ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 4 January 2011

အကျိုးကြီးသော ဒါနနှင့် အကျိုးနည်းသော ဒါန



မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဝေဠုကဏ္ဍတီမြို့သူ နန္ဒမာတာ ဥပါသိကာ ဒါယိကာမက အဂ္ဂသာဝကနှစ်ပါး သံဃာတော်တို့အား အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော အလှူကြီးပေးလှူနေသည်ကို ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် မြင်တော်မူ၍ အကျိုးကြီးသော ဒါနအကြောင်းကို ဟောပြတော်မူခဲ့သည်။

အကျိုးကြီးသော ဒါန၏ အင်္ဂါရပ်များမှာ -

(၁) မလှူမီ ရှေ့အဖို့က ကြိုတင်ဝမ်းမြောက်ခြင်း၊

(၂) လှူဆဲအခါမှာ စိတ်စေတနာကောင်းစွာ ကြည်လင်ခြင်း၊

(၃) လှူဒါန်းပြီးနောက် နှစ်သက်ဝမ်းမြောက်သောစိတ်ရှိခြင်း -

ဟူသော အလှူရှင်ဘက်က အင်္ဂါ(၃)ပါးနှင့်ပြည့်စုံခြင်း။


(၄) ရာဂကင်းပြီးသူ (သို့မဟုတ်) ရာဂကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း၊

(၅) ဒေါသကင်းပြီးသူ (သို့မဟုတ်) ဒေါသကင်းရန် ကျင့်ကြံအားထုတ်နသေူ ဖြစ်ခြင်း၊

(၆) မောဟကင်းပြီးသူ (သို့မဟုတ်) မောဟကင်းရန် ကျင့်ကြံအားထုတ်နေသူဖြစ်ခြင်း -

ဟူသော အလှူခံဘက်က အင်္ဂါသုံးပါးနှင့် ပြည့်စုံခြင်း၊


ဤအင်္ဂါခြောက်ပါးနှင့် ပြည့်စုံသောအလှူကို အတိုင်းမသိ အကျိုးပေးခြင်း ရှိသည့် အကျိုးကြိးသော ဒါနဟူ၍ ဟောတော်မူ၏။ ဤအင်္ဂါခြောက်ပါးတွင် တစ်ပါးပါးယုတ်လျော့နေလျှင် အကျိုးပေးအာနုဘော် ဆုတ်ယုတ်သဖြင့် အကျိုးနည်းသော ဒါနဟု ဟောတော်မူသည်။


ထို့အပြင် အောက်ပါ အင်္ဂါလေးပါးနှင့် ညီညွတ်သော အလှူဒါနသည် ချက်ချင်းအကျိုးပေးတတ်သဖြင့် အကျိုးကြီးသော ဒါနဖြစ်သည်။ ၎င်းအင်္ဂါလေးပါးမှာ -

(၁) လှူဖွယ်ဝတ္ထုပစ္စည်းက တရားသဖြင့် ရှာဖွေရရှိထားသည့် ဓမ္မိယလဒ္ဓပစ္စည်းဖြစ်ခြင်း၊

(၂) လှူဒါန်းသူသည် သဒ္ဓါတရား ထက်ထက်သန်သန် စေတနာသုံးတန် ညီညွတ်၍ လှူဒါန်းခြင်း၊

(၃) အလှူခံပုဂ္ဂိုလ်က ရဟန္တာ(သို့မဟုတ်) အနာဂါမ် ပုဂ္ဂိုလ်ဖြစ်ခြင်း၊

(၄) ထိုအလှူခံပုဂ္ဂိုလ်သည် နိရောဓသမာပတ်မှ ထပြီးစဖြစ်ခြင်း -

တို့ဖြစ်ကြသည်။

ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသော အလှူဒါနသည် ပုဏ္ဏသူဋ္ဌေး၊ ကာက၀လိယသူဋ္ဌေး၊ သုမနပန်းသည် စသည်တို့ကဲ့သို့ ယခုဘ၀မှာပင် ချက်ချင်း အကျိုးပေးသောကြောင့် အကျိုးကြီးသော ဒါနမည်၏။ ဤအင်္ဂါလေးပါးတွင် တစ်ပါးပါးယုတ်လျော့နေလျှင် အကျိုးပေးအာနုဘော် ဆုတ်ယုတ်သဖြင့် အကျိုးနည်းသော ဒါနမည်၏။


ထို့အပြင်လည်း အောက်ပါ အင်္ဂါငါးပါးနှင့် ပြည့်စုံသော အလှူဒါနသည် အကျိုးကြီးသော ဒါနဖြစ်သည်။ ၎င်းအင်္ဂါငါးပါးမှာ -

(၁) အလှူ ဒါယကာ သီလရှိ၍ ကာင်းသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူဖြစ်ခြင်း၊

(၂) အလှူခံပုဂ္ဂိုလ်ကလည်း သီလရှိ၍ ကောင်းသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူဖြစ်ခြင်း၊

(၃) လှူဖွယ်ဝတ္ထုကလည်း တရားသဖြင့် ရှာမှီး၍ ရအပ်သည့် ဓမ္မိယလဒ္ဓပစ္စည်းဖြစ်ခြင်း၊

(၄) ပေးလှူသူသည် စေတနာသုံးတန် ထက်သန်ခြင်း၊

(၅) ကံ ကံ၏အကျိုးကို ယုံကြည်မူသဒ္ဓါတရားနှင့် ပြည့်စုံခြင်း -

တို့ဖြစ်ကြသည်။

ဤအင်္ဂါငါးပါးနှင့် ပြည်စုံသော ဒါနသည် ဘ၀သံသရာ တလျှောက်၌ ဘောဂသမ္ပတ္တိများကို ပေးဆောင်နိုင်သဖြင့် အကျိုးကြီးသော ဒါနမည်၏။

ဤအင်္ဂါငါးပါးတွင် တစ်ပါးပါးယုတ်လျော့နေလျှင် အကျိုးပေး အာနုဘော် ဆုတ်ယုတ်သဖြင့် အကျိုးနည်းသော ဒါနမည်၏။

No comments:

Post a Comment