ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 30 January 2011

သရေခေတ္တရာပြည်သို့ သာသနာတော် ရောက်ရှိလာပုံ

မှန်နန်းရာဇ၀င်တော်ကြီးတွင် သရေခေတ္တရာပြည်ကို သာသနာသက္ကရာဇ် ၁၀၁-ခုနှစ်၊ တန်ခူးလဆန်း ၁-ရက်၌ တည်ကြောင်း အဆိုရှိသည်။ ဒွတ္တပေါင်မင်းကြီးလက်ထက်၌ ရဟန္တာအရှင်မြတ် သုံးထောင်ရှိသည်။ နေ့စဉ် ပစ္စည်းလေးပါး လှူဒါန်း၍ ဓာတ်တော်မွေတော်များကိုလည်း “ပေါပေါ၊ ညည်းညည်း၊ စည်စည်၊ လျောလျော၊ သောကြမ္မာ၊ မြင်ဗာဟု၊ မြသီထင်၊ ဘုရားတောင်၊ ဆုတောင်းပြည့် ၂-ဆူ၊ ပုထိုးကြီး”ဟူ၍ စေတီကြီး ၁၁-ဆူ တည်တော်မူ၏။ ယခုထက်တိုင် ဖူးမြော်နိုင်ကြသည်။

ဒွတ္တပေါင်မင်းကြီး၏ မိဖုရားကြီးများသည် ရဟန္တာအရှင်မြတ်များကို ကိုးကွယ်ကြသည်။ မင်းကြီးသမီးတော် သုဝဏ္ဏမာလာ မင်းသမီးသည် မဟာယာမ ရဟန္တာမထေရ်ကြီး၏ တရားကို နာကြားရသဖြင့် အခြွေအရံ တစ်ထောင်နှင့်အတူ ဘိက္ခုနီမ ၀တ်သည်၊ သုဓမ္မာထေရီအမည်ဖြင့် ထင်ရှားတော်မူသည်။

ဒွတ္တပေါင်မင်းကြီးသည် မိဖုရား သားတော် သမီးတော်တို့အား ဆန္ဒအလျောက် ရဟန်း၊ ရဟန်းမ ပြုခွင့်ပေးတော်မူ၏။ မင်းကြီးကိုယ်တိုင်လည်း သားတော် ရဟန္တာ နှစ်ပါး၏တရားကို နာကြားရသဖြင့် သောတာပန်တည်သည်။ တစ်နေ့ တစ်နေ့လျှင် ကိုးသိန်းသော ဥစ္စာတို့ကို စွန့်ပေ၏။ ရဟန်းယောက်ျား လေးသိန်း၊ ရဟန်းမိန်းမ သုံးသိန်း၊ တစ်နေ့ တစ်နေ့လျှင် ၇-သိန်းသော ရဟန်း သာမဏေတို့ကို စွန့်လှူကုန်၏။ သရေခေတ္တရာပြည်တွင် ဘိက္ခုသာသနာ ဘိက္ခုနီသာသနာတော် နှစ်ရပ်စလုံး တည်ရှိသည်။

သရေခေတ္တရာ ပျူတို့၏ ပေါင်းသင်းဆက်ဆံရေး အပြုအမူတို့သည် ယေဘုယျအားဖြင့် ဗုဒ္ဓသာသနာတော်မှ သက်ရောက်လာသည် လက္ခဏာများ ဖြစ်သည်။ ရုပ်ပွားဆင်းတုတော် စေတီတော်များကို ပူဇော်သော အလေ့အထ ကောင်းမွန်စွာ ထွန်းကားလျက်ရှိပြီး ဖြစ်သည်။ ရှေးဟောင်း သာသနိကပစ္စည်းများကို ထောက်ထား၍ ဗုဒ္ဓဘာသာသည် သရေခေတ္တရာနယ်မြေ၌ စောစီးစွာကပင် စည်ပင်နေပြီဖြစ်ကြောင်း သိသာသည်။

ခင်ဘကုန်းမှ တူးဖော်ရရှိသည့် ရွှေပေအချပ် ၂၀-တွင် အိန္ဒိယပြည်တောင်ပိုင်း ရှေးဟောင်း တေလဂူကနာဍိအက္ခရာဖြင့် ပိဋကတော် ကောက်နုတ်ချက်များ ပါရှိခြင်း၊ ကန်ဝက်ခေါင်းကုန်းမှ တူးဖော်တွေ့ရှိရသော မဏိတော်ကျိုး ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ၏ ပလ္လင်ပတ်လည် မျက်နှာလေးဘက်စလုံး၌ ပျူနှင့် သက္ကတစာ ရောစပ်ရေးထိုးထားချက်များ စသည်တို့ကို အထောက်အထားပြု၍ ဗုဒ္ဓဘာသာစာပေကောင်းစွာ ထွန်းကား၍ ဘာသာရေး အသိစိတ်ဓာတ် အလွန်မြင့်မားနေကြပြီဖြစ်ကြောင်း သိသာသည်။

ဗိဿနိုး၊ သရေခေတ္တရာတို့နှင့် မရှေးမနှောင်းမှာပင် ဟန်လင်း ပျူမြို့ပြနိုင်ငံ ပေါ်ထွန်းခဲ့ဖူးသည်။ ဟန်လင်းခေတ်တွင်လည်း ဗုဒ္ဓဘာသာရောက်ရှိနေပြီဟု ခန့်မှန်းကြသည်။ ခရစ်မပေါ်မီကာလ ပျူမြို့ပြနိုင်ငံခေတ်တွင် ဗုဒ္ဓဘာသာ ကိုးကွယ်မူနှင့် စပ်၍ “ယောက်ျားလေးရော မိန်းကလေးပါ အသက်ခုနှစ်နှစ်အရွယ်ရောက်လျှင် ဆံချ၍ ဘုန်းကြီးကျောင်းသို့ ပို့ကာ သာသနာ့အဆုံးအမကို ယူလေ့ရှိကြသည်။ အသက် ၂၀-ပြည့်၍ သာသနာဘောင်၌ မပျော်မွေ့လျှင် ဆံရှည်ပြန်ထားကာ လူဝတ်လဲပြီး လူတို့ကျင့်ဝတ်အတိုင်း နေကြသည်” ဟု တရုတ်ရာဇ၀င်များက ဆိုသည်။ သို့ဖြစ်၍ သရေခေတ္တရာ အချိန်တလျှောက်တွင် သာသနာတော်သည် လွန်စွာထွန်းကား နေပြီဖြစ်ကြောင်း သိရှိရသည်။

သာသနာတော်နှစ် ၁၀၀နှင့် ၂၃၅-အကြား အချိန်သည် မဇ္ဈိမဒေသ၌ သာသနာဂိုဏ်းအသီးသီး ပေါ်ပေါက်လာချိန်ဖြစ်သည်။ အရှင်ယသမထေရ်ဦးဆောင်သော မထရ်တို့သည် အဓမ္မ၀တ္ထုဆယ်ပါးကို မအပ်စပ်ကြောင်း ဆုံးဖြတ်၍ ရဟန္တာမထေရ် ၇၀၀-ဖြင့် ဝေသာလီ၌ သံဂါယနာတင်တော်မူကြသောအခါ ဆန့်ကျင်ဘက်ကို လိုလားကြကုန်သော ၀ဇ္ဇီတိုင်းသား ရဟန်းတို့သည် အဓမ္မ၀ါဒီ ရဟန်းတစ်သောင်း စုဝေးကြလျက် ကောသမ္ဗီမြို့တော်၌ စင်ပြိုင် သံဂါယနာတင်ကြကုန်၏။ သုတ် ၀ိနည်း အဘိဓမ္မာ ပဋိသမ္ဘိဒါ နိဒ္ဒေသ ဇာတက အချို့ကိုပယ်ထုတ်ကြကုန်၏။ မဟာသံဃိက သံဂါယနာဟု ခေါ်သည်။ လဇ္ဇီသူတော်ကောင်း မထေရ်ကြီးများ၏ အစဉ်အလာ ကျင့်ဆောင်မြဲ ထေရ၀ါဒမှ ခွဲထွက်ကာ မဟာသံဃိတိ ဂိုဏ်းဟု ဂိုဏ်းသီးခြား တည်ထောင်ကာ ၎င်းတို့ဝါဒ ကျယ်ပြန့်အောင် အားထုတ်ကြကုန်၏။

ထို့နောက် ထပ်မံ၍ မဟာသံဃိတိဂိုဏ်းမှ ဂေါကူလိကဂိုဏ်း၊ ဧကဗျောဟာရဂိုဏ်း ကွဲပြန်သည်။ ဂေါကူလိကဂိုဏ်းမှ ပဏ္ဏတ္တိဂိုဏ်း (ပညတ္တိဝါဒဂိုဏ်းဟုလည်းခေါ်၏)၊ ဗဟုဿုတိကဂိုဏ်းဟု ကွဲပြန်သည်။ ထိုဂိုဏ်းတို့အတွင်းမှ စေတိယဂိုဏ်း ပေးလာပြန်သဖြင့် ဂိုဏ်း ၆-ဂိုဏ်း ကွဲလာသည်။ ထေရ၀ါဒဂိုဏ်းကြီးမှလည်း မဟိံသာသကဂိုဏ်း၊ ၀ဇ္ဇိပုတ္တက ဂိုဏ်းဟု ၂-ဂိုဏ်း ကွဲပြန်သည်။ မဟိံသာသကဂိုဏ်းမှ သဗ္ဗတ္ထိဂိုဏ်းမှ ကဿပိယဂိုဏ်း၊ ဘဒ္ဒယာနိကဂိုဏ်း၊ ဆန္ဒာဂါရိကဂိုဏ်း (အနာဂါရိကဂိုဏ်း ဟုလည်းခေါ်၏)၊ သမိတိဂိုဏ်းဟု ၄-ဂိုဏ်းကွဲပြန်၏၊ သဗ္ဗတ္ထိဂိုဏ်းမှ ကဿပိယဂိုဏ်း (ကာဿပိယဂိုဏ်းလည်းခါ်၏)၊ သင်္ကန္တိကဂိုဏ်း၊ သုတ္တ၀ါဒဂိုဏ်းအားဖြင့် ၁၁-ဂိုဏ်း ကွဲသဖြင့် ထေရ၀ါဒဂိုဏ်းရင်းနှင့်တကွ ၁၂-ဂိုဏ်း ဖြစ်၍ မဟာသံဃိကဂိုဏ်းကွဲ ၆-ဂိုဏ်း၊ ထေရ၀ါဒဂိုဏ်းကွဲ ၁၂-ဂိုဏ်း ဤသို့အားဖြင့် တစ်ဆယ့်ရှစ်ဂိုဏ်း ကွဲခဲ့ကြကုန်၏။

ဤသို့ ဂိုဏ်းအမျိုးမျိုး ကွဲသော်လည်း ပင်ရင်းမူလ ပင်မ ထေရ၀ါဒ ဂိုဏ်းကြီးသည်သာလျှင် တည့်မတ်မှန်ကန်စွာ ရှင်သန် ကျန်ရစ်ခဲ့ပြီး ကျန်ဂိုဏ်းတို့အား အချင်းချင်း ငြင်းခုံတိုက်ခိုက်ရင်း တဖြည့်းဖြည်း ပျောက်ကွယ်သွားကြကုန်၏။ အချို့ဂိုဏ်းများလည်း လူကြိုက်များစေရန် ဗြာဟ္မာဏ၀ါဒ၊ ဒေသန္တရအကျင့်ဓလေ့များနှင့် ရောမွှေ ကျင့်သုံးကြလျက် မဟာယာန ဗုဒ္ဓဘာသာမည်ဖြင့် ပင်မ ထေရ၀ါဒမှ ဝေးကွာ၍ ဝေးကွာ၍ သွားကြလေသည်။ ဒီပ၀င်ကျမ်း၌ ထေရ၀ါဒမှ ကျန်ဂိုဏ်းကွဲ ၁၇-ခုကို ပင်မ ပညောင်ပင်ကြီး၌ မှီတွယ်ပေါက်ရောက်လာသော ဆူးငြောင့်များဟု ဆိုလေသည်။

အဓမ္မ၀ါဒများ တိုးဝင်လာသဖြင့် မဇ္ဈိမဒေသ၌ သာသနာတော် ယုတ်လျော့အားနည်းနေသည်ကို သိတော်မူကြသော ဒုတိယသံဂါယနာတင် မထေရ်တို့သည် သာသနာတော် အရှည်တည်တံ့အောင် ဆောင်ရွက်နိုင်မည့်သူကို ရှာဖွေကြည့်တော်မူကြသောအခါ ဗြဟ္မာ့ပြည်ရှိ တိဿဗြဟ္မာကြီးကို တွေ့၍ လူ့ပြည့်၌ ပဋိသန္ဓေယူကာ သာသနာပြုပါရန် တောင်းပန်ကြကုန်။ ဗြဟ္မာကြီးလည်း မထေရ်မြတ်တို့ကို ကတိပေးပြီး ဗြဟ္မာ့ပြည်မှ စုတေကာ မောဂ္ဂလိပုဏ္ဏားမကြီး၏ ၀မ်း၌ ပဋိသန္ဓေ ယူလေ၏။ မွေးဖွားလာသောအခါ မောဂ္ဂလိပုတ္တတိဿဟု အမည်တွင်၏၊ ပုဏ္ဏားလူမျိုးတို့၏ အတတ်ပညာ ဝေဒသုံးပုံ၌ ပါရဂူမြောက် တက်ကျွမ်း၏။ အရှင်သိဂ္ဂ၀မထေရ်၏ ကြိုးပမ်းမူကြောင့် သာသနာတော်ဘောင်သို့ ၀င်ရောက်လာသည်။ အရှင်စန္ဒ၀ဇ္ဇီမထေရ်၏ သင်ပြမူကြောင့် ပိဋကတ္တယပါရဂူ ဖြစ်လာ၏။ နောင်အခါ အရှင်မဟာမောဂ္ဂလိ ပုတ္တတိဿဟူသော အမည်ဖြင့် လွန်စွာ ထင်ရှားသော ရဟန္တာမထေရ်ကြီး ဖြစ်တော်မူကာ အဟောဂင်္ဂါ အရပ်၌ သီတင်းသုံးတော်မူ၏။

ထိုအချိန် မဇ္ဈိမဒေသ အိန္ဒယနိုင်ငံ၌ မောရိယမင်းဆက် စန္ဒဂုတ္တမင်းမျိုးတို့ အုပ်စိုးနေချိန်ဖြစ်၏။ ဗိန္ဒုသာရမင်းကြီးသည် အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးအဖြစ် ဓမ္မာ မိဖုရားကြီးကိုချီမြှောက်တော်မူသည်။ ထို မိဖုရားကြီးမှ အသောကမင်းသားကို မွေးဖွားသည်၊ အရွယ်ရောက်သောအခါ ဥဇ္ဇေနီမြို့ကို စားရသည်။ ဝေဒိဿကမြို့မှ သူဌေးသမီးကို မိဖုရားမြှောက်ရာ သားတော် မဟိန္နနှင့် သမီးတော် သင်္ဃမိတ္တာတို့ ထွန်းကားသည်၊ ခမည်းတော် ကွယ်လွန်ချိန်တွင် ထီးနန်းကို သိမ်းပိုက်ခဲ့သည်။ တိုင်းရေးပြည်ရေး မအေးဆေးသဖြင့် လေးနှစ်တိုင်တိုင် အဘိသိက်မခံယူသေးဘဲ နိုင်ငံတော်ကို ချဲ့ထွင်းခဲ့သည်။ အင်ပါယာ ဧကရာဇ်ဘုရင်ကြီးအဖြစ် သာသနာတော်နှစ် ၂၁၈-နှစ်တွင် အဘိသိက်ခံယူခဲ့သည်။ ဗြာဟ္မဏဘာသာဝင် ခြောက်သောင်းကျော်ကို ဆွမ်းဝတ်မပျက် ကျွေးနေခဲ့သည်။

တစ်နေ့သော် နောင်တော် သုမနမင်းသား၏ သားတော် ၇-နှစ်အရွယ် နိဂြောဓသာမဏေကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင် မင်းတရားကြီး ဖြစ်လာသည်။ မင်းကြီးသည် တိတ္ထိတို့ကို ထောက်ပံ့လှူဒါန်းမူ ရပ်စဲ၍ သာသနာတော်မြတ်အား အကြီးအကျယ် လှူဒါန်းတော်မူသည်။ တိတ္ထိခြောက်သောင်းတို့သည် လာဘ်လာဘနည်းပါးကြသဖြင့် လာဘ်ပေါများရာ သာသနာဘောင်သို့ ရဟန်းယောင်ဆောင်၍ ၀င်လာကြကုန်၏။ ၎င်းတို့၏ ၀ါဒများကိုလည်း သွတ်သွင်းလာကြကုန်၏။ ထိုအခါ ဥပုသ် ပ၀ါရဏာ ကံကြီး ကံငယ်ကိစ္စတို့၌ သံဃာ့ပရိသတ် မစင်ကြယ် မသန့်ရှင်း တော့ပေ။ ပရိတ်သတ် မစင်ကြယ်သောကြောင့် ရဟန်းသံဃာတော်တို့ ဥပုသ်မပြုကြကုန်၏။ သာသနာတော်၌ အညစ်အကြေး ဆူးငြောင့်ဘေးရန် များစွာဖြစ်၍ ခုနှစ်နှစ်တိုင်တိုင် ဥပုသ်မပြုကြကုန်။

မင်းကြီးကြားသိသောအခါ အဓိကရုဏ်းကို ငြိမ်းစေ ဥပုသ်ပြုစေဟု အမတ်တစ်ယောက်ကို စေလိုက်သော ဥပုသ်ပြုခိုင်းရာ မပြုသူ သံဃာကောင်းများကို သတ်မိလေသည်။ မင်းကြီး၏ညီတော် တိဿမထေရ်အလှည့်တွင် မသတ်ရဲသဖြင့် မည်သို့ပြုရပါမည်နည်းဟု မင်းကြီးကို မေးလျှောက်၏။ ထိုအခါ မင်းကြီးသည် “ထိုသို့ ငါမစေခိုင်းဘဲလျက် သတ်လေသည်ကား ငါ့အား မကောင်းမူ ဖြစ်လေသလော”ဟု သံသယ၀င်သဖြင့် သံဃာအား မေးတော်မူ၏။ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်မှာ အဟောဂင်္ဂါတွင် သီတင်းသုံးနေသဖြင့် ထိုအမေးကို ဖြေရန် ပင့်ဆောင်စေ၏။ စေတနာမပါရှိလျှင် ကောင်းမူမှလွတ်ကြောင်း တိတ္ထိရဇာတ်ကိုကိုးကား၍ ဖြေတော်မူ၏။ ခုနှစ်ရက်တိုင်အောင်လည်း မြတ်စွာဘုရား၏ အယူဝါဒကို သင်ကြားပေးတော်မူ၏။ ရဟန်းတို့ကို စုဝေးစေ၍ မင်းကြီးကိုယ်တိုင် မေးမြန်းစစ်ဆေးတော်မူသည်။ မြတ်စွာဘုရားသည် ၀ိဘဇ္ဇ၀ါဒ ရှိတော်မူ၏ဟု ဖြေဆိုသော ရဟန်းတို့ကိုသာ အမှန်ဖြေဆိုသူများဟု သတ်မှတ်၍ အခြား ၀ါဒဖြေဆိုသူတို့ကို လူဝတ်လဲစေ၏။ သံဃာတော်တို့ သန့်ရှင်းစင်ကြယ်သွားပြီဖြစ်၍ ဥပုသ်ပြုတော်မူကြကုန်၏။

ထိုသံဃာ့အစည်းအဝေးပွဲကြီးတွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်သည် မြတ်စွာဘုရား ထားတော်မူခဲ့သော မာတိကာရှစ်ပါးကို အဦးထားလျက် မြတ်စွာဘုရား၏၀ါဒ (သက၀ါဒ) ၌ သုတ်ငါးရာ၊ အခြားသူတို့၏ အယူဝါဒ (ပရ၀ါဒ) ၌ သုတ်ငါးရာ ၀ါဒပေါင်း တစ်ထောင်၊ သုတ်ပေါင်း တစ်ထောင်တို့ကို ထုတ်နုတ်ရှင်းပြ၍ ပရ၀ါဒတို့ကို ပယ်ရှားကာ ကာထာဝတ္ထုကျမ်းကြီးကို ဟောတော်မူ၏။ ထို့နောက် သာသနာတော် သန့်ရှင်းစင်ကြယ်စေရန်အတွက် ရဟန္တာမထေရ်ကြီးတစ်ထောင် ရွေးချယ်တော်မူကာ ကိုးလပတ်လုံး ပါဋလိပုတ်ပြည် အသောကာရုံ ကျောင်းတော်၌ တတိယ သံဂါယနာတင်တော်မူ၏။ တတိယ သံဂါယနာတင်ချိန်သည် မဇ္ဈိမဒေသ ပါဋလိပုတ်ပြည်၌ သီရိဓမ္မာသောကမင်းကြီး နန်းစံ တစ်ဆယ့်ရှစ်နှစ်၊ မြန်မာနိုင်ငံ သရေခေတ္တရာပြည်၌ ရန်ပေါင်မင်း နန်းစံ ၂၁-နှစ် ဖြစ်လေ၍ သာသနာတော်နှစ် ၂၃၅-ခုနှစ် ဖြစ်လေသည်။ သီရိဓမ္မာသောကနှင့် ရန်ပေါင်းမင်းနန်းပြိုင်ဖြစ်၏။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အထက်တန်း) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment