ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 19 May 2011

ဥစ္ဆုပေတ၀တ္ထု


မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ ၀ါဆိုစဉ် ယောက်ျားတဦးသည် ကြံစည်းကိုထမ်းကာ ကြံတချောင်းကို စား၍သွား၏၊ သီလရှိ၍ ကောင်းသောသဘောရှိသော အခြား ယောက်ျားတဦးသည် ကလေးငယ်ကိုချီ၍ ထိုကြံစည်းထမ်းသမား ယောက်ျား၏နောက်မှ လိုက်၏၊ ကလေးငယ်သည် ကြံကိုမြင်သော် ငို၍တောင်း၏၊ ကလေးချီလာသော ဥပါသကာယောက်ျားသည် ကလေးငိုသည်ကိုသိ၍ ကြံစည်းရှင်ယောက်ျားနှင့် အာလာပ သလ္လာပပြု၏၊ ကြံစည်းရှင်ယောက်ျားကား ထိုဥပါသကားယောက်ျားနှင့်တကွ တခွန်းသောစကားကိုမျှ မပြောဆို၊ ကလေးအားလည်း ကြံတဆစ်ကိုမျှမပေး၊ ဥပါသကာယောက်ျားသည် ထိုကလေးကိုပြ၍ “မိတ်ဆွေ ဤကလေးသည် အလွန်ငို၏၊ ဤကလေးအား ကြံတဆစ်မျှပေးပါလော” ဟု ဆို၏၊ ထိုစကားကိုကြားသော် ကြံရှင်ယောက်ျားသည် ကြိမ်းမောင်းလျက် အမျက်ထွက်သောစိတ်ကို ဖြစ်စေ၍ မရိုသေသည်၏ အစွမ်းဖြင့် ကြံတချောင်းကို နောက်ပြန်ပစ်၍ ပေး၏။

ထိုကြံရှင် ယောက်ျားသည် တပါးသောအခါ၌ သေလွန်၍ ကြာမြင့်စွာ စိမ်ထုံအပ်သော လောဘ၏အစွမ်းဖြင့် ပြိတ္တာဘုံ၌ ဖြစ်လေ၏၊ အကျိုးမည်သည်ကား အကြောင်းနှင့်တူစွာ ဖြစ်တတ်သည်အားလျော်စွာ ထိုပြိတ္တာအား ရှစ်ပယ်မျှလောက်သော အရပ်ကို လွှမ်းခြုံလျက် မျက်စဉ်းညိုအဆင်းနှင့် တူကုန်သော ကျည်ပွေ့လှံတံ ပမာဏရှိကုန်သော ကြံတို့ဖြင့် တခဲနက် ကျယ်ပြန့်သော ကြံတောကြီးသည် ဖြစ်လာ၏၊ ထိုပြိတ္တာသည် ကြံတို့ကို စုတ်ရန် “ကြံကိုယူပေးအံ့” ဟု စိတ်ကူး၍ ကပ်ကာမျှ၌ ထိုယောက်ျားကို ကြံတို့သည် ဆိုးကြိုပုတ်ခတ်၏၊ ထိုပြိတ္တာသည် ထိုကြံတို့၏ ရိုက်ပုတ်သောဒဏ်ဖြင့် မူးမေ့၍လည်းကျ၏။

တနေ့သ၌ အသျှင်မဟာမောဂ္ဂလ္လာန်သည် ရာဇဂြိုလ်မြို့သို့ ဆွမ်းခံဝင်လေသော် လမ်း၌ ထိုပြိတ္တာကို တွေ့လေ၏၊ ပြိတ္တာသည် အသျှင်မဟာမောဂ္ဂလ္လာန်ကို တွေ့လျှင် မိမိ၏ အဖြစ်ကို လျှောက်လေရာ အသျှင်မာမောဂ္ဂလ္လာန်က လွန်ခဲ့သောဘ၀က ပြိတ္တာပြုခဲ့သော အကုသိုလ်ကံကို ပြန်လည်ဟောပြ၍ ကြံကိုနောက်ပြန်ပစ်၍ ပေးခဲ့ဘူးသဖြင့် နောက်ပြန် နူတ်ယူလျှင် ကြံကိုစားရလတ္တံ့ဟု ဟောပြ၏၊ ပြိတ္တာသည် မထေရ်မြတ်မိန့်တော်မူသည့်အတိုင်း နောက်ပြန် နုတ်ယူ၍ စားလေသော် ကောင်းမွန်စွာ စားရလေ၏၊ မထေရ်၏ ကျေးဇူးကြောင့် ကြံကိုယူ၍ စားပြီးလျှင် ကြံစည်းတခု ကြီးစွာပြု၍ မထေရ်မြတ်အား လှူဒါန်းလေရာ အသျှင်မဟာမောဂ္ဂလ္လာန်မထေရ်သည် ပြိတ္တာကို ချီးမြှောက်လိုသဖြင့် ထိုကြံစည်းကို ပြိတ္တာကိုပင် ထမ်းပိုးယူဆောင်စေ၍ ဝေဠုဝန်ကျောင်းတော်သို့ သွားကာ မြတ်စွာဘုရားအား ပေးလှူစေ၏၊ မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့်တကွ ထိုပြိတ္တာ၏ ကြံစည်းကို သုံးဆောင်တော်မူ၍ အနုမောဒနာပြု၏၊ ပြိတ္တာသည် ကြည်လင်ရွှင်ပျသောစိတ်ရှိ၍ ပြန်သွား၏၊ ထိုအခါမှစ၍ ချမ်းသာစွာ ကြံကိုစားသောက်ရလေ၏၊ ထိုပြိတ္တာဘ၀မှ သေလွန်လေသော် တာဝတိံသာနတ်ပြည်၌ ဖြစ်ရလေ၏။

ထိုဥစ္ဆုပေတ၀တ္ထုကို ကြည့်ရူလျှင် အချို့ကုသိုလ်ဟုန် အသင့်အတင့်ရှိသော ပြိတ္တာတို့သည် ကိုယ်တိုင်လည်း ပေးလှူနိုင်ကြောင်း သိသာနိုင်၏၊ သို့သော် ကိုယ်တိုင်လှူဒါန်းခြင်းကြောင့် ဒိဋ္ဌဓမ္မအကျိုးခံစားရသည်ထက် တမလွန်ကျိုးသည်သာ သေချာ၏၊ ရည်ညွှန်းသော ဒါနအလှူကို ၀မ်းမြောက်နုမော်သာဓုခေါ်ရခြင်းကသာ ၎င်းတို့ပြိတ္တာများအဘို့ ဒိဋ္ဌဓမ္မချမ်းသာသုခကို ရစေနိုင်သည်ကို မှတ်သားသင့်ပေ၏။

No comments:

Post a Comment