ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 10 May 2011

လူ့ပြည်လူ့ဘ၀၏ ကျေးဇူးတရားများ


“တီဟိ ဘိက္ခဝေ ဌာနေဟိ ဇမ္ဗုဒီပကာ မနုဿာ ဥတ္တရကုရုကေ စ မနုေဿ အဓိဂ္ဂဏှန္တိ ဒေဝေ စ တာဝတိံ သေ၊ ကတမေဟိ တီိ သူရာ သတိမန္တော ဣဓ ဗြဟ္မစရိယ၀ါသော၊ ဣမေဟိ ခေါ ဘိက္ခဝေ တီိ ဌာနေဟိ ဇမ္ဗုဒီပကာ မနုဿာ ဥတ္တရကုရုကေ စ မနူေဿ အဓိဂ္ဂဏှန္တိ ဒေဝေ စ တာဝတိံ သေ တိ”၁။

“ရဟန်းကို ဇမ္ဗူဒိပ်ကျွန်းသူ လူတို့သည် အကြောင်းသုံးမျိုးတို့ဖြင့် ဥတ္တရကုရုကျွန်းနေ လူတို့ကို၎င်း တာဝတိံသာနတ်တို့ကို၎င်း လွှမ်းမိုးသာလွန်ကုန်၏၊ အဘယ်အကြောင်း သုံးမျိုးတို့နည်းဟူမူ ရဲရင့်ကုန်၏၊ ခိုင်မြဲသော သတိရှိကုန်၏၊ ဤကျွန်း၌ မြတ်သောအကျင့်ကို ကျင့်သုံးရ၏၊ ရဟန်းတို့ ဤအကြောင်းသုံးမျိုး တို့ဖြင့် ဇမ္ဗူဒိပ်ကျွန်းသူ လူတို့သည် တာဝတိံသာနတ်တို့ကို၎င်း ဥတ္တရကုရုကျွန်းနေ လူတို့ကို၎င်း လွှမ်းမိုးသာလွန်ကုန်၏။” ၂။

သုတ္တန္တပိဋက ခုဒ္ဒကနိကာယ် ဒုတိယကျမ်းစာလာ ၀ိမာန၀တ္ထုနှင့် ပေတ၀တ္ထုတို့ကို ကြည့်ရူ သုံးသပ်သူတိုင်းပင် အထက်ဖော်ပြပါ အင်္ဂုတ္ထိုရ်လာ စကားရပ်ကို ပိုမို၍ သဘောပေါက်နိုင်ကြပေမည်၊ အထူးအားဖြင့် ၀ိမာန၀တ္ထုတွင် မိမိတို့၏ ကုသိုလ်ကံအလျောက် နတ်သမီး နတ်သားတို့၏ စည်းစိမ်ခံစားရပုံနှင့် ဥယျာဉ်ဗိမာန် ရေကန်ပဒေသာပင် မြင်း ဆင် ရထား အစားအစာတို့ကို တခမ်းတနား ဖော်ပြထားပေသည်၊ မိုးပျံမြေလျှိုး တန်ခိုးတေဇာ အရောင်အ၀ါတို့ကိုလည်း အားကျဖွယ်ရာ ဟောကြားထားပေသည်၊ သို့ဖြစ်စေကာမူ ယင်းစည်းစိမ်ချမ်းသာ တန်ခိုးတေဇာတို့ကို နတ်ပြည်လောကတွင် လူ့ပြည်၌ကဲ့သို့ ကျပ်ပြည့်တင်းပြည့် ဖန်တီး၍ မဖြစ်၊ လေ့လာဆည်းပူး၍ မရ၊ ရှိပြီးစည်းစိမ်တန်ခိုးမျှကိုပင် တိုးပွါးသစ်လွင်လာရန် လုပ်ဆောင်ခြင်းငှါ မလွယ်ကူပေ၊ စည်းစိမ်ချမ်းသာ တန်ခိုးတေဇာ အားလုံးကိုပင် များသောအားဖြင့် လူ့ပြည်လောကမှ ကုသိုလ်ပုညဟူသော လက်နက်ကောင်းဖြင့် ပြုလုပ်ဖန်တီးပေးရလေသည်။

ဖော်ပြပါ အင်္ဂုတ္တိုရ်လာ လူ့ပြည်လောက၏ ရဲရင့်ခြင်း သတိရှိခြင်းတို့အပြင် အထူးအားဖြင့် မြတ်သောအကျင့်ကို ကျင့်သုံးနိုင်ခြင်းတို့သည် ထိုနတ်ပြည်အထပ်ထပ်၏ စည်းစိမ်တန်ခိုး အမျိုးမျိုးတို့ ဖြိုးဖြိုးဝေမူတို့ကို ဖန်တီး၍ ပေးနေကြပေသည်၊ ထို့ကြောင့် လူ့ပြည်လောကကြီးသည် နတ်ပြည် ဗြဟ္မာ့ပြည်တို့၏ စည်းစိမ်ချမ်းသာ တန်ခိုးတေဇာတို့ကို နေ့ညမရွေး ထုတ်လုပ်ပြုပြင်၍ ပေးနေသည့် အချက်အချာ ဗဟိုငှာနကြီးဖြစ်ပြီးလျှင် နတ်ပြည် ဗြဟ္မာ့ပြည်သို့ သွားရာ ကူးတို့ဆိပ်ကြီး သဖွယ်လည်းဖြစ်၍ လူ့ပြည်မှ လူတို့သည် မိမိတို့၏ ကုသိုလ်ပုညာအားလျော်စွာ နတ်ပြည်ဗြဟ္မာ့ပြည်တို့သို့ နေ့ညမရွေး ကူးသန်းရွေ့ပြောင်း နေကြရပေသည်။

ဤနေရာ၌ “လူ” ဟူသော အမည်ပညတ်၏ အဓိပ္ပါယ်ကို သိထားထိုက်ပေသည်။ “လူ” ဟူသည် မြန်မာဝေါဟာရမျာ ပါဠိဘာသာအားဖြင့် “မနုဿ” ဟူသောပုဒ် ဖြစ်သည်၊ ယင်း “မနုဿ” ပုဒ်ကို အဋ္ဌကထာဆရာက “လောဘာဒီဟိ အလာဘာဒီဟိ စ သဟိတဿ မနဿ ဥဿန္နတာယ မနုဿာ = လောဘ အလောဘ အစရှိသည်တို့နှင့်တကွဖြစ်သော စိတ်၏ ပြန့်ပြောများပြားသည်၏ အဖြစ်ကြောင့် မနုဿ “လူ” မည်၏ဟု ဆိုထားရာ တလူလူမြင့်မား တက်ကြွနေသည့် အဓိပ္ပါယ်ရောက်သော မြန်မာပညတ် လူဟူသည်နှင့် ထပ်တူလိုပင်ဖြစ်နပေသည်၊ လူသတ္တ၀ါတို့သည် လောဘဟူသော စိတ်ပြန်ပြောနေ၍ပင် အပါယ်ဘုံသို့ ဆင်းသက်ကြရပြီး အလောဘစသော စိတ်ကောင်း စိတ်မြတ်များ ပြန့်ပြောများပြား တလူလူမြင့်မားနေ၍ပင် နတ်ပြည် ဗြဟ္မာ့ပြည်နှင့် နိဗ္ဗာန်ခရီးလမ်းတွင် ပြည့်လျှမ်း၍ နေရပေသည်။

လူ့ဘုံဟူသော ဘ၀ပဒေသာပင်ကြီး သုဂတိကူးတို့ဆိပ်ကြီးမှပင် လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာ သုံးဖြာသော စည်းစိမ်ကြီးများကို ခူးဆွတ်စားသောက် ကူးမြောက် ရွေ့ပြောင်းသွားနိုင်သဖြင့် ဘ၀အမျိုးမျိုးတွင် လူ့ဘ၀သည်သာ အကောင်းမွန်ဆုံး ကောင်းမူကုသိုလ် အပြုနိုင်ဆုံးဟု နှလုံးပိုက်အပ်ပေ၏။ ဤစကားရပ်ဖြင့် ကုသိုလ်ကောင်းမူ ပြုလုပ်ခြင်းဟူသော ပုညကိရိယအမူများကို လူ့ဘ၀မှတပါး အခြားသောဘ၀ အခြားသော ဂတိများ၌ ပြုခွင့်မရဟူ၍ ကား မဆိုလိုပေ၊ သင့်တန်သလောက် ရနိုင်သည်ဟုကား ဆိုရပေမည်၊ ငရဲဘုံ၌ပင် ကာမာဝစရ ကုသိုလ်စိတ်၏ဖြစ်ခြင်းကို ရခါ ရနိုင်ပေသေးရာ အခြားဘုံများ၌ကား ဆိုဖွယ်ရာမရှိပေ၊ သို့ဖြစ်စေကာမူ နတ်ဘုံ ငရဲဘုံနှင့် တိရစ္ဆာန်ဘုံတို့သည် ချမ်းသာစင်စစ် ဆင်းရဲစင်စစ်နှင့် ဆင်းရဲများပြားသည်ဒအဖြစ်ကြောင့် ပုညကိရိယ ကုသိုလ်ကောင်းမူ ပြုခွင့်များကို ရရှိရန် မလွယ်ကူပေ၊ ထို့ပြင် သပ္ပုရိသူပနိဿယစက်ဟူသော သူတော်ကောင်း ပုဂ္ဂိုလ်တို့နှင့် ပေါင်းဖော်တွေ့ဆုံနိုင်ခွင့်စသည့် အကြောင်းမျိုးတို့နှင့် ယှဉ်စပ်ရန် အလွန်ခဲယဉ်းခြင်းကြောင့်လည်း ပုညကိရိယ ကုသိုလ်ကောင်းမူ ပြုခွင့်များမှာ ဝေးသည်ထက်ဝေး၍ နေရပေသည်။

လူ့ဘုံသည်ကား နတ်ဘုံကဲ့သို့လည်း ချမ်းသာအတိ စံစားရသည်မဟုတ်၊ ငရဲဘုံကဲ့သို့လည်း ဆင်းရဲအတိ ခံစားရသည်မဟုတ်၊ တိရစ္ဆာန်ဘုံကဲ့သို့လည်း ဆင်းရဲများပြားလှသည်မဟုတ်၊ ချမ်းသာများပြားသော “သုခ ဗဟုလ” ဘုံမျိုးသာဖြစ်ရာ ပုညကိရိယ ၀တ္ထုဖြစ်ခွင့်လည်းလွယ်ကူ၍ သပ္ပုရိသူပနိဿယစက်နှင့် လည်း ပြည့်စုံနိုင်လေတော့သည်၊ လူ့ဘုံသည် ဆင်းရဲဒုက္ခနှင့်ကား မကင်းသေးပေ၊ သို့သော် ထိုဆင်းရဲသည်ပင် ပုညကိရိယ၀တ္ထုကောင်းမူပြုရန်အတွက် အထောက်အကူ ပြု၍ နေပေသေး၏၊ မှန်၏-ဆင်းရဲကိုမှီ၍ပင် ဘုရား တရား သံဃာ ရတနာသုံးပါး၌ မီးချည်းဖုတ်နေလျှင်၎င်း ရေချည်းလောင်းနေလျှင်၎င်း ထိုးခုတ်သုံးစွဲနိုင်သောလက်နက် ဖြစ်မလာနိုင်ပေ၊ မီးလည်းထိုက်သင့် သလောက်ဖုန် ရေလည်း ထိုက်သင့်သလောက်လောင်းမှ လက်နက်ကောင်းဖြစ်လာသကဲ့သို့ မီးနှင့်တူသော ဆင်းရဲချည်းခံစားနေရမူ ဆင်းရဲများပြားနေရမူ, ရေနှင့်တူသော ချမ်းသာချည်းခံစားနေရမူ တို့သည် ပုညကိရိယ ဟူသော လက်နက်ကောင်းတို့ကို များစွာ မဖြစ်ပေါ်စေနိုင်၊ မီးရေမျှတ ဒုက္ခသုခသင့်ရုံမျှ ခံစား စံစားရသော လူ့ဘုံမျိုးမှာသာ ပုညကိရိယလက်နက်ကောင်းများကို အခြားဘုံတို့ထက်ပို၍ ထုတ်လုပ်နိုင်ကြောင်း နှလုံးပိုက်သင့်ပေသည်။

No comments:

Post a Comment