဘူးပဲ၊ ကဲ ရှင်တို့လည်း ကြားတယ်နော်၊ ရှင်တို့ သူငယ်ချင်း ပြောတာကို၊ ချစ်တယ်လို့ပြောတုန်းက ပြောပြီး အဖြေပေးတော့မှ ရူးသလို ပေါသလိုလုပ်ပြီး ရှောင်ပြေးတယ်။ ဒါမျိုး ဘယ်ရမလဲ၊ ဒီကိစ္စ ဘယ်သူလွန်တယ် ဘယ်သူမလွန်ဘူးဆိုတာ ရှင်တို့လည်း ဉာဏ်ပညာကြီးမားတဲ့ လူကြီးလူကောင်းတွေပဲ သဘောပေါက်မှာပေါ့။”

သစ္စာခင်ဆိုသည့် မာရ်နတ်၏ သမီးဦးကား ကျွန်တော့်ကို ပြေးပေါက်မရှိအောင် ပိတ်ဆို့နေသည့်အပြင် ကျွန်တော့် သူငယ်ချင်းတွေကိုလည်း စစ်ကူခေါ်လိုက်သေးသည်။ ဟိုကောင်တွေကလည်း သစ္စာခင်ကို ကြောက်လို့လား၊ ဒါမှမဟုတ် ရှင်တို့လည်း ဉာဏ်ပညာကြီးမားတဲ့ လူကြီးလူကောင်းတွေပဲ” ဆိုသည့် သစ္စာခင်၏ မြှောက်ပင့်လုံးကို သဘောခွေ့လို့လားမသိ၊ တည်ကြည်သော မျက်နှာထားကိုယ်စီဖြင့် ခေါင်းတဆတ်ဆတ် ညိတ်ပြကြ၏။ ကျွန်တော် အမြင်ကတ်ကတ်ဖြင့် ကြိတ်ပြီး ဆဲရေးလိုက်သည်။

သစ္စာခင်ထံမှ အောင်နိုင်သူ တစ်ယောက်၏ လေသံက နားမချမ်းမြေ့ဖွယ်ထွက်ပေါ်လာပြန်သည်။

“ဒီမယ် … ကိုမျိုးမင်း”

“ဟုတ် … ဟုတ်ကဲ့”

“ဘာပဲပြောပြော သစ္စာခင်ဆိုတဲ့ ကျွန်မဟာ မိန်းမသားလေ”

“ဟုတ် … ဟုတ်ကဲ့”

ကျွန်တော်ဟုတ်ကဲ့သာ ထွင်ထွင်လိုက်ရင်း ပြေးပေါက်ရှာနေရသည်။ ကြာရင် သူ့စကားတွေ နားထောင်ပြီး ကျွန်တော် ရူးသွားနိုင်သည်။ စကားလုံးတွေရော မျက်နှာအမူအရာပါ ပိုမိုထိရောက်စွာ ခံစားလာသော သစ္စာခင်၏ သရုပ်ဆောင်မူ အောင်မြင်ပါသည်။ ဟိုသုံးကောင်တောင် သစ္စာခင်၏ ဇာတ်မှာ မျောနေကြသည်။

“အခုဆိုရင် ကျွန်မဘယ်လောက် အရှက်ရပြီး နစ်နာနေသလဲဆိုတာသိရဲ့လား။ ကိုမျိုးမင်းက သစ္စာခင်ကို ချစ်ပါတယ်ဆို ပြောခဲ့ပြီးမှ သစ္စာခင် အဖြေလည်း ပြန်ပေးရော ခင်လို့နောက်တာပါ ဘာညာဆိုပြီး အရူးဇာတ်ခင်းပြီး ရှောင်ပြေးရောတဲ့ကြည့် ဘယ်လောက်ရှက်ဖို့ကောင်းသလဲ၊ ကိုမျိုးမင်းနဲ့ ကျွန်မက ရန်ငြိုးရှိလို့ ကျွန်မကို အခုလို ရက်ရက်စက်စက်ချိုးရတာလဲဟင်”

သစ္စာခင်တစ်ယောက် ဇာတ်နာသထက်နာအောင် အပြောကောင်းလို့ထင်၏။ ကျော်ကျော်မင်း၊ ကျော်ဇောနှင့် မိုးထွန်းတို့သည်ပင် ကျွန်တော့်ကို ဘုကြည့်ကြည့်ကြ၏။ ကျွန်တော်ကိုယ်တိုင်လည်း သစ္စာခင်ကို အားနာသွားရသည်။ သို့သော် မတတ်နိုင်။ ဒီလိုကိစ္စမျိုးက အားနာလိုမရ။
ပြောရရင် ကျွန်တော်မှားသော်လည်း မလွန်ပါ။ လွန်သည်မှာ သစ္စာခင် ဘက်က ဖြစ်သည်။

ကျွန်တော် အကြိမ်ကြိမ် အခါခါ ချစ်ရေးလိုက်ဆိုနေသည်မှာ မည်သူ့ကိုမှန်း ရှင်းရှင်းလင်းလင်း သိပါလျက်နဲ့ မသိကျိုးကျင်ပြုပြီး ကျွန်တော့်ကို ပညာပြခဲ့သည်။ လူနှင့် နာမည် လွဲပြီး ချစ်ရေးဆိုခဲ့သည့် ကျွန်တော့ဟာကွက်ကိုနင်းပြီး ကျွန်တော့်ကို တိုက်ရိုက် စော်ကားခဲ့သည်။ ကျွန်တော့်အချစ်ကို အတိအလင်း ပြက်ရယ်ပြုခဲ့သည်။ တကယ်တမ်း အချိုးခံရသည်မှာ ကျွန်တော်သာလျှင် ဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်မိတော့သည်။ အစကတော့ ဒါကို မစဉ်းစားမိ။ ယခုမှ စဉ်းစားမိခြင်းဖြစ်သည်။

ကျွန်တော် တွေးရင်း တွေးရင်းနဲ့ တနုန့်နုန့် ခံစားရလျက် စိတ်ကို ဖြေနိုင်အောင် ကြိုးစားသည့်အနေဖြင့် သစ္စာခင်နှင့် အကြည့်လွှဲပြီး ဟိုဒီ လျှောက်ကြည့်နေမိသည်။ ကျွန်တော်တို့ ထိုင်နေသော အာရ်စီ လက်ဖက်ရည်ဆိုင်ကတော့ စကားသံတွေ ဝေစည်လျက်ပင်။

စာကြည့်တိုက်ဘက်ကို ကျွန်တော်အကြည့် ရောက်သွားချိန် ကျွန်တော့် သွေးကြောတွေ တင်းခနဲဖြစ်သွားရသည်။ ကျွန်တော့်ကို လုပ်ကြံခဲ့သူကြီးကို တန်းခနဲ တွေ့ရသည်။

သူမ …

ကျွန်တော့်ကို အရူးလုပ်ခဲ့သည့် သူမ။ ကျွန်တော် ခံပြင်းစိတ်ဖြင့် ဒေါသတွေ တစ်မုဟုတ်ချင်း ရင့်ထန်သွားရသည်။

“တောက်”

ကျွန်တော် တောက်ခါက်လိုက်ပြီး နေရာမှထကာ သူမဆီသို့ ခပ်သွက်သွက်လျှောက်သွားလိုက်သည် သစ္စာခင်နှင့် ကျွန်တော့်သူငယ်ချင်းမှာ ကြောင်အမ်းအမ်းဖြစ်လျက် ကျွန်တော့်ကို ကြည်သည်။

“သစ္စာခင်ဟု ဆိုလေသူကြီး”၊ ခဏလောက် နေပါဦးခင်ဗျာ”

ကျွန်တော့်အသံကြောင့် သူမ တုန့်ခနဲ ရပ်ပြီး၊ သမင်လည်ပြန်ကြည်၏။ ကျွန်တော်မှန်းသိသည်နှင့် သူမျက်နှာက ပြုံးချင်ရယ်ချင်သလို ဖြစ်လာသည်။
“သြော် ဘယ်သူများလဲလို့ အဟင်း”

“ ဟုတ်ပါတယ်၊ ကျွန်တော်ပါ၊ ခင်ဗျားရဲ့ ချိုးနှိမ်ရက်စက်မူကို လည်စင်းခံခဲ့ရတဲ့ ခပ်ညံ့ညံ့သားကောင် တစ်ကောင်ပါ”
“အို”

ကျွန်တော့် စကာနာထိုးမူက သူမအပေါ်ထိ ထိရောက်သွားဟန်တူသည်။ သူမ အာမေဍိတ်သံပြုပြီး ကျွန်တော့်ကို တအံ့တသြ ပြန်ကြည့်၏။

“ခင်ဗျားဟာ ရုပ်ကလေးလှသလောက် သိပ်ကို ရက်စက်တာပဲ”

“ရှင် ရှင် ဘာတွေ လာပြောနေတာလဲ”

“ကျွန်တော် ဘာတွေလာပြောနေတယ်ဆိုတာ ခင်ဗျားလေးသိပါတယ်။ ကျွန်တော့မှာတော့ ခင်ဗျားကို ချစ်လိုက်ရတာ မပြောပါနဲ့တော့၊ ဒါပေမဲ့ လုပ်ရက်တယ်ဗျာ၊ မလုပ်သင့်မလုပ်အပ်တဲ့ ကိစ္စကိုမှ ရွေးချယ်ပြီး လုပ်ရက်နိုင်တဲ့ ခင်ဗျားနှလုံးသားကို ကျွန်တော် အံ့သြတယ်”

ခံစားချက်ဖြင့် ပြောသောကြောင့် ထင်၏။ ကျွန်တော့်စကားသံတွေက အနည်းငယ် တုန်ခါနေသည်။ ခံပြင်းကြေကွဲမူတွေ ပေါ်လွင်နေသော ကျွန်တော့်မျက်နှာကို ကျွန်တော်ပြန်မြင်နေရသည်။

ကျွန်တော် ခင်ဗျားလေးတစ်ယောက်တည်းကိုပဲ သီးသီးသန့်သန့် ချစ်မိပြီး ကျွန်တော်ကိုယ်တိုင် ခင်ဗျားလေးကို ချစ်ရေးလိုက်ဆိုနေပါလျက်နဲ့ ခင်ဗျားဗျာ၊ ကျွန်တော့ကို …၊ ကျွန်ေတာ့ကို အဖြေပေးမယ်ဆိုပြီး အခြားတစ်ယောက်နဲ့ အစားထိုးလူိုက်တယ် တကယ်ဆို”

“ဒါကတော့် ကိုမျိုးမင်းရဲ့ နူတ်ကကို သစ္စာခင်၊ သစ္စာခင်ဆိုပြီး တဖွဖွ ဖြစ်နေတာလေ၊ ကျွန်မနာမည်က သစ္စာခင်မှ မဟုတ်တာ”

“ကျွန်တော် နာမည်မှားတာပဲ၊ လူမှားတာမဟုတ်ပါဘူး၊ ဒါကို သိသိကြီးနဲ့ဗျာ”

“ကိုမျိုးမင်းအနေနဲ့ ကိုယ်ချစ်တဲ့ မိန်းကလေးရဲ့ နာမည်ကိုတော့ သေချာသိအောင် လုပ်သင့်တာပေါ့ မဟုတ်ဘူးလား”

“ဒါ ကျွန်တော့်ဘက်က အမှားပါ၊ ကျွန်တော် ခင်ဗျားလေးနာမည်ကို မှားသိနေတဲ့ကိစ္စကို ခင်ဗျားလေး ကိုယ်တိုင်က နောက်ပြောင်ချင်စိတ်နဲ့ ဆက်ပြီးလွှတ်ထားပေးသလို အဖြေပေးမယ်ဆိုပြီးတော့လည်း ကျွန်တော် ခင်ဗျားလေးကို မှားခေါ်နေမိတဲ့ နာမည်ပိုင်ရှင်အစစ် သစ္စာခင်ကို လွှတ်ပြီး အဖြေပေးခိုင်းတယ်၊ ခင်ဗျားတို့က ပျော်ချင်လို့ နောက်ချင်ပြောင်ချင်လို့ ပေါ့ပေါ့လေး လုပ်လိုက်တာ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ ကျွန်တော့်ဘက်မှာတော့ လိမ့်နေအောင်ခံစားလိုက်ရတယ်၊ ရှင်းရှင်း ပြောရရင် ကျွန်တော် အစော်ကားခံလိုက်ရတာ၊ အချိုးခံလိုက်ရတာ၊ ခင်ဗျားမို့ လုပ်ရက်တယ်ဗျာ၊ ကျွန်တော်ဘယ်လောက်မျှော်လင့်ခဲ့သလဲ သိလား၊ မချစ်နိုင်ရင် မချစ်နိုင်ဘူးပြော၊ ကျွန်တော် ကျေကျေနပ်နပ် လက်ခံမယ်၊ ဒီလိုနည်းနဲကတော့ဗျာ၊ ကျွန်တော့်ကို မညှဉ်းဆဲသင့်ပါဘူး၊ တကယ်တမ်း အရူးလုပ်ခံခဲ့တာက ဒီကောင်ပါ၊ ကျွန်တော့်ရဲ့ ခိုင်မာလေးနက်တဲ့ ချစ်ခြင်းတရားကို ခင်ဗျားမို့ ပြက်ရယ်ပြုရကတယ်၊ စော်ကားရက်တယ်၊ ကျွန်တော် …. ကျွန်တော့်ဘ၀မှာ တစ်ခါပဲ ချစ်ခဲ့ဖူးပါတယ်။ တစ်ခါတည်းနဲ့ပဲ မှတ်လောက်အောင် ထိလိုက် ခံစားလိုက်ရပါပြီ။ ဘ၀မျာ ဘယ်မိန်းမကိုမှ ချစ်ရဲတော့ပါဘူး”

ကျွန်တော်ခံစားချက်အတိုင်း စီးမျောပြောချလိုက်မိပြီး သူမကို ဆွေးမြေ့နာကျင်စွာ ကြည့်လိုက်သည်။ ထို့နောက် ချာကနဲ လှည်ထွက်လိုက်တော့သည်။

“ကိုမျိုးမင်း”

ကျွန်တော့်နောက်ကျောစီမှ ကျွန်တော့်နာမည်ခေါ်သံကို ကြားလိုက်ရသည်။ ကျွန်တော်နာကြည်း လက်စနဲ့ ဆက်လက်နာကြည်းသွားရန်အတွက် နောက်လှည့်မကြည့်တမ်း ဆက်လျှောက်သွား လိုက်သည်။

“ဘယ်မိန်းမကိုမှ မချစ်ရဲတော့ပေမယ့် ကျွန်မကိုတော့ ဆက်ချစ်ရဲတယ် မုတ်လား”

အပြေးတစ်ပိုင်းလိုက်လာသော ခြေသံတဖျက်ဖျက်နှင့်အတူ ထွက်ပေါ်လာသော စကားသံကြောင့် ကျွန်တော်ရင် ဒိတ်ခနဲခုန်ပြီး ခြေလှမ်းတွေတုန့်ခနဲ ရပ်မိသွား၏။

“ကျွန်မ ကျွန်မ ကိုမျိုးမင်းရဲ့ အချစ်ကို လက်ခံပါတယ်”

ကျွန်တော့်ဘေးမှာ ယှဉ်ရပ်ရင်း မျက်နှာလေးအောက်စိုက်ကာ ပြောလာခဲ့သော စကားကြောင့် ကျွန်တော်သူမကို မယုံနိုင်ကြည့်မိ၏။ အိပ်မက်လေလား။ မဟုတ်ပါ။

ကျွန်တော့်နှလုံးသားရဲ့ တစ်ပါးတည်းသော နတ်သမီးလေးသည် ကျွန်တော့်ဘ၀ဥယျာဉ်နန်းမှာ စံမြန်းဖို့ အသင့်ဖြစ်နေပါပြီ။ အဟုတ်ပြင်းသော ၀မ်းသာကြည်နူးမူတို့သည် ကျွန်တော့်ခန္ဓာကိုယ်အနှံ့ကို တိုးဝှေ့ဝင်ရောက်လာကြသည်။

ကျွန်တော် သူမ၏ဖြူသွယ်ချောနု လက်ချောင်းလေးများကို လှမ်းဆုပ်ကိုင်လိုက်သည်။ သူမ ရှက်ပြုံးလေး ပြုံးရင်း ကျွန်တော့်ကို ကြည့်၏။ ကျွန်တော် မျက်စိ တစ်ဖက် မှိတ်ပြလိုက်သည်။ ထိုအခိုက်မှာပင် နောက်ကျော်ဘက်ဆီမှ လက်ခုပ်သံများ ထွက်ပေါ်လာသည်။
“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”

ကျွန်တော်တို့ နှစ်ယောက်စလုံး ပြိုင်တူလှည့်ကြည့်ရူာ သစ္စာခင်၊ ကျော်ကျော်မင်း၊ ကျော်ဇောနှင့် မိုးထွန်းတို့ကို သွားကြီး အဖြီးသားတွေ့ရသည်။ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

မိန်းမတစ်ယောက်၏ အလှပဆုံး အပြုးသည် ရှက်ပြုးသာလျှင်ဖြစ်ကြောင်း သည်နေ့ ကျွန်တော်ကောင်းစွာ သိလိုက်ပြီ ဖြစ်သည်။ ကျွန်တော်မသိသေးသည်က ချစ်လှစွာသော သူကလေး၏ နာမည်သာ ဖြစ်သည်။

မျိုးကိုမျိုး

Page-142, Idea, February,2004



No comments:

Post a Comment