သီလသည် ကာယကံ ၀စီကံတို့ကို လုံခြုံစွာ စောင့်ထိန်းမူ ဖြစ်သည်။ သီလလုံခြုံလျှင် ဘ၀သံသရာ ကျင်လည်ရာဝယ် သုဂတိဘ၀များသို့သာ လားရောက်ရသဖြင့် ဘ၀သမ္ပတ္တိနှင့် ပြည့်စုံမူအကျိုးကို ရရှိသည်။ ချမ်းသာခြင်းတို့ကို ရရှိနိုင်သည်။ ဘ၀သမ္ပတ္တိပြည့်စုံရေးအတွက် သီလရတနာကို ကောင်းစွာ ပန်ဆင်ရပေမည်။
ရှောင်ကြဉ်မူ(၀ိရတီ)သုံးမျိုး
သီလလုံခြုံရေးအတွက် ရှောင်ကြဉ်ရေးသည် အဓိကဖြစ်သည်။ မကောင်းမူမှ ရှောင်ကြဉ်ခြင်းကို ၀ိရတီဟု ခေါ်သည်။
- အသက်မွေးမူနှင့် မပတ်သက်ဘဲ ကာယဒုစရိုက် သုံးပါးမှရှောင်ကြဉ်လျှင် သမ္မာကမ္မန္တ၀ိရတီမည်၏။
- အသက်မွေးမူနှင့် မပတ်သက်ဘဲ ၀စီဒုစရိုက်လေးပါးမှ၊ ၀စီဒုစရိုက်လေးပါးတို့မှ ရှောင်ကြဉ်လျှင် သမ္မာဝါစာဝိရတီ မည်၏။
- အသက်မွေးမူနှင့် ပတ်သက်၍ ကာယဒုစရိုက်သုံးပါး၊ ၀စီိဒုစရိုက်လေးပါးတို့မှ ရှောင်ကြဉ်လျှင် သမ္မာအာဇီ၀၀ိရတီ မည်၏။
ကာယဒုစရိုက်တို့မှ ရှောင်ကြဉ်ရာတွင် ရှောင်ကြဉ်မူ(၃)မျိုးရှိသည်။
(၁)သမာဒါန၀ိရတီ= ဆောက်တည်၍ ရှောင်ကြဉ်ခြင်း။
ဘုရားရှေ့၌ ဖြစ်စေ၊ သံဃာတော်များရှေ့၌ ဖြစ်စေ၊ လူကြီးသူမရှေ့၌ ဖြစ်စေ၊ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ စသည်တို့ကို ခံယူဆောက်တည်၍ ရှောင်ကြဉ်ခြင်းသည် သမာဒါန၀ိရတီမည်၏။ လွန်ကျူးရမည့်အကြောင်း ၀တ္ထုမတွေ့မီ ကြိုတင်ဆောက်တည်ခြင်း၊ ကြိုတင်၍စိတ်ကို ဆုံးဖြတ်ထားခြင်းမျိုး ဖြစ်သည်။
ရှေးအခါက သီဟိုဠ်ကျွန်း(သီရိလင်္ကာနိုင်ငံ)တွင် ဥပါသကာတစ်ယောက်သည် နွားပျောက်ရှာရာ တောအုပ်အတွင်း၌ စပါးကြီးမြွေတစ်ကောင်နှင့်တွေ့ပြီး စပါးကြီးမြွေ၏ ရစ်ပတ်ဖမ်းယူခြင်းကို ခံရသည်။ မိမိလက်၌ပါလာသော ထင်းခုတ်ဓားဖြင့် ခုတ်ဖြတ်ရန် ချိန်ရွယ်လိုက်၏။ ရုတ်တရက် မိမိခံယူဆောက်တည်ထားသော သီလကို သတိရ၍ “ငါ၏အသက် သေလိုက သေပါစေ၊ သူတပါးအသက်ကို ငါမသတ်တော့ပြီ၊ ဆောက်တည်ထားသော သီလကို ချိုးဖျက်ခြင်းမှာ တရားကို သတ်ခြင်းဖြစ်၍ အသက်သေရသည်နှင့် မထူးပြီိ” ဟု စိတ်တုံးတုံးချ ဆုံးဖြတ်လိုက်၏။ ဓားကိုလွှတ်ချပြီး မိမိ၏သီလကိုသာ ဆင်ခြင်အောက်မေ့နေလိုက်သည်၊ မြွေသည် ဥပါသကာ၏ သီလတန်ခိုးကြောင့် ဆက်လက်မရစ်ပတ်နိုင်တော့ဘဲ ချက်ခြင်းထွက်ခွာသွားခဲ့ရသည်။
ဤဥပါသကာကဲ့သို့ မိမိဆောက်တည်ထားသော သီလကို အသက်ပင် သေရသော်လည်း အပျက်မခံ၊ သီလအတွက် အသက်ကိုပင် စွန့်ရဲရ၏။ စီးပွားဥစ္စာ ဂုဏ်သိက္ခာ စသည်ကား ဆိုဖွယ်မရှိ၊ စွန့်လွှတ်မူ၏ နောက်ကွယ်၌ မိမိတို့ မမြင်နိုင်သော ကောင်းကျိုးရလဒ်များ ငုပ်ကွယ်နေမြဲ ဖြစ်သည်။
သမ္ပတ္တ၀ိရတီ
သီလကို ကြိုတင်ဆောက်တည် မထားသော်လည်း ရှောင်ကြဉ်ရမည့်အရာနှင့် ရင်ဆိုင်တွေ့ရသည့်အခါ ရှောင်ကြဉ်နိုင်ခြင်း။
လွန်ကျူးစရာအကြောင်း၊ လွန်ကျူးစရာဝတ္ထုနှင့် ရင်ဆိုင်တွေ့သော် မလွန်ကျူးမိအောင် လျှပ်တပြက် စောင့်ထိန်းခြင်း ရှောင်ကြဉ်ခြင်းကို သမ္ပတ္တ၀ိရတီဟု ခေါ်သည်။
ရှေးအခါက သီဟိုဠ်ကျွန်း၌ပင် စက္ကနမည်သော သူငယ်တစ်ဦးသည် မကျန်းမာသောမိခင်အား ဓာတ်စာကျွေးရန် တောသို့ ယုန်ရှာသွားသည်။ ယုန်ကို မိ၍ သတ်မည်ပြုသောအခါ သေမည်ကို ကြောက်၍ ချောက်ချား တုန်လူပ်နေသော ယုန်သားငယ်ကို သနားကာ မသတ်ဘဲလွှတ်လိုက်သည်။ အိမ်ပြန်ရောက်လျှင် ဤအဖြစ်အပျက်ကိုပင် ပြောပြကာ သစ္စာဆိုလိုက်၏၊ ဤ “သမ္ပတ္တ၀ိရတီ သီလ” တန်ခိုးကြောင့် မိခင်လည်း ရောဂါကို ယူပစ်လိုက်သကဲ့သို့ ကျန်းမာသွားခဲ့ဖူးသည်။
သမုစ္ဆေဒ၀ိရတီ
မဂ်ဖြင့် ကိလေသာကို အကြွင်းမဲ့ အဆင့်ဆင့် ပယ်သတ်ပြီးသော အရိယာပုဂ္ဂိုလ်၏ ဒုစရိုက်တရားများကို အမြဲရှောင်ကြဉ်ထားခြင်းသည် သမုစ္ဆေဒ၀ိရတီ မည်၏။
ဒုစရိုက်ဆယ်ပါးကို ကျူးလွန်မူပြုခြင်းသည် လောဘ၊ ဒေါသ ၊ မောဟ၊ မာန ဒိဋ္ဌိစသော ကိလေသာအရင်းခံကြောင့် ဖြစ်သည်။ မူလအကြောင်းရင်းဖြစ်သော ကိလေသာတရားတို့ကို အကြွင်းမဲ့ အမြစ်ပြတ် ပယ်ရှားလိုက်ပြီး ဖြစ်၍ အရိယာတို့၌ အထူးရှောင်ကြဉ်ဖွယ်မလို၊ အပြတ်ရှောင်ကြဉ်ပြီး ဖြစ်တော့သည်။
အဆိပ်ပင်ကို အမြစ်ပါမကျန် အမူန့်ကြိတ် ပြာချပစ်လိုက်သောအခါ နောက်ထပ် အသီး မသီးနိုင်တော့သကဲ့သို့ သမုစ္ဆေဒပဟာန်ဖြင့် ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်ပြီး ဖြစ်၍ အရိယာပုဂ္ဂိုလ်တို့သည် ဒုစရိုက်တရားတို့ကို အမြဲရှောင်ကြဉ်ပြီး ဖြစ်သည်။ အနိမ့်ဆုံး သောတာပန်ပုဂ္ဂိုလ် သည်ပင် ဘ၀ခြားသော်လည်း ကံငါးပါးကို အထူးစောင့်ထိန်းမနေရ၊ အလိုလို လုံခြုံပြီး ဖြစ်သည်။
Friday 7 January 2011
သီလအကြောင်း
အမျိုးအစား/ကဏ္ဍ
သီလ-ဆိုင်ရာသိမှတ်ဖွယ်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment