ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 16 May 2011

ပုရိသ၀ိမာနဆိုင်ရာ မှတ်သားဖွယ်ရာ


ပုရိသ၀ိမာနအပိုင်းတွင် ၃၃-၀တ္ထုများသာပါရှိသည်၊ ထို ၃၃-၀တ္ထုတွင် ဣတ္ထိဝိမာနကဲ့သို့ အရိယာ (သောတာပန်စသည်) အဖြစ်မပါရှိဘဲ ဒါနသက်သက်ပြုသူ ၂၂-ဦး၊ သီလသက်သက် ဆောက်တည်ခဲ့သူ ၂-ဦး၊ ဒါနသီလ ရောနှောပြုခဲ့သူ ၁-ဦး၊ ကြည်ညို၍ ရှိခိုးရုံမျှဖြင့် နတ်ပြည်၌ဖြစ်ရသူ ၃-ဦး၊ ကျောင်းဝေယျာဝစ္စပြုလုပ်ခဲ့သူ ၁-ဦး၊ တိရစ္ဆာန်ဘ၀မှလာသူ ၂-ဦး၊ ဒါနမပြုပဲ ရဟန်းဘ၀ဖြင့် ခေတ္တကျင့်သုံး၍ လူထွက်ပြီး စေတီကိုပူဇော်ခဲ့သူ ၁-ဦးနှင့် သူတပါး ဖြစ်ကတတ်ဆန်းမျှတင်လှူခဲ့သော ပန်းကို စေတီ၌ ကောင်းမွန်စွာ ပြုပြင်တင်လှူခဲ့သူ ၁-ဦး စုစုပေါင်း ၃၃-ဦးတို့၏ အကြောင်းအရာများ ပါရှိပေသည်။

ထို ၃၃-ဦးတို့တွင် အထူးအားဖြင့် ဘုရားလောင်းတောထွက်ရာ၌ စီးတော်မူသော ကဏ္ဍကမြင်း ဘ၀မှဖြစ်လာသော ကဏ္ဍကနတ်သားအကြောင်းကိုလည်း ဖတ်ရူကြရမည် ဖြစ်၏။

(ဤ၀တ္ထုနှင့် စပ်လျဉ်း၍ ဖားဘ၀မှ နတ်သားဖြစ်လာသူ မဏ္ဍူကဒေ၀ပုတ္တ၀တ္ထုကိုလည်းတွေ့နိုင်သေး၏၊ တိရစ္ဆာန်ဘ၀ဖြင့် ဘုရားရှင်နှင့် တိုက်ရိုက်တွေ့ဆုံရ၍ နတ်ပြည်၌ နတ်သား ဖြစ်ရသည်မှာ အလွန်ကုသိုလ်ထူးပေသည်၊ ကုသိုလ်ဟုန်ကြီးမားလျှင် တိရစ္ဆာန်ဘ၀မှလာသော်လည်း အလွန်တန်ခိုးကြီးမားကြ၏၊ ကဏ္ဍကနတ်သားဝတ္ထု, မဏ္ဍူကနတ်သားဝတ္ထုတို့တွင် တိရစ္ဆာန်မှတဖြစ်လဲ နတ်သားများပင်ဖြစ်လင့်ကစား အလွန်တန်ခိုးကြီးကြောင်း တွေ့ရှိနိုင်၏၊ နတ်ပြည်၌ တိရစ္ဆာန်အဖြစ်မရှိပေရာ အချို့ဝတ္ထုများရှိ အလွန်တန်ခိုးကြီးကြောင်း တွေ့ရှိနိုင်၏၊ နတ်ပြည်၌ တိရစ္ဆာန်အဖြစ်မရှိပေရာ အချို့ဝတ္ထုများရှိ ရေကန်အတွင်းမှ ဥသြ ဟင်္သာနှင့် ကြိုးကြာစသည်များမှာလည်း ဆိုင်ရာ အခြံအရံနတ်များက တန်ခိုးရှင်နတ်သမီး နတ်သားများ ပျော်မြူးနိုင်ရန် ဥသြအသွင် ဟင်္သာအသွင် ကြိုးကြာအသွင်စသည် ဖန်ဆင်းပေးရသည်ဟု အဋ္ဌကထာတွင် ၁ ဆို၏။)။

ဘုရားပရိနိဗ္ဗာန်ပြုတော်မူပြီး နောက်မှ ကုသိုလ်ပြု၍ နတ်ဘုံသို့ ရောက်လာသော စူဠရထနတ်သားအကြောင်းနှင့် ကဿပမြတ်စွာဘုရားလက်ထက်မှ ယခုအထိ တာဝတိံသာနတ်ပြည်တွင် တည်ရှိနေသေးသော မဟာရထနတ်သားဝတ္ထုများကိုလည်း အံ့သြဖွယ်ရာ ဖတ်ရူကြရမည်ဖြစ်၏၊ ထို့ပြင် ကမ္ဘာသုံးသောင်းထက် သုမေဓာမြတ်စွာဘုရားပွင့်တော်မူပြီးနောက် ပရိနိဗ္ဗာန်ပြုတော်မူကာ သုမေဓာဘုရားရှင်၏ ဓာတ်တော်များကို စေတီတည်ပြီးချိန်တွင် အမျိုးသားတဦးသည် ဘုရားသာသနာတော်အတွင်းမှာပင် ရဟန်းပြု၍ ခုနှစ်နှစ်မျှသာ အားထုတ်ပြီးနောက် လူထွက်ကာ စေတီယင်ပြင်၌ တံမြက်လှည်းခြင်း သီလဆောက်တည်ခြင်းကိုပြုသဖြင့် တာဝတိံသာနတ်ပြည်၌ ယခုဘုရားလက်ထက်တိုင်အောင် နတ်သားဖြစ်နေသေးသော အနေက၀ဏ္ဏနတ်သားဝတ္ထုမှာလည်း တနည်းတဖုံ အံ့သြဖွယ်ရာ ကောင်းလှပေသည်။

ထိုဝတ္ထု၌ “အရှင်ဘုရား ထိုအခါ၌ အကျွန်ုပ်သည် ပေးလည်းမပေးလှူခဲ့ဘူးပါ၊ ပေးလှူရန်လည်း ဒါန၀တ္ထု မရှိခဲ့ပါ၊ ပူဇော်ခြင်းငှါထိုက်တော်မူသော မြတ်စွာဘုရား၏ ထိုသရိရဓာတ်တော်ကို ပူဇော်ကြကုန်လော့၊ ဤသို့ ပူဇော်သည်ရှိသော် ဤလူ့ပြည်မှ နတ်ပြည်သို့ သွားရကုန်လိမ့်သတည်း ဟု သူတပါးတို့ကိုသာလျှင် နိုးဆော်တိုက်တွန်းခဲ့ဘူးပါ၏” ဟု ပြောဆိုပုံ ပါရှိသဖြင့် ဓာတ်တော်တို့ကို ပူဇော်ခြင်း, ပူဇော်ရန် တိုက်တွန်းခြင်းတို့အတွက် အကျိုးပေးပုံတို့မျာ အလွန်မှတ်သားစရာ ကောင်းလှပေသည်။

အထူးမှတ်သား ထားသင့်သော ၀ိမာန၀တ္ထုတပုဒ်ကား သေရီသက၀ိမာန၀တ္ထုပင် ဖြစ်၏၊ ၎င်းဝတ္ထုမှ ပါယာသိရာဇညမည်သော သေတဗျမြို့စားမင်းသည် ဘုရားပရိနိဗ္ဗာန်ပြုတော်မူပြီး နောက်မှ အသျှင်ကုမာရကဿပနှင့် တွေ့ဆုံကာ ကောင်းသောဉာဏ်အမြင်၌ တည်ပြီးလျှင် ကုသိုလ် ကောင်းမူတို့ကိုပွါး၍ သေရီသကမည်သော စတုမဟာရာဇ်ဘုံ အပါအ၀င်ဖြစ်သော ဗိမာန်တခု၌ နတ်သားဖြစ်ခဲ့၏၊ ကုသိုလ်ကောင်းမူတို့ကို ဆည်းပူး၍ ဒါနစသည်တို့ကိုပြုခဲ့သော်လည်း ရိုရိုသေသေ မပြုခဲ့သဖြင့် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ဗိမာန်၌ ဖြစ်ခဲ့ရပေသည်၊ ၎င်း၏အဠုပ္ပတ္တိကို နှစ်ပေါင်း အတော်ကြာမှ လှည်းကုန်သည်တို့နှင့်စပ်၍ မထေရ်များ သိကြရသဖြင့် ဒုတိယသံဂါယနာပွဲတွင်မှ အသျှင်မဟာယသအမှူးရှိသော မထေရ်များက မှတ်တမ်းတင်ခဲ့ကြရသည်၊ ၀ိမာန၀တ္ထုအားလုံးတို့တွင် ၌သေရီသက ၀ိမာန၀တ္ထုသည် ဒုတိယသံဂါယနာ၌ ထည့်သွင်းသော ၀တ္ထုဖြစ်သဖြင့် ထူးခြားသည်ဟု ဆိုသင့်ပေသည်၊ (စူဠရထနတ်သားကား ဘုရားပရိနိဗ္ဗာန်ပြုပြီးမှ ဖြစ်သော်လည်း အသျှင်မဟာကစ္စည်နှင့် စောစောတွေ့ရသဖြင့် ပဌမသံဂါယနာတွင် မှတ်တမ်းတင်ခဲ့ကြောင်း အဌကထာဆရာ ဆိုလေသည်)။

အချုပ်အားဖြင့်ဆိုရသော် ၀ိမာန၀တ္ထုတို့သည် မြတ်စွာဘုရား သာသနာတော်၌ ကိုသိုလ် ကောင်းမူ ပြုလုပ်ကြရန်နှင့် ပြုလုပ်ပြီးသူတို့အဖို့လည်း အစဉ်သဖြင့် ၀မ်းမြောက်ရွှင်လန်း၍ ကောင်းမူပြုရသည့် အကျိုးတရားတို့ တိုးပွါးသည်ထက် တိုးပွားလာရန် ရည်ရွယ်ချက်ဖြင့် အသျှင်မဟာမောဂ္ဂလ္လာန် ရဟန္တာမာမထေရ်မြတ်ကြီး၏ အတွေ့အမြင်အတိုင်း မြတ်စွာဘုရားကတဆင့် ဟောကြားထားခြင်းဖြစ်ကြောင်း သဒ္ဓါကြည်လင်စွာ မှတ်ကြရာ၏။

ဤမျှဖြင့် ၀ိမာန၀တ္ထုနှင့်ဆိုင်ရာ မှတ်သားဖွယ် အချက်အလက်များကို ပြဆိုပြီး၍ ပေတ၀တ္ထုဆိုင်ရာ အချက်အလက်များကို ဖော်ပြပါဦးအံ့။

No comments:

Post a Comment