ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 22 May 2011

၂ - ဒုတိယပီဌ၀ိမာန၀တ္ထု


၈။ နတ်၌ဖြစ်သော ဘယက်တန်ဆာတို့ဖြင့် တန်ဆာဆင်ကာ အမျိုးမျိုးသော ပန်းတို့ကို ပန်ဆင်လျက် ကောင်းမြတ်သော ၀တ်စားတန်ဆာတို့ကို ၀တ်ဆင်ထားသော နတ်သမီး သင်သည် တိမ်ညွန့် တိမ်ထွက်၌ ထွန်းလင်းတောက်ပသော လျှပ်စစ်နွယ်ကဲ့သို့ ထွန်းလင်း တောက်ပ၏၊ ကောင်းမြတ်သော ရွှေစင်အတိဖြစ်သော သင်၏ ပလ္လင်ပုံစံ အင်းပျဉ် ဗိမာန်သည်ကား စိတ်၏ လျင်မြန်ခြင်းကဲ့သို့ လျင်မြန်၍ အလိုရှိတိုင်း သွားလာနိုင်၏။

၉။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော (တဆယ့်နှစ်ယူဇနာတိုင်တိုင် ထွန်းပနိုင်သော) အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံပါသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်လာကုန်သနည်း။

၁၀။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါမေးပါ၏၊ လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဘူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပဘိသနည်း။

၁၁။ ထိုနတ်သမီးသည် အသျှင်မောဂ္ဂလ္လာန်က မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ (မျက်မှောက် ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြားလျှောက်ထား၏။

၁၂။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ်အခါက ကြွရောက်လာကုန်သော ရဟန်းတော်တို့အား နေရာအင်းပျဉ်ငယ်ကို ပေးလှူခဲ့ဘူးပါပြီ၊ (အလှူခံပုဂ္ဂိုလ်တို့ကိုလည်း) ရှိခိုးခဲ့ဘူးပါပြီ၊ လက်အုပ်ချီခြင်းကိုလည်း ပြုခဲ့ဘူးပါပြီ၊ စွမ်းနိုင်သလောက် လှူဒါန်းဖွယ်ကိုလည်း လှူဒါန်းခဲ့ဘူးပါပြီ။

၁၃။ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား ဤသို့ (တဆယ့်နှစ်ယူဇနာတိုင်တိုင် ထွန်းပနိုင်သော) အရောင်အဆင်း ဖြစ်ရပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤအရပ်၌ အကျွန်ုပ်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံရပါ၏၊ ထိုကုသိုလ်ထူးကြောင့် အကျွန်ုပ်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရပါကုန်၏။

၁၄။ တန်ခိုးအာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အရှင့်အား အကျွန်ုပ်ဖြေကြားပါ၏၊ လူဖြစ်ခဲ့စဉ်က အကျွန်ုပ်သည် အကြင် (နေရာအင်ပျဉ်ကို လှူခြင်း ရှိခိုးခြင်း စသော) ကောင်းမူကို ပြုခဲ့ဘူးပါ၏၊ ထိုကုသိုလ်ထူးကြောင့် ဤသို့ ထွန်းလင်း တောက်ပသော အာနုဘော် ရှိပါ၏၊ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်း တောက်ပပါ၏ (ဟု ဖြေကြား၏)။

နှစ်ခုမြောက်သော ဒုတိယပီဌ၀ိမာန၀တ္ထု ပြီး၏။

No comments:

Post a Comment