ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 30 January 2011

၉-တိုင်း ၉-ဌာနတို့သို့ သာသနာပြု စေလွှတ်တော်မူခြင်း

အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်သည် ၀ါဒမျိုးစုံ ရူပ်ထွေးနေသည့် မိစ္ဆာဝါဒ သာသနာ့အညစ်အကြေးတို့ကို ဆေးကြောသုတ်သင်တော်မူကာ သံဂါယနာတင် သန့်စင်စေတော်မူပြီးနောက် သာသနာတော်၏ အနာဂတ် အရေးကို မြှော်တွေးတော်မူကာ သာသနာတော်သည် မဇ္ဈိမဒေသ ပြင်ပနိုင်ငံများ၌ ထွန်းကားမည်ကို အနာဂတံသဉာဏ်တော်ဖြင့် သိမြင်တော်မူသည်။ သို့ဖြစ်၍ သာသနာပြုနိုင်မည့် စွမ်းရည်ရှိတော်မူကြကုန်သော ရဟန္တာမထေရ်ကြီးတို့ကို ရွေးချယ်တော်မူ၍ အသောကမင်းကြီးနှင့် တိုင်ပင်ကာ အောက်ပါ ၉-တိုင်း ၉-ဌာနတို့သို့ သာသနာပြု စေလွှတ်တော်မူသည်။

၉-တိုင်း ၉-ဌာန


(၁) မဇ္ဈန္တိကမထေရ် အမှူးရှိသော သာသနာပြုများကို ကသ္မိရဂန္ဓာရတိုင်းသို့လည်းကောင်း၊

(၂) မဟာရေ၀တမထေရ် အမှူးရှိသော သာသနာပြုများကို မဟိံသကမဏ္ဍလ (မိုက်ဆိုးပြည်နယ်) သို့ လည်းကောင်း၊

(၃) ရက္ခိတမထေရ်အမှူးရှိသော သာသနာပြုများကို ဒက္ခိဏပထတောင်ပိုင်း ၀န၀ါသီ (မလဗာနယ်) သို့ လည်းကောင်း၊

(၄) ယောနကဓမ္မရက္ခိတမထေရ် အမှူးရှိသော သာသနာပြုများကို အပရန္တ (ဣန္ဒိယအနောက်ပိုင်း ကောဇနယ်) သို့ လည်းကောင်း၊

(၅) မဟာဓမ္မရက္ခိမထေရ် အမှူးရှိသော သာသနာပြုများကို မဟာရဋ္ဌတိုင်း (ဗုံဗာဤ-ဗုံဗိုင်နယ်) သို့ လည်းကောင်း၊

(၆) မဟာရက္ခိတမထေရ် အမှူးရှိသော သာသနာပြုများကို ယောနကတိုင်း (ပါသိယန်-ဂရိတ်နိုင်ငံ) သို့ လည်းကောင်း၊

(၇) မဇ္ဈိမမထေရ် အမှူးရှိသော သာသနာပြုများကို ဟိမ၀န္တာတိုင်းနယ်များသို့ လည်းကောင်း၊

(၈) မဟိန္ဒမထေရ် အမှူးရှိသော သာသနာပြုများကို တမ္ဗပဏ္ဏိသီဟိုဠ်ကျွန်းသို့ လည်းကောင်း၊

(၉) သောဏမထေရ်နှင့် ဥတ္တရမထေရ် အမှူးရှိသော သာသနာပြုများကို သုဝဏ္ဏဘူမိ-ရာမညတိုင်းသို့ လည်းကောင်း -

သံဃကံများ ဆောင်ရွက်နိုင်ရန် ငါးပါးစီ စေလွှတ်တော်မူသည်။ ထိုမထေရ်တို့သည် သံဂါယနာတင်ဆဲကာလ၊ သာသနာတော်နှစ် ၂၃၅-ခုနှစ် တပို့တွဲလ အတွင်း၌ပင် ကြွသွားတော်မူကြ၍ အရှင်မဟိန္ဒမထေရ်မှာမူ သာသနာတော်နှစ် ၂၃၆-ခုနှစ် နယုန်လကျမှ သီဟိုဠ်သို့ ကြွတော်မူသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အထက်တန်း) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment