ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 30 January 2011

ဘုရားပွင့်တော်မူစ သာသနာ မြန်မာနိုင်ငံသို့ ရောက်လာပုံ


မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊(ဘီစီ ၆-ရာစု) တွင် အိန္ဒိယနိုင်ငံ ဥရုဝေလတော မဟာဗောဓိပင်ရင်း အပရာဇိတပလ္လင်ဝယ် သဗ္ဗညုတဥာဏ်တော်ကို ရရှိတော်မူခဲ့သည်။ သတ္တသတ္တာ ရက်ပေါင်း ၄၉-ရက်ကြာ ဆွမ်းအာဟာရ မဘုဉ်းပေးဘဲ ဖလသမာပတ် ချမ်းသာဖြင့် မျှတနေတော်မူခဲ့သည်။ နောက်ဆုံး သတ္တာဖြစ်သော ရာဇာယတန သတ္တာဟတွင် လင်းလွန်းပင်ရင်း၌ ၇-ရက်တိုင်တိုင် ဖလသမာပတ်ချမ်းသာဖြင့် နေတော်မူခဲ့သည်။

ထိုအချိန်တွင် ဥက္ကလာတိုင်းမှ တပုဿ ဘလ္လိက ကုန်သည်ညီနောင်တို့သည် လှည်းငါးရာဖြင့် မဇ္ဈိမဒေသသို့ ကုန်ရောင်းကုန်ဝယ်သွားကြလေရာ ဆွေမျိုးတော်စပ်ဖူးသော နတ်၏ လမ်းညွှန်ချက်အရ မြတ်စွာဘုရား ထံတော်မှောက်သို့ ဖူးတွေ့ရန် ရောက်လာကြသည်။

တပုဿ ဘလ္လိက ကုန်သည်ညီနောင်တို့က မိမိတို့တွင်ပါလာသော ပျားရည် ထောပတ်တို့ ပေါင်းစပ်၍ မုန့်မူန့်နှင့် ဆုပ်ထားသော ပျားမုန့်ဆုပ်ကို ဆက်ကပ်လေသည်။ မြတ်စွာဘုရားသည် စတုမဟာရာဇ် နတမင်းကြီးလေးပါးတို့ လှူဒါန်းအပ်သော သပိတ်တော်ဖြင့် ခံယူတော်မူပြီး ဘုဉ်းပေးသုံးဆောင်တော်မူသည်။ ကုန်သည်ညီနောင်တို့သည် ပထမဆုံး ဆွမ်းကပ်ခွင့်ရရုံမျှမက မြတ်စွာဘုရား ဟောကြားအပ်သော တရားစကားကို နာယူကြပြီး(ဘုရားနှင့်တရား) သရဏဂုံ နှစ်ပါးကို ခံယူဆောက်တည်ခွင့်လည်း ရကြသည်။ ဤဘုရားလက်ထက်၌ ပထမမဆုံး ဒွေဝါစိက သရဏဂုံ(သရဏဂုံ နှစ်ပါး) ဆောက်တည်သူများ ဖြစ်ကြသည်။ သံဃာတော်ဟူ၍ မပေါ်ပေါက် သေးသဖြင့် သံဃသရဏဂုံကို မဆောက်တည်ရ၊ ထို့နောက် အမြဲမပြတ် ကိုးကွယ်ဆည်းကပ်ဖို့ရန် ချီးမြှင့်တော်မူပါဟု လျှောက်ထားကြရာ မြတ်စွာဘုရားသည် လက်ယာလက်တော်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်တော်မူ၍ ပါလာသော ဆံတော်(၈)ဆူကို ၀ါဆိုလဆန်း ၃-ရက်နေ့၌ ချီးမြှင့်တော်မူသည်။

ကုန်သည်ညီနောင်တို့သည် မဇ္ဈိမဒေသမှ မိမိတို့ နေထိုင်ရာ သုဝဏ္ဏဘူမိတိုင်း ဥက္ကလာပဇနပုဒ်သို့ ပြန်လာခဲ့ကြသည်။ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၅-ရက်နေ့၌ ပြန်ရောက်လာကြသည်။ မင်းနှင့်တကွသော ပြည်သူပြည်သားတို့က ကြိုဆို ပူဇော်ကြပြီး သိင်္ဂုတ္တရကုန်းတော်၌ တိကုမ္ဘမည်သော စေတီတော်တည်၍ ဆံတော်မြတ်များကို ဌာပနာကြလေသည်။ ထိုစေတီတော်ကား မြန်မာနိုင်ငံ ရန်ကုန်မြို့တော်တွင် ကိန်းဝမ် စံပယ်တော်မူသော ရွှေတိဂုံစေတီတော်မြတ်ကြီးပင် ဖြစ်လေသည်။

သာသနာတော် အစမှအဆုံးတိုင် တည်တဲ့ ပြန့်ပွား ထွန်းကားတော်မူမည်ကို အနာဂတံသဉာဏ်တော်ဖြင့် သိတော်မူသော မြတ်စွာဘုရားသည် မိမိ၏ သရီရဓာတ်တော် ဆံတော်မြတ်တို့ကို ချီးမြှင့်ပေးသနားတော်မူခဲ့ခြင်း ဖြစ်သည်။ မြတ်စွာဘုရား၏ သာသနာတော်တွင် ပထမဦးဆုံး အထူးခြားဆုံး ချီးမြှင့်တော်မူခြင်း ဖြစ်သည်။ ဤ ဆံတော်မြတ်များသည် ဗုဒ္ဓသာသနာတော်၏ အထိမ်းအမှတ် လက္ခဏာများ ဖြစ်သည်။ သာသနာတော်အစမှ အဆုံးတိုင်တည်နေ ကိန်းဝပ်တော်မူမည့် နိမိတ်ဖြစ်လေသည်။

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်ကပင် (သဇီဝ ဇီဝမာနက) အသက်ရှင်ဆဲသော ကိုယ်တော်မှ ခွဲစိတ်၍ ကိုးကွယ်ရာ ပေးလိုက်သဖြင့် ဆံတော်ကိုလည်း ဇီဝမာနက ဆံတော် - အသက်ရှင်သော ဆံတော်ဟု ရည်ရွယ်၍ ရွှေတိဂုံဆံတော်ရှင်ဟု (ရှင်) ထည့်၍ ခေါ်ဆိုကြသည်။

ရွှေတိဂုံ ဆံတော်ရှင်စေတီတော်မြတ်မှာ ဗုဒ္ဓမြတ်စွာ သာသနာတော်တွင် လူ့ပြည်၌ ရှေးဦးစွာ တည်ထားကိုးကွယ်သော စေတီတော်မြတ် ဖြစ်လေသည်။

ဦးငါးဦး
(၁) ဘုရားရှင်အား ပထမဆုံးဖူးတွေကရသူ(ဘုရားဖူးဦး)၊

(၂) ပထမဆုံး မုန့်ဆွမ်းလှူဒါန်းရသူ (ဆွမ်းလှူဦး)

(၃) ပထမဆုံ ဒွေဝါစိက သရဏဂုံတည်ကြသူ (သရဏဂုံဦး)

(၄) ပထမဆုံး ဆံတော်ရှင် အချီးမြှင့်ခံရသူ (ဆံတော်ဓာတ်တော်ဦး)

(၅) ပထမဆုံး ဘုရားစေတီတည်ကြရသူ (စေတီဦး - ဘုရားဦး)

ဦးငါးဦးဖြင့် သာသနာတော်ကို ကိုးကွယ်ခွင့် ရသောသူများမှာ ဥက္ကလာတိုင်းဖွား မြန်မာပြည်သားတို့ပင်ဖြစ်ကြောင်း သာသနာ့သမိုင်းများတွင် မှတ်တမ်းတင်ခဲ့ကြသည်။ ဤဘုရားလက်ထက်တွင် ဗုဒ္ဓသာသနာတော် မြန်မာနိုင်ငံ၌ ပထမဆုံး အခြေတည်ခြင်ဖစ်သည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာတော်မြတ် အတွက် ဘူမိနက်သန် မှန်ရာဒေသ ဖြစ်လေသည်။

ဥက္ကလာတိုင်းဟူသည်မှာ မြန်မာပြည် သုဝဏ္ဏဘူမိအရပ်ရှိ ဥက္ကလာပတိုင်းပင် ဖြစ်သည်။ ဘုရားမပွင့်မီကပင် ပြောင်းရွှေ့လာကြသော မဇ္ဈိမဒေသ တေလင်္ဂဏတိုင်းသားတို့သည် မိမိတို့ နေရပ်အမည်များကို ယူ၍ ဥက္ကလာ (ဥက္ကလာပ) တိုင်းဟု မှည့်ခေါ်ကြသည်၊ မိမိတို့နေထိုင်ရာမြို့ကိုလည်း အသိတဉ္စနမြို့ဟူ၍လည်းကောင်း၊ ပေါက္ခရ၀တီမြို့ဟူ၍လည်းကောင်း၊ ဥက္ကလာမြို့ဟူ၍လည်းကောင်း အမည်သုံးမျိုးဖြင့် မှည့်ခေါ်ခဲ့ကြကုန်၏။ ထိုမြို့သည်ပင် နောင်အခါ၌ တိဂုံမြို့၊ ဒဂုံမြို့ဟု အမည်တွင်ပြန်၏။ ယခုအခါ ရန်ကုန်မြို့ဟု ခေါ်တွင်လာကြလေသည်။

မြတ်စွာဘုရားရှင် လက်ထက်တော်ကပင် အရှင်ပုဏ္ဏမထေရ်၊ အရှင်ဂ၀ံပတိမထေရ်တို့၏ ပင့်လျှောက်ချက်ကြောင့် မြတ်စွာဘုရားသည် မြန်မာနိုင်ငံသို့ ကြွရောက်တော်မူခဲ့ကြောင်း သမိုင်းမှတ်တမ်းများလည်း ရှိပါသည်။ မြတ်စွာဘုရားတို့ မည်သည် တရားဟောပြ ချေချွတ်ရမည့်သူသာ ရှိပါက ယူဇနာပေါင်း ထောင်သောင်းဝေးကွာသော ဒေသပင်ဖြစ်စေ ကြွရောက်တော်မူခဲ့သည့် သာဓကများ ရှိခဲ့သည်။

အနာဂတံသဉာဏ်တော်မြတ်ဖြင့် အနာဂတ်သာသနာတော် တည်တဲ့ထွန်းကားမည့် မြန်မာပြည်ကို သိမြင်တော်မူမည်မှာလည်း သံသယဖြစ်စရာ မရှိပါချေ။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်ကပင် မြန်မာနိုင်ငံသို့ ကြွရောက်တော်မူ၍ အနာဂတ်သာသနာတော်အတွက် ပရိတ်မေတ္တာစသော တစုံတခုသော ဓမ္မအင်အားများ ပေးသနားတော်မူခဲ့မည်ကိုလည်း ယုံမှားဖွယ် မရှိပေ။

မြတ်စွာဘုရားလက်ထက်တော်ကပင် ၀ိဋဋူဘမင်းသား၏ တိုက်ခိုက်သတ်ဖြတ်မူကြောင့် ဘုရားအမျိုးတော်များဖြစ်သော ကပိလ၀တ်နေပြည်တော်မှ ဓဇရာဇာမင်းသည် မြန်မာနိုင်ငံ တကောင်းပြည်သို့ ရောက်လာခဲ့သည်။ ပထမ တကောင်းဆက်ဘုရင် ဘိန္နကမင်း၏ မိဖုရားကြီး နာဂဆိန်နှင့် “မလည်” အရပ်တွင် တွေ့ရှိကြပြီး အမျိုးတူများဖြစ်ကြသဖြင့် အဘိသိက် ခံယူခဲ့ကြသည်။ ထိုအဘိသိက်ခံယူပြီး ရွှေနန်းတည်တော်မူသည့် အကြောင်းမှန်နန်းရာဇ၀င်၌ မှတ်တမ်းတင်ရာတွင် ရဟန္တာမထေရ်မြတ်နှစ်ပါးတို့က ပရိတ်ရွတ်တော်မူကြောင်းကို တွေ့ရသဖြင့် ဗုဒ္ဓသာသနာသည် တကောင်းပြည်၌ ထွန်းကားနေပြီဖြစ်ကြောင်း သိနိုင်သည်။ သို့သော်လည်း တပြည်လုံး အတိုင်းအတာထိ ကျယ်ပြန့်မူ မရှိသေးပေ။

No comments:

Post a Comment