ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 5 January 2011

ဣန္ဒကနတ်သားနှင့် အင်္ကုရနတ်သား


မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်သို့ အဘိဓမ္မာတရား ဟောတော်မူရန် ကြွရောက်တော်မူသည်။ ထိုတရားပွဲသို့ ဣန္ဒကနတ်သား ရောက်ရှိလာပြီး မြတ်စွာဘုရား၏ လက်ယာဘက်၌ ထိုင်သည်။ ထို့နောက် အင်္ကုရနတ်သားလည်း ရောက်ရှိလာ၍ လက်ဝဲဘက်၌ ထိုင်သည်။ တန်ခိုးကြီးသော နတ် ဗြဟ္မာတို့ ရောက်လာတိုင်း ရောက်လာတိုင်း အင်္ကုရနတ်သားသည် နောက်သို့ ဆုတ်၍ ဆုတ်၍ နေရာပေးရသဖြင့် တရားဟောသောအခါ မြတ်စွာဘုရားနှင့် (၁၂)ယူဇနာဝေးသော အရပ်၌ နေ၍ တရားနာရသည်။

ဣန္ဒကနတ်သားမှာမူ မူလနေရာ၌ပင် နေမြဲ နေထိုင်ရပြီး တရားနာရသည်။ တရားပွဲပြီးသောအခါ ထိုအဖြစ်အပျက်ကို ဘုရားရှင်က မေးသဖြင့် အင်္ကုရနတ်သားက သာသနာတွင်းဒါနနှင့် သာသနာပဒါနတို့ အကျိုးပေး ကွာခြားပုံကို ကိုယ်တွေ့အဖြစ်အပျက်ဖော်ပြလျက် လျှောက်ထားသည်။
အင်္ကုရနတ်သား လောင်းလျာသည် ကဿပမြတ်စွာဘုရား သာသနာကွယ်ပြီးချိန်တွင် ဥတ္တရမဓုရာဇ်ပြည့်ရှင် မဟာသာဂရမင်း၏ သားတော် (၁၁)ယောက်တွင် အင်္ကုရအမည်ရှိသော သားအငယ်ဆုံး သားတော် ဖြစ်ခဲ့သည်။

အရွယ်ရောက်သောအခါ အရောင်းအ၀ယ်ကုန်သွယ်ခြင်းဖြင့် အသက်မွေးခဲ့သည်။ တစ်နေ့တွင် မင်းသားသည် လှည်းအစီးငါးရာဖြင့် ကုန်ရောင်းသွားရာ သဲကန္တာရအတွင်း၌ လမ်းမှားရိက္ခာပြတ်သဖြင့် ဒုက္ခကြီးစွာရောက်နေသည်။ ထိုအခါ သဲကန္တာရအတွင်း၌ ရှိသော ညောင်ပင်စောင့်နတ်မင်းကြီးသည် ရှေးဘ၀က အလှူပေးသည့်နေရာကို အလှူခံပုဂ္ဂိုလ်တို့အား လက်ညိုးညွှန်ပြခဲ့သည့် ကောင်းမူကြောင့် မိမိ၏လက်ယာလက်မှ အလိုရှိသမျှ အသုံးအဆောင်ပစ္စည်းများ ယိုစီးထွက်လာအောင် ဖန်ဆင်းပေးနိုင်သော တန်ခိုးနှင့် ပြည့်စုံသည်။

ထိုနတ်မင်းကြီးသည် ရှေးဘ၀က မိမိအပေါ် ပြုခဲ့ဖူးသော အင်္ကုရမင်းသား၏ ကျေးဇူးများကို အောက်မေ့၍ မင်းသားလိုသမျှ အသုံးအဆောင်များကို ဖန်ဆင်းပေးလေသည်။ အင်္ကုရမင်းသားသည် နတ်မင်းကြီးပေးလိုက်သော ရတနာ ရွှေ ငွေများကို လှည်းအစီးငါးရာတို့ဖြင့် အပြည့် တင်ဆောင်ကာ မိမိရပ်ရွာသို့ ပြန်ခဲ့သည်။

မိမိနေရာသို့ ရောက်သောအခါ အနှစ်တစ်သောင်းကြာအောင် ထမင်းရည်ချောင်းစီး အလှူကြီးပေးလှူခဲ့သည်။ ထိုဘ၀ှ စုတေလတ်သော် နတ်ပြည်၌ အင်္ကုရနတ်သား ဖြစ်လာသည်။

အင်္ကုရမင်းသားသည် ထိုမျှကြီးစွာ အခါရှည်မြင့် လှူဒါန်းခဲ့ရသော်လည်း သာသနာပြင်ပဖြစ်၍ သီလမရှိသူ အလှူခံပုဂ္ဂိုလ်များကိုသာ လှူဒါန်းခဲ့ရကာ မြေညံ့၌ စိုက်ပျိုးသော မျိုးစေ့ကဲ့သို့ အကျိုးဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းဘဲ ရှိလေသည်။

ဣန္ဒကနတ်သားသည်ကား မြတ်စွာဘုရားလက်ထက်တော်အခါ၌ ဣန္ဒကအမည်ရှိသော လုလင်ဖြစ်ခဲ့သည်။ ဆွမ်းခံကြွလာသော အရှင်အနုရုဒ္ဓါ မထေရ်အား သဒ္ဓါကြည်ညိုသောစိတ်ဖြင့် တစ်ဇွန်းမျှသော ဆွမ်းကို လှူဒါန်းခဲ့သည်။ ဣန္ဒကလုလင်သည် ကွယ်လွန်သည်ရှိသော် တာဝတိံသာ နတ်ပြည်၌ ဣန္ဒကနတ်သားဖြစ်လာသည်။ သာသနာတော်ဝန်ထမ်း အရှင်အနုရုဒ္ဓါ ရန်းတော်တည်းဟူသော လယ်မြေကောင်း၌ ဆွမ်းတဇွန်းတည်းဟူသော ကောင်းမူမျိုးစေ့ကို စိုက်ပျိုးခဲ့သော အာနုဘော်ကြောင့် တာဝတိံသာနတ်ပြည်၌ တန်ခိုးအာနုဘော်ကြီးသော နတ်သား ဖြစ်ပြီးလျှင် သုံးဆောင်ဖွယ်ရာ အဆင်းအာရုံ၊ အသံအာရုံ၊ အနံ့အာရုံ၊ အရသာအာရုံ၊ အတွေ့အထိအာရုံ တို့နှင့်တကွ အသက်ရှည်ခြင်း၊ အခြံအရံများခြင်း၊ ပုံပန်းသဏ္ဌာန် တင့်တယ်ခြင်း၊ ချမ်းသာကြီးခြင်း၊ အစိုးရခြင်း ဤဆယ်ရပ်သော ဂုဏ်ကျေးဇူးတို့၌ အင်္ကုရနတ်သားထက် သာလွန် တင့်တယ်လေသည်။

ဤသို့လျှင် မြတ်စွာဘုရား၏ သာသနာတော်တွင်း၌ လှူအပ်သော အလှူသည် အကျိုးကြီးသော ဒါနဖြစ်သည်။ သာသနာပ အလှူဒါနနှင့် သာသနာခေတ်နှင့် ကြုံကြိုက်သော်လည်း ဗုဒ္ဓဘာသာကို မယုံကြည် မကိုးကွယ်သော သူတို့၏ အလှူဒါနတို့သည် အကျိုးနည်းသော ဒါနများပင် ဖြစ်လေသည်။

No comments:

Post a Comment