ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 11 January 2011

ချစ်ဇနီး






တကယ်တော့ သူပိုင်ဆိုင်ရရှိခဲ့တဲ့ စိတ်ရောဂါအထူးကုပါရဂူဘွဲ့ဟာ သူသိပ်ချစ်ခဲ့တဲ့ မိန်းမတစ်ယောက်နဲ့ အနီးစပ်ဆုံး ရောက်အောင်လည်း တွန်းပို့ပေးခဲ့သလို သူနဲ့ အဝေးဆုံးဆီသို့ လွင့်စဉ်သွားအောင်လည်း တွန်းပို့ပေးနိုင်ခဲ့ပါတယ်။

သူဟာ စိတ်ရောဂါအထူးကု ဆရာဝန်တစ်ယောက်ပါ၊ သူ့မှာ အလွန်ချောမော လှပပြီး ချစ်စရာကောင်းတဲ့ ၊ ဖော်ရွေ သွက်လက်တဲ့၊ အလိုက်သိတဲ့ ဇနီးချောအသစ် စက်စက်ကလေးကို မနေ့တစ်နေ့ကမှ စတင်ပိုင်ဆိုင်ခွင့်ရခဲ့သူပေါ့။ ဒီမိန်းကလေးကို သူပိုင်ဆိုင်ခွင့်ရဖို့အတွက် သူ့ဘ၀မှာ အဖိုးထိုက်တန်ဆုံး ရတနာဆုလာဘ်တစ်ခုကို ရရှိပိုင်ဆိုင်ခွင့်ရလိုက်သလိုပါ။ အဲဒီအတွက် သူအရမ်းကို ၀မ်းသာပီတိ ဖြစ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိန်းကလေးရဲ့ အလှဟာ သူနဲ့ဘယ်လိုမှ မထိုက်တန်၊ မလိုက်ဖက်တဲ့ အလှမျိုးမို့ပါ။

သူမဟာ ထိလိုက်ရင်ပဲ ပဲ့ကြွေသွားတော့မတတ် နုဖပ်ကြွရွနေတဲ့ ကြွေရုပ်ကလေးတစ်ရုပ်လို တစ်သက်လုံးနီးပါး စာတွေနဲ့နပန်းလုံးခဲ့ရတဲ့ ဆရာဝန်တစ်ယောက် ပီပီ ပါဝါထူထူမျက်မှန်ကြီးနဲ့ ရုပ်ရည်ရူပကာဟာ ရုပ်ဆိုးတဲ့ဘက်တောင် သမ်းချင်တဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ ဇနီးကလေးဟာ သူအနှစ်နှစ် အလလက မက်မက်မောမော ပိုးပန်းယူခဲ့ရတဲ့ မိန်းကလေးပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ့ရဲ့ ဇွဲကောင်းမူကြောင့် ဒီဇနီးချောကလေးကို ဇွဲဆုအဖြစ် ပိုင်ဆိုင်ခွင့်ရခဲ့တာပါ။

သူမဟာ ထိရက်စရာ မရှိလောက်အောင်၊ မူန်နေအောင် အပြစ်ကင်း ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ပီပီ မာနက ခေါင်ခိုက်နေခဲ့တာပါ။ သူမကို သူ့ ဆေးကျောင်းသက်တမ်း တစ်ခုလုံးရယ်… နိုင်ငံခြားမှာ ပညာတော်သင်သွားနေခဲ့တဲ့ သက်တမ်းအပါအ၀င် ဆယ်နှစ်ဆယ်မိုးလောက် စိတ်ရှည်ဖွဲကောင်းစွာ ပိုးယူခဲ့ရတာပါ။ ပထမတော့ သူမဘက်က ခါးခါးသီးသီးပါပဲ။

ဘယ်အချိန်မှာ သူမဆီက အဖြေကို ပြန်ရသလဲဆိုတော့ သူနိုင်ငံခြားကနေ စိတ်ရောဂါအထူးကုပါရဂူဘွဲ့ ယူပြီး မြန်မာပြည် ပြန်ရောက်ခဲ့ချိန်မှပါ။ တကယ်တော့ သူမကို ပိုင်ဆိုင်ခွင့်ရလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ အံ့သြစရာကောင်းလောက်အောင်ပဲ သူ ပြန်ရောက်လာချိန်မှာ သူမနဲ့ အဆက်အသွယ်ပြန်ရခဲ့ပါတယ်။ ဟိုအရင်က သူ့ကိုတွေ့ရင် အေးစက်စိမ်းကားစွာ ဆက်ဆံတတ်တဲ့သူမဟာ ခုအချိန်မှာ ယဉ်ကျေးချိုသာစွာ ပြောင်းလဲ ဆက်ဆံတက်လာပါတယ်။ ဘယ်လို အကြောင်းကြောင့်ပဲ သူမပြောင်းလဲခဲ့ပါစေ သူမပြောင်းလဲလာခဲ့ပါစေ။ သူကတော့ ပျော်ရွှင်ကျေနပ်ခဲ့တာ အမှန်ပါ။ ဆယ်နှစ်ဆယ်မိုးလုံးလုံး သူမတစ်ယောက်တည်းက လွဲပြီး ဘယ်မိန်းမကိုမှ စိတ်ကူးနဲ့တောင် မပြစ်မှားခဲ့တဲ့ သူ့အနေနဲ့ သူမဆီက ဘယ်လိုအချစ်မျိုးကိုပဲရရ ရောင့်ရဲပျော်ရွှင်ခဲ့တာပါ။

ဒီလိုနဲ့ မနေ့တစ်နေ့ကမှ သူမနဲ့သူ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ မင်္ဂလာပွဲကို သူမ စိတ်တိုင်းကျ ခမ်းခမ်းနားနား၊ စည်ကားကြီးကျယ်စွာ ကျင်းပပေးခဲ့တာပါ။

(ခ)


မနေ့ညကမှ သူမဆီက ထူးဆန်းတဲ့ ရိုက်သံသဲသဲ့ကို သူမအိပ်ပျော်နေတုန်းအချိန်မှာ သူကြားခဲ့ရပါတယ်။ ရိုက်သံကလေးကြောင့် သူဆတ်ခနဲတောင်တုန်ပြီး သူမကို တအံ့တသြကြည့်မိတော့ ညအိပ်မီးမှီန်မှီန်ကလေးအောက်မှာ အိပ်မောကျနေတဲ့ကြားကနေ မျက်ရည်တွေ စီးကျပြီး ရိုက်နေတဲ့ သူ့ဇနီးကို သူထိတ်လန့်တုန်လူပ်စွာ မြင်ရတာပါ။

ပြီးတော့ သူမက တိုးတိုးကလေးလည်း ညည်းတွားယောင်ယမ်းနေခဲ့ပါတယ်။ အသံက မပီမသကလေးမို့ သူ သူမရဲ့ နူတ်ခမ်းကလေးနားမှာ နားကပ်ပြီး နားထောင်လိုက်တော့ …

“မောင်ရယ်… မောင့်ကို ကျွန်မသိပ်ချစ်ပါတယ် … ရင်နင့်အောင်ကို ချစ်တာပါကွယ် … ”

တဲ့။ သူ့ကိုယ်ခန္ဓာဟာ … ရုတ်တရက် အသတ်ခံလိုက်ရသလို ငြိမ်သက်ဖြူလျော်သွားပါတော့တယ်။ ဘာ …။ သူမက သူ့ကို မောင်လို့မှ မခေါ်ဖူးပဲ။ သူမက သူ့ကိုခေါ်တာ ကိုကိုတဲ့။ ဒါဆို မောင်ဆိုတာဘယ်သူတုန်း။ အိပ်ပျော်နေတဲ့အချိန်မှာတောင် သူမရဲ့ စိတ်နှလုံးကို ဖမ်းဆုပ်သိမ်းယူထား နိုင်သူဟာ သူမဟုတ်ဘဲ ဘယ်က ယောက်ျားတစ်ယောက်လဲ။ ရုတ်တရက် လိုက်တက်လာခဲ့တဲ့ မနာလို၊ သ၀န်တိုမူတွေဟာ သူ့ရင်ကို ဗလောင်ဆူသွားစေခဲ့ပါတယ်။ အို … သူမကို ချက်ချင်းနိုးပြီး မေးလိုက်ရင် ကောင်းမလား။ ဒါပေမဲ့ သူ မမေးရဲပြန်ပါ။ သူမရဲ့ အဖြေကို သူမကြားရဲ။ တစ်နေ့ကမှ စတင်ခဲ့တဲ့ သူတို့ရဲ့ အိမ်ထောင်ရေးမှာ အဓိပ္ပာယ်သေဆုံးသွားစေမယ့် အက်ကြောင်းတစ်ခု မမြည်စေချင်ပါ။ သို့သော်…သူ နေလို့မရ။ အဲဒီတစ်ညလုံး သူ အိပ်၍ မပျော်တော့ပါ။

(ဂ)


နောက်တစ်နေ့မှာ နိုးထလာတော့ သူမကြည့်ရတာ ရွှင်ရွှင်လန်းလန်း၊ သွက်သွက်လက်လက်ပါပဲ။ သူ့အတွက် ဝေယျာဝစ္စတွေကို ကြည်လင်လန်းဆန်းတဲ့မျက်နှာ ကလေးနဲ့ပဲ လုပ်နေတာပါ။ တစ်ချက်တစ်ချက်လေးမှ မျက်နှာကလေး နွမ်းရီသွားတာ … ဆွေးရိပ်သမ်းသွားတာ … ငိုင်ငေးသွားတာ မရှိပါ။

“ဆွေ … ကိုယ့်ကိုချစ်ရဲ့လား”

လို့ သူက အကဲခတ်ရင်း ခပ်ဆဆမေးတော့ သူမက သူ့ကို ချစ်ရည်ရွှန်းလဲတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ပြီး …

“ချစ်တာပေါ့ ကိုကိုရဲ့ … ဘာဖြစ်လို့ မေးတာလဲ”

လို့ ပြန်ဖြေပါတယ်။ ဒီအဖြေကို သူကျေနပ်ရမှာပေါ့။ ဘယ်သူ့ကို သူ မနာလို ဖြစ်နေတာလဲ။

“ချစ်လို့ မေးကြည့်တာပါကွယ်”

သူဆက်ပြီး မမေးဖြစ်တော့ဘူး။ ထားလိုက်ပါတော့။ အဲ့ဒါကို မေ့လိုက်ပါတော့မယ်လို့ သူ ဇွတ်မေ့ဖို့ ကြိုးစားပါတယ်။ သူမကိုလည်း တစ်ချိန်လုံး မသိမသာ အကဲခတ်နေမိပါသေးတယ်။ သူမကတော့ ဇနီးမယားတစ်ယောက်ရဲ့ ၀တ္တရား လုံးဝ မလစ်ဟင်းစေရအောင် သူ့ကို ပြုစုယုယခဲ့ပါတယ်။ ဘာမှလိုလေသေးမရှိပါဘူး။ သူလည်း စိတ်ချမ်းသာပါတယ်။ ကျေလည်း ကျေနပ်ပါတယ်။

ဒါပေမဲ့ ခက်တာက ညဘက်တွေမှာ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျချိန်ရောက်တိုင်း … ထွက်ပေါ်လာတတ်တဲ့ ရိုက်သံသဲ့သဲ့ကလေးနဲ့ မျက်ရည်စီးကြောင်းကလေး … ပြီးတော့ …

“ရင်နင့်အောင်ကို ချစ်တာပါ မောင်ရယ်”

ဆိုတဲ့ ညည်းရိုက်သံကလေးက သူ့ နှလုံးသားကို တစ်စစ တိုက်စားဖဲ့ခြွေပစ်နေတာပါ။ အဲဒီအချိန်ကလေးက လွဲပြီး ကျန်တဲ့ အချိန်တွေအားလုံးမှာ သူမဟာ သူ့အပေါ်မှာ အလွန်ကောင်းတဲ့ ချစ်ဇနီးကလေးပါ …

သူ့မှာတော့ ပျော်ရွှင်ခြင်းနဲ့ နာကျင်ခြင်းကို မျှဝေခံစားနေရပါတယ်။ ဖွင့်ပြီးတော့လည်း မမေးရက်။ သိလည်းသိချင်… မနာလိုဝန်တိုမူကလည်း တစ်နေ့တခြား ပူလောင်လိုက်ဆူလာတော့ … နောက်ဆုံးမှာ သူ့ပညာရပ်ကို အသုံးချဖို့ စိတ်ကူးခဲ့မိတာပါ။

(ဃ)


သူ့စိတ်ကူးကတော့ သူမရဲ့ မသိစိတ်ထဲမှာ နစ်ဝင်စူးစိုက်နေတဲ့ ဒဏ်ရာတစ်ခုကို hypnotism လို့ခေါ်တဲ့ အိပ်မွေ့ချ စိတ်ညှို့ခြင်း အတတ်ပညာနဲ့ ဖွင့်လှစ်ကြည့်ဖို့ပါပဲ။ တော်တော်လည်း စိတ်လူပ်ရှားဖို့ကောင်းတဲ့ အဖြစ်အပျက်တစ်ခုပါ။ သူ့စိတ်တွေလည်း လူပ်ရှားပြီး ရင်တွေလည်း ခုန်နေပါတယ်။
ကိုယ့်ဇနီး ကိုယ်ပြန်ပြီး အိပ်မွေ့ချပြီး သူမရဲ့ အသိစိတ်တံခါးကို ဖွင့်ဟရတာဟာ အတော်ခဲယဉ်းပင်ပန်းစရာပါ။ ဒါပေမဲ့ သူမဟာ တော်တော်လေး စိတ်ညှို့ခံရပြီးတဲ့ နောက်မျာ ရိုက်သံကလေးသဲ့သဲ့နဲ့ စတင်ရိုက်ငင်ပါတယ်။ အဲဒီရိုက်သံကလေးပေါ့ …ညညတွေမှာ သူ့ကို တရိရိသတ်နေတာပါ။

“ရင်နင့်အောင် ချစ်ပါတယ် မောင်ရယ် … ကျွန်မတို့ သိပ်ချစ်ခဲ့တာပါ … မောင်က ထားခဲ့ပေမယ့် ကျွန်မ တစ်နေ့မှ မမေ့ခဲ့ဘူး … မောင်က ကျွန်မရဲ့ အချစ်ဦးပဲ …အချစ်ဆုံးပဲ … မောင့်လောက် ဘယ်သူ့ကိုမှ မချစ်တော့ဘူး … မောင်သစ္စာဖောက်သွားပေမယ့် မောင့်အပေါ် ကျွန်မသစ္စာမပျက်ပါဘူးကွယ်…

ကျွန်မ ဘယ်သူ့ကိုပဲ လက်ထပ် လက်ထပ် ကျွန်မရဲ့ အချစ်တွေအားလုံး မောင် ယူသွားခဲ့ပြီးသားပါ…”

သြော် … သနားစရာကောင်းလိုက်တဲ့ သူ့ဇနီးကလေးပါလား။ သူရင်မောနာကျင်စွာ သက်ပြင်းရိုက်မိ ပါတယ်။ သူ့ဇနီးရဲ့ ချစ်သူဟာ သူ့ဇနီးကို သစ္စာဖောက်ချန်ရစ်ထားခဲ့သူကိုး။ အခုတော့ အဲဒီချစ်သူကို သူ သိပ်ပြီး ကျေးဇူးတင်နေမိပြီ။ အဲဒီသူသာ စွန့်ပစ်ချန်ရစ်လို့သာ သူမကို သူပိုင်ဆိုင်ခွင့်ရခဲ့တာပေါ့။ သူ့ဇနီးကလေးရဲ့ နှလုံးသားဟာ အကွဲကွဲ အကြေကြေ မွကြနေပြီဆိုပေမယ့် သူပြန်ပြီး တစ်စစီ ဆက်ယူမှာပါ။ အဓိက က စိတ်ပါပဲ။ စိတ်ထားတတ်ဖို့နဲ့ တန်ဖိုးထားတတ်ဖို့ပဲ အရေးကြီးတာပါ။

သူ့ဇနီးလးကို စွန့်ပစ်သွားခဲ့တဲ့ သူမ ရဲ့ချစ်သူဟာ တကယ်တော့ မထိုက်တန်လို့ စွန့်ပစ်သွားခဲ့ရတာပါ။ သူနဲ့ကျတော့ ထိုက်တန်လို့သာ သူမကို ပိုင်ဆိုင်ရရှိခဲ့တာပါ။ တစ်ခါတစ်ရံတော့ စွန့်ပစ်ခံရတိုင်းလည်း တန်ဖိုးမဲ့လို့မဟုတ်သလို သူများစွန့်ပစ်တာကို ကောက်ယူသိမ်းဆည်းရလို့လည်း ကိုယ်ရလိုက်တာ တန်ဖိုးမဲ့တဲ့အရာတစ်ခုမဟုတ်ပါ။ တန်ဖိုးထားသူရဲ့ လက်ထဲရောက်သွားရင် အရာရာဟာ တန်ဖိုးမြင့်မားနေမှာပါ။

သူ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ဇနီးကလေးရဲ့ အသည်းကွဲဝေဒနာကို သူ့အချစ်တွေနဲ့ ကုစာပေးပါတော့မယ်လို့ပေါ့။

လွန်းထားထား

No comments:

Post a Comment