ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 21 May 2011

အပါယ်ဘုံသားမဟုတ်သော ပြိတ္တာများ


အပါယ်လေးဘုံတွင် ပြိတ္တာဘုံပါဝင်ကြောင်း ပြိတ္တာတို့သည် အပါယ်ဘုံသားများဖြစ်ကြောင်းမှာ အထူး ရေးသားဖွယ် မလိုချေ၊ သို့သော် အပါယ်ဘုံသားမဟုတ်သော ပြိတ္တာများရှိသေးသည်ဟုဆိုလျှင် ရုတ်တရက် အံသြသွားကောင်း သွားပေမည်၊ ထို့ကြောင့် အပါယ်ဘုံ၌ အကျုံးမ၀င်သော ပြိတ္တာများအကြောင်းကို စဉ်းငယ်ဖော်ပြပေးသေး၏၊

အပါယ်ဘုံ၌ အကျုံးဝင်သူ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် သတ္တ၀ါတို့သည် ပဋိသန္ဓေကပင် အကုသလ၀ိပါက် အတိတ်ပဋိသန္ဓေနေခဲ့ကြသူများ ဖြစ်ကြ၏၊ အချို့ပြိတ္တာတို့သည် သုဂတိ အဟိတ် ဒွိဟိတ် တိဟိတ် ပဋိသန္ဓေ နေကြလေသည်၊ ၎င်းတို့ကိုကား အပါယ်ဘုံသားဟူ၍ မခေါ်ရတော့ချေ၊ ပြိတ္တာပင်ဖြစ်လင့်ကစား သုဂတိအဟိတ်စသော ပဋိသန္ဓေဖြင့်ဖြစ်လာကြလျှင် စတုမဟာရာဇ် ဘုံသားအဖြစ် အကျုံးဝင်လာကြ၏၊ သို့သော် စတုမာရာဇ်နတ်များကဲ့သို့ကား တန်ခိုးကြီးမားခြင်း မရှိကြပေ။

ဘုရားရှင် လက်ထက်တော်က သူစိလောမဘီလူး ခရလောမဘီလူး ပိယင်္ကရမာတာဘီလူးမ ဥတ္တရမာတာဘီလူးမတို့သည် ပြိတ္တာဟုဆိုရသော ၀ိနိပါတိကအသုရာမျိုးတို့ပင် ဖြစ်၏၊ သို့သော် ၎င်းတို့မှာ တိဟိတ်ပဋိသန္ဓေနေသော အထက်တန်းစားများဖြစ်၍ ရာထူးကို ရနိုင်ကြပေသည်။

အင်္ဂုတ္တရအဋ္ဌကထာ၌ ၁ ၀ိနိပါတိကအသုရာအကြောင်း ဖွင့်ဆိုရာတွင် အပါယ်လေးပါးမှ လွတ်သော ဥတ္တရမာတာ ပိယင်္ကရမာတာ ဖုဿမိတ္တာ ဓမ္မဂုတ္တာစသော အခြားဝေမာနိကပြိတ္တာတို့သည် ရှိကုန်၏၊ ထိုဝေမာနိကပြိတ္တာတို့သည် အ၀ါ အဖြူ အညို ကြမ်းပိုးရေအဆင်း ရွှေရောင်အဆင်းစသော အရောင်အဆင်းဖြင့်၎င်း အပိန်အ၀ အတိုအရှည် ကိုယ်နေကိုယ်ဟန်ဖြင့်၎င်း ခန္ဓာကိုယ်သည် အမျိုးမျိုး ဖြစ်၏၊ ပဋိသန္ဓေသညာသည်လည်း လူတို့ကဲ့သို့ ဒွိဟိတ် တိဟိတ်နှင့် အဟိတ်တို့၏အစွမ်းဖြင့် အမျိုးမျိုးပင် ဖြစ်၏ (အပါယ်ဘုံသားတို့ကဲ့သို့ အဟိတ် ပဋိသန္ဓေတခုတည်းမဟုတ်)၊ ထိုဝေမာနိကပြိတ္တာတို့သည် စတုမဟာရာဇ် တာဝတိံသာအစရှိသော နတ်တို့ကဲ့သို့လည်း တန်ခိုးမကြီး ကုန်။ အထီးကျန်သောလူတို့ကဲ့သို့ တန်ခိုးနည်းကုန်၏၊ အစားအ၀တ်ရခဲသဖြင့် ငတ်မွတ်သော ဆင်းရဲရှိကုန်၍ နေထိုင်ကြရကုန်၏၊ အချို့မှာ လဆုတ်ပက္ခ၌ ဆင်းရဲခံပြီးလျှင် လဆန်းပက္ခ၌ ချမ်းသာခံစားကြရကုန်၏၊ ထိုသို့ ချမ်းသာအပေါင်းအစုမှ ပျက်စီး၍ ကျရောက်သည်၏ အဖြစ်ကြောင့် “၀ိနိပါတိက” ဟု ခေါ်ဆိုရကုန်၏၊ ထိုဝိနိပါတိက အသုရာခေါ် ဝေမာနိကပြိတ္တာတို့တွင် တိဟိတ် ပဋိသန္ဓေနေသူတို့သည် အကျွတ်တရားရကြကုန်၏ဟု ဖွင့်ဆို၏၊ သုတ်မဟာဝါအဋ္ဌကထာ၌လည်း ထို့အတူ ပါရှိ၏။

No comments:

Post a Comment