ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 5 January 2011

သာသနာတွင်း သာသနာပ အလှူဒါန အကျိုးကွာခြားပုံ



အကျိုးကြီးသောဒါန အကျိုးနည်းသောဒါနတို့နှင့် ပတ်သက်၍ သာသနာတွင်းဒါနနှင့် သာသနာပဒါန တို့သည် လွန်စွာ အလေးထားသင့်သော ဒါနတို့ ဖြစ်ကြသည်။

လောကရှိလူမျိုးတိုင်း ဘာသာတိုင်းသည် အလှူဒါနတစ်ခုခုကို မိမိတို့ ယုံကြည်ထားသည့် အယူဝါဒအလိုက် ပေးလှူနေကြသည်။ သို့သော် အချို့ပုဂ္ဂိုလ်တို့သည် အလှူဒါန ပြုလုပ်ရာ၌ ပုဗ္ဗ မုဉ္စ စေတနာပြည့်စုံ တတ်ကြသော်လည်း အပရစေတနာချို့ယွင်းတတ်သည်။ အပရစေတနာ ချို့ယွင်းသော သူတို့သည် လူဖြစ်လာ၍ ချမ်းသာ ကြွယ်ဝကြသော်လည်း ထူးထွေကောင်းမြတ်သော စားဖွယ်သောက်ဖွယ် အ၀တ်တန်ဆာ အသုံးအဆောင်ဘဏ္ဍာတို့ကို သုံးဆောင်ခံစားလိုစိတ် မဖြစ်ပေါ်တတ်ခြင်း၊ သုံးဆောင်ခံစားဖို့ရန် စိတ်မညွတ်တတ်ခြင်း၊ သုံးဆောင်ခံစားလိုသော်လည်း စည်းစိမ်ဥစ္စာတို့ ရုတ်တရက် ပျက်စီးတတ်ခြင်း စသော ဆိုးကျိုးများကို ခံစားရတတ်သည်။

အချို့ပုဂ္ဂိုလ်တို့မှာမူ စေတနာသုံးတန်ပြည့်ဝစွာဖြင့် လှူဒါန်းကြသဖြင့် အကျိုးပေးသောအခါ ဘ၀တစ်ခုလုံး ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် အရွယ်သုံးပါးလုံး ပြည့်စုံစွာ အကျိုးပေးကြသည်။ သို့ရာတွင် ကုသိုလ်ပြုရာ၌ ကမ္မဿကတာဉာဏ်ခေါ် ကံ၊ ကံ၏အကျိုးကို သိမြင်ယုံကြည်၍ ပေးလှူမှသာ အထက်တန်းကျသော တိဟိတ်ပဋိသန္ဓေကျိုးကို ရရှိနိုင်သည်။

စေတနာသုံးတန်ပြည့်ဝမူ၊ ကမ္မဿကတဉာဏ် ရှေ့သွားရှိမူတို့ဖြင့် ကုသိုလ်ပြုရာတွင် သာသနာတွင်းကုသိုလ်နှင့် သာသနာပကုသိုလ်ဟူ၍ နှစ်မျိုးရှိလာပြန်သည်။ သာသနာတော်သည် တွေ့ကြုံဖို့ရန် လွန်စွာ ခဲယဉ်းလှသည်၊ သာသနာပကာလသည်သာ လွန်စွာများပြားသည်။ သာသနာတွင်း အချိန်တွင် အနည်းငယ်လှူဒါန်းရသော ကုသိုလ်သည် သာသနာပအချိန်တွင် ထမင်းရည်ချောင်းစီး အကြီးအကျယ် လှူဒါန်းရသော ကုသိုလ်ထက် အကျိုးပေး ထက်သန်လှသည်။ ဧကသာဋကပုဏ္ဏားသည် ၀ိပဿီဘုရားရှင်အား အပေါ်ရုံကလေးတစ်ထည်လှူဒါန်းခြင်းကြောင့် ၀တ်စုံများစွာ ပူဇော်ခံရသည်။

အရှင်သာရိပုတ္တရာအား ပုဆိုးကြမ်းတစ်ထည်၊ နို့ဃနာဆွမ်းလှူဒါန်းခဲ့ခြင်းကြောင့် ဆွမ်းအုပ်တစ်ထောင်၊ ကမ္ဗလာတစ်ထောင် နှစ်ရည်တည်းနှင့်ရသော တိဿသာမဏေ စသည်တို့မှာ သာသနာတွင်းကုသိုလ်၏ အကျိုးကြီးမားပုံဖြစ်သည်။ အထင်ရှားဆုံးသာဓကမှာ အင်္ကုရနှင့် ဣန္ဒကနတ်သားတို့ ဒါနအကျိုးပေးပုံ ဖြစ်သည်။

No comments:

Post a Comment