ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 6 January 2011

ဝေလာမ ပုဏ္ဏားကြီး၏ အလှူတော်



ရှေးလွန်းလေပြီသောအခါ ဘုရားအလောင်းတော်သည် ဗာရာဏသီပြည်၌ ပုရောဟိတ်ပုဏ္ဏားကြီး၏ သားတော်ဖြစ်လေသည်။ ဝေလာမသတို့သားဟု အမည်မှည့်ကြသည်။ (၁၆)နှစ်အရွယ်ရှိသောအခါ ဗာရာဏသီမင်း၏ သားတော်နှင့်အတူ ပညာသင်ယူရန် တက္ကသိုလ်ပြည်သို့ သွားခဲ့ကြသည်။ ဘုရားအလောင်းတော်သည် ဆရာသင်ပြသည့်အတိုင်း အတတ်ပညာများကို သင်ယူနိုင်သဖြင့် ဆရာကြီး၏ အားကိုးရသော တပည့်ကြီးဖြစ်လာသည်။ မင်းသားပေါင်းများစွာတို့ကို ဆရာကြီးကိုယ်စား သင်ကြားပေးရသည်။

နောင်အခါ ဝေလာမလုလင်သည် ဗာရာဏသီသို့ ပြန်လာခဲ့သည်။ ဗာရာဏသီမင်းသားကို မင်းအဖြစ် အဘိသိက်သွန်းပြီး ဝေလာမလုလင်ကို ပုရောဟိတ်ရာထူးပေးသည်။ တနေ့သော် ဝေလာမပုဏ္ဏားကြီးသည် ဆွေခုနှစ်ဆက်၊ မျိုးခုနှစ်ဆက်ပိုင် စုဆောင်းထားခဲ့သော ရတနာခုနှစ်ပါးဖြင့် ပြည့်နေသည့် တိုက်ခန်းတို့ကို ဖွင့်လှစ်ကြည့်ရူပြီးလျှင် ဇမ္ဗူဒိပ်တကျွန်းလုံး တုန်လူပ်သွားစေမည့် အလှူဒါနကြီးကို ပြုရမူ ကောင်းလေစွဟု ကြံစည်မိလေသည်။

ထိုအကြောင်းကို ဗာရာဏသီမင်းအား လျှောက်ထားပြီး ဂင်္ဂါမြစ်ကမ်းပါး၌ များပြားလှသော ဖိုခနောက်ဆိုင်အတန်းကြီးကို ပြုလုပ်၍ ထောပတ် ပျားရည် ဆန် ဆီစသည်တို့ထားရန် ဘဏ္ဍာ ကျီး ကြ ဆောက်လုပ်စေပြီး “ယနေ့မှစ၍ ဝေလာမပုဏ္ဏားကြီး၏ အလှူဒါနပွဲသို့ လာရောက် စားသောက် ယူငင်ကြကုန်လော့” ဟု စည်လှည့်လည်စေသည်။ ထို့နောက် ဝေလာမပုဏ္ဏားကြီးသည် အ၀တ်တန်ဆာ ရတနာများကို ပြည့်စုံစွာ ဆင်ယင်လျက် ရွှေကရားကိုယူကာ “ဤလောက၌ ကျွန်ုပ်၏အလှူကို ခံယူထိုက်သော မြတ်သော အလှူခံပုဂ္ဂိုလ်တို့ရှိပါက ကရားထဲမှ ရေသည် မြေပေါ်သို့ ကျပါစေ၊ အကယ်၍ မရှိပါက မကျပါစေနှင့်” ဟု အဓိဋ္ဌာန်၍ ကရားကို မှောက်သွန်လိုက်သည်။ ကရားထဲမှ ရေ ထွက်ကျမလာပေ။

ထိုအခါ ဘုရားလောင်းသည် “ဤဇမ္ဗူဒိပ်ကျွန်းသည် အချည်းနှီးဖြစ်ခဲ့လေပြီ၊ ငါ၏ အလှူကို ခံယူနိုင်သော မြတ်သော အလှူခံပုဂ္ဂိုလ်တစ်ဦး တစ်ယောက်မျှ မရှိပေ” ဟု သိရှိရပြီးနောက် စိတ်မချမ်းသာမူ မဖြစ်စေဘဲ “မိမိအလှူရှင်ဘက်မှ သန့်ရှင်းစင်ကြယ်ပါမူ ဤကရားမှ ရေသည် ထွက်၍ မြေပြင်၌ တည်လေ၏။ ထိုအချိန်မှ စ၍ ယာဂုသောက်ချိန်၌ ယာဂုအလှူ၊ ခဲဖွယ်စားချိန်၌ ခဲဖွယ်အလှူ၊ ထမင်းစားချိန်၌ ထမင်းအလှူတို့ကို နေ့စဉ် နေ့တိုင်း ပေးလှူလေ၏။”

ထိုဒါနအလှူပွဲ၌ ဤအရာသည် ရှိသည်၊ ဤအရာ မရှိဟု ဆိုဖွယ်မရှိစေရန် ပြည့်စုံအောင်စီစဉ်ထား၏။ ဤအချိန်၌သာ ရနိုင်သည်၊ ထိုအချိန်၌ မရနိုင်ဟု အချိန်ကန့်သတ်ချက်မရှိ၊ အချိန်ပြည့်စီစဉ်ထား၏။

ငွေအပြည့်ထည့်ထားသော ရွေခွက်၊ ရွေအပြည့်ထည့်ထားသော ငွေခွက်၊ ငွေအပြည့်ထည့်ထားသော ကြေးခွက်ပေါင်း(၈၄၀၀၀)စီကို လည်းကောင်း၊ ရွှေထည်တန်စာဆင်ထားသော ဆင်ပေါင်း(၈၄၀၀၀)၊ နို့ထွက်အလွန်ကောင်းသော နို့စားနွားမပေါင်း(၈၄၀၀၀)၊ ပတ္တမြား ပုလဲစသည့် ရတနာများဖြင့် တန်ဆာဆင်ထားသော အမျိုးသမီးပေါင်း(၈၄၀၀၀)၊ သားသမင်ရုပ်တို့ဖြင့် တန်ဆာဆင်ထားသော ပလ္လင်ပေါင်း(၈၄၀၀၀)၊ ခေါမတိုင်းဖြစ် အလွန်နူးညံ့သော ချည်ထည်ကမ္ဗလာထည်ပေါင်း ကုဋေပေါင်း များစွာတို့ကို လည်းကောင်း ပေးလှူခဲ့သည်။ စားဖွယ် သောက်ဖွယ်များမှာမူ အလိုရှိသူတိုင်း အလိုရှိသလောက် ယူငင်သုံးစွဲနိုင်ရန် စီစဉ်လှူဒါန်းသည်၊ ထမင်းရည်ချောင်းစီး အလှူကြီးကို ပေးလှူခဲ့သည်။

ထိုသို့ အလွန်ကြီးကျယ်များပြားသည့် အလှူဒါနပွဲကြီး ပြုလုပ်ခဲ့သော်လည်း မြတ်သောအလှူကို ခံယူထိုက်သော အလှူခံပုဂ္ဂိုလ်တစ်ဦး တစ်ယောက်မျှ မပါရှိခဲ့ပေ။ အလှူခံပုဂ္ဂိုလ်အားလုံးတို့မှာ ငါးပါးသီလကိုပင် မစောင့်ထိန်းကြသည့် သီလမရှိသော ပုဂ္ဂိုလ်ချည်းသာဖြစ်ခဲ့သည်။ ထို့ကြောင့် ဝေလာမပုဏ္ဏားကြီး၏ ဒါနသည် သာသနာပအလှူဒါန ဖြစ်၍ ကြီးမားသော အကျိုးပေးမူ မဖြစ်ပေ။

မြတ်စွာဘုရားသည် အကျိုးကြီးသော ဒါနနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဟောပြတော်မူခဲ့သည် -

ဝေလာမပုဏ္ဏားကြီး၏ ထမင်းရည်ချောင်းစီး ရာသက်ပန်အလှူကြီးထက် သောတာပန်ပုဂ္ဂိုလ်တစ်ဦးအား ဆွမ်းတစ်နပ်လှူဒါန်းရခြင်းက ပို၍ အကျိုးကြီး၏။ ထို့အတူ သကဒါဂါမ် တစ်ရာထက် အနာဂါမ်တပါး၊ အနာဂါမ်တစ်ရာထက် ရဟန္တာတစ်ပါး၊ ရဟန္တာတပါး တစ်ရာထက် ပစ္စေကဗုဒ္ဓါတစ်ပါး၊ ပစ္စေကဗုဒ္ဓါ အပါးတစ်ရာထက် မြတ်စွာဘုရားတစ်ဆူ၊ ထို့နောက် ဘုရားအမှူးရှိသော ရဟန်း သံဃာ အပေါင်းတို့ကို ဆွမ်းလှူဒါန်းရခြင်းက ပို၍ အကျိုးရှိ၏။ ထိုအလှူထက် အရပ်လေးမျက်နှာရှိ သံဃာတော်ကို ရည်စူး၍ ကျောင်းဆောက်လုပ် လှူဒါန်းခြင်းက ပို၍ အကျိုးရှိ၏။

ဤသို့လျှင် လောက၌ လူတို့သည် အလှူဒါနအမျိုးမျိုးကို လူမျိုးအလိုက် ဘာသာအလိုက် ပြုလုပ်လျက် ရှိကြသည်။ ဗုဒ္ဓဘာသာမှတပါး အခြားသော ကြီးပွားရေး တိုးတက်ရေးပြည့်စုံရေး အတွက်သာ အဓိက ရည်ရွယ်သော ဒါနမျိုးသာ ဖြစ်ကြသည်။ အမှန်မှာ ဒါနတရားသည် ပစ္စက္ခတမလွန် သံသရာတလျှောက် ကြီးမားသော အကျိုးကို ပေးနိုင်သည့် တရားဖြစ်သည်။ ဒါနကို သိမြင်ယုံကြည်မူ ကမ္မဿကတဉာဏ်ဖြင့် ပြုလုပ်လှူဒါန်းခြင်း၊ သာသနာတော် ပွင့်ထွန်းခိုက်မှာသာ လှူဒါန်းခွင့်ရသည့် ဘုရား၊ တရား၊ သံဃာ၊ ရတနာမြတ်သုံးပါးတို့အား လှူဒါန်းရခြင်းတို့နှင့် ပြည့်စုံညီညွတ်မှသာ ကြီးမားသော အကျိုးကို ရရှိနိုင်မည် ဖြစ်သည်။

သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်တို့သည် သာသနာတော်တွင်း အလှူဒါနများကို နည်းစနစ်မှန်ကန်စွာ လှူဒါန်းခြင်းဖြင့် ဘ၀သံသရာကောင်းမွန်သော ရိက္ခာထုပ်ကို ဖြည့်ဆည်းသင့်ကြပေသည်။

No comments:

Post a Comment