ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 18 January 2011

နစ္စ ဂီတ ၀ါဒိတ သိက္ခာပုဒ် သိမှတ်ဖွယ်


နစ္စ = ကခြင်း

ကခြင်းနှင့် ပတ်သက်၍ ကိုယ်တိုင် ကခုန်ခြင်း မပြုရ။ သူတပါးအား အကခိုင်းခြင်းလည်း မပြုရ၊ အောက်ထစ်ဆုံး တိရစ္ဆာန်များကိုပင် အက မခိုင်းရ။ ကပွဲများကို သွားရောက်ကြည့်ရူခြင်းလည်း မပြုရ။ ခရီးသွာနေစဉ် လမ်းခရီး၌ ကပွဲများနှင့် မတော်တဆ တိုက်ဆိုင်မိ၍ မကြည့်ချင် မြင်လျက်သား အဖြစ်မျိုးနှင့် ကြုံရ၍ ကြည့်မိ မြင်မိလျှင် ဤသိက္ခာပုဒ်သီလ မပျက်ချေ။ သို့ရာတွင် ယင်းသို့ ကြုံရသည်ကို တမင်တကာ အခွင့်အရေးယူပြီး ဆက်လက်ရပ်ကြည့်နေလျှင်မူ သီလ ပျက်တော့သည်။


ဂီတ = သီဆိုခြင်း

ကိုယ်တိုင်သီဆိုခြင်း သူတပါးကို သီဆိုခိုင်းခြင်း မပြုရ။ စည်းလိုက် ၀ါးလိုက် အသံကို ဆွဲငင်လျက် ပါဠိဂါထာများကို ရွတ်ဖတ်ခြင်း ဓမ္မတေးကဗျာများကို ရွတ်ဆိုခြင်း မပြုရ။ ဘုရားရှိခိုးရာ တရားစာရွတ်ဆိုရာ၌ပင် သီချင်းသံပေါက် အောင်ဆွဲဆွဲငင်ငင် မဆိုရ။ ကိုယ်တိုင် မဆိုရုံသာမက သူတပါးကိုလည်း သီဆိုခိုင်းခြင်းမပြုရ။ သူတပါး သီဆိုသည်ကို သွားရောက်နားထောင်ခြင်း မပြုရ။ နားထောင်လျှင် သီလပျက်၏။ လမ်းကြုံ၍ ကြားရခြင်း၊ မိမိနေရာ၌ နေစဉ် သူတပါးက လာရောက်သီဆို၍ ကြားရရာ၌ကား သီလမပျက်ချေ။


ဝါဒိတ = တီးမူတ်ခြင်း

စည်း စောင်း ညှင်း ပတ်သာ စသော တူရိယာငါးမျိုးကို ကိုယ်တိုင်လည်း မတီးခတ်ရ။ သူတပါးကိုလည်း အတီးမခိုင်းရ။ တီးမူတ်သံကိုလည်း နားမထောင်ရ၊ လမ်းကြုံ၍ ကြားရခြင်း၊ မိမိနေရာ၌ နေလျက်က သီဆိုသံကို ကြားရခြင်းကြောင့် သီလပျက်စီးမူ မရှိချေ။ တမင်လွန်ကျူးမှသာ သီလပျက်၏။


ဝိသူကဒဿန = ဆန့်ကျင်ဘက်ကို ကြည့်ရူခြင်း

ကပြ သီဆို တီးမူတ်မူများသည် လောကအမြင်အားဖြင့် အနုပညာ တစ်ရပ်အဖြစ် ချီးကျူးဖွယ်ရာဖြစ်သော်လည်း လောကုတ္တရာအမြင်အားဖြင့် ကြည့်သော် ကာမဂုဏ်အာရုံ ခံစားမူကို အားမြှောက် ပြုရာရောက်၏။ ထို့ကြောင့် နစ္စ ဂီတ ၀ါဒိတ အရ ကပြ သီဆို တီးမူတ်ခြင်းများကို ကြည့်ရူနားထောင်ခြင်းများသည် “၀ိသူကဒဿန - သာသနာတော်၏ ငြောင့်တံကျင်သဖွယ် ဖြစ်သော ကြည့်ရူနားထောင်မူ” ဟု ခေါ်၏။ (၀ိသူက = ဆန့်ကျင်ဘက် + ဒဿန = ကြည့်ရူနားထောင်ခြင်း)

No comments:

Post a Comment