ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 17 May 2011

ပေတ၀ဆိုင်ရာ ပြိတ္တာတို့အကြောင်း


ပေတ၀တ္ထုဟူသည်မှာ ပြိတ္တာတို့၏အကြောင်းအရာတို့ကို ဖော်ပြသောကျမ်းဖြစ်၏။

မှန်ပါသည် ...

“ရှေးဘ၀တို့က ပြိတ္တာတို့ ပြုအပ်ခဲ့သော, ပြိတ္တာအဖြစ်ကို ဆောင်တတ်သော ကံအမျိုးမျိုးတို့ကို ထိုသတ္တ၀ါတို့၏ အကျိုးခြားနားချက်အားလျော်စွာ ပြတတ်၍ အထူးအားဖြင့် သံဝေဂကိုဖြစ်စေတတ် ကံ၏အကျိုးကို မျက်မှောက်ထင်ရှား မြင်သိစေတတ်သော, ပေတ၀တ္ထုဟူသော အမည်ဖြင့် ကောင်းစွာသိအပ်သည့် အကြောင်းအဋ္ဌုပ္ပတ်ရှိသော မြတ်စွာဘုရား၏ ဒေသနာတော်ကို ခုဒ္ဒကနိကာယ်၌ ရဟန္တာမထေရ်မြတ်တို့ သံဂါယနာတင်ခဲ့ကုန်ပြီ”

ဤ ပေတ၀တ္ထုအဋ္ဌကထာ ဂါထာရမ္ဘ၌ အဌကထာဆရာ အသျှင်ဓမ္မပါလက ဂါထာ ၃ပုဒ်ဖြင့် အထက်ပါအတိုင်း ဖော်ပြပလ္လင်ခံခဲ့၍လည်း ပေတ၀တ္ထုဟူသည် ပြိတ္တာတို့အကြောင်းကို ဖော်ပြထားသည်ဟု ဆိုသင့်ပေ၏။

သို့ရာတွင် ပေတ၀တ္ထုပါဠိတော်ကို၎င်း အဋ္ဌကထာကို၎င်း စေ့စေ့ငှငှ ကြည့်ရူမိလျှင် “ပေတ၀တ္ထုသည် ပြိတ္တာတို့၏အကြောင်းဖြစ်၏” ဟူသော စကားမှာ ယေဘုယျနည်းအားဖြင့်သာဆိုထားသည်ဟု သိသာနိုင်ပေ၏၊ အဘယ်ကြောင့်ဆိုသော် ဤပေတ၀တ္ထု၌ ပါဝင်သောအကြောင်းအရာတို့တွင် ပြိတ္တာဘုံသို့ ရောက်သွားသူတို့၏ အကြောင်းအရာသာမက ငရဲဘုံသို့ရောက်သွားသူ, လူ့ဘုံသို့ ရောက်သွားသူ, နတ်ဘုံသို့ ရောက်သွားသူနှင့် ဗြဟ္မာ့ဘုံသို့ ရောက်သွားသူတို့၏ အကြောင်းအရာများလည်း ပါဝင်နေသောကြောင့်ပင်။

ပုံစံအားဖြင့် ရေ၀တီပေတ၀တ္ထု ဤပေတ၀တ္ထုပါဠိတော်မြန်မာပြန်မှာ ငရဲသို့သွားသော ရေ၀တီအမျိုးသမီး၏ အကြောင်းအဋ္ဌုပ္ပတ်ဖြစ်၏၊ ကုမာရပေတ၀တ္ထုမှာ သုသာန်၌ စွန့်ပစ်ခံရသော သူငယ်တဦး၏ အကြောင်း အဋ္ဌုပ္ပတ်ဖြစ်လေသည်၊ ခေတ္တူပမ ပေတ၀တ္ထုမှာ ရုက္ခဇိုဝ်းနတ်ဖြစ်သော ၀တ္ထုဖြစ်၍ အင်္ကုရပေတ၀တ္ထုမှာ တာဝတိံသာ၌ နတ်ဖြစ်သော ၀တ္ထုဖြစ်ပြီး ဥရဂပေတ၀တ္ထုမှာ သိကြားမင်းဖြစ်သော ၀တ္ထုဖြစ်လေသည်၊ ထိုမှတပါး ဥဗ္ဗရိပေတ၀တ္ထုမှာ ဗြဟ္မာ့ပြည်ရောက်သော ၀တ္ထုဖြစ်လေသည်။၏၊ ထို့ပြင် ဂေါဏပေတ၀တ္ထုနှင့် ပိဌဓီတလိကပေတ၀တ္ထုတို့မှာ မည်သည့်ဘ၀သို့မျှ ကူးပြောင်းသော အကြောင်းမဟုတ်မူ၍ သောကကိုဖြေဖျောက်သောအားဖြင့် ဖြစ်ပေါ်လာသော ၀တ္ထုဖြစ်များဖြစ်သည်။ ဂေါဏပေတ၀တ္ထုမှာ အဖေသေဆုံး၍ ငိုနေသူအား ပရိယာဖြင့် တရားဟောသော ၀တ္ထုဖြစ်သည်၊ ပိဋ္ဌဓိတလိက ပေတ၀တ္ထုကား အနာထပိဏ်သူဌေးကြီး၏ မြေးမကလေးသည် ကစားစရာ မြေညက်ယမင်းရုပ်ကလေး ကျကွဲသွားသဖြင့် “သမီးငယ်လေး သေပါပြီ” ဟု ချော့မော့၍ မရအောင် ဟစ်အော်ငိုကြွေးသောအခါ အဖိုးဖြစ်သူ သူဌေးကြီးက “မြေးမငယ် သင်၏ သေဆုံးသောသမီးအတွက် အလှူပေးပေအံ့” ဟု ဆိုကာ မြတ်စွာဘုရားနှင့် သံဃာငါးရာအား ပင့်ဖိတ်၍ ဆွမ်းလှူဒါန်းရာ မြတ်စွာဘုရားက ဂါထာ ၄-ပုဒ်ဖြင့် အနုမောဒနာတရား ဟောကြားတော်မူသည့် ၀တ္ထုဖြစ်လေသည်၊ ဤသို့လျှင် ပေတ၀တ္ထုတိုင်းသည် ပြိတ္တာတို့၏ အကြောင်းမဟုတ်သည်ကို သိမှတ်ထားသင့်ပေသည်၊ သို့သော် အများအားဖြင့်ကား ပြိတ္တာတို့အကြောင်း အဋ္ဌုပ္ပတ်ဖြစ်လေသည်။

ယင်းသို့အားဖြင့် ပေတ၀တ္ထုဟုဆိုပါလျက် ငရဲဘုံ, လူဘုံ, နတ်ဘုံနှင့် ဗြဟ္မာ့ဘုံတို့သို့ ရောက်သွားသူတို့၏ ၀တ္ထုများကို ထည့်သွင်းထား၍ အမည်နှင့်ဆန့်ကျင်မူ မဖြစ်ပါလောဟု မေးဖွယ်ရာ ရှိပေသည်၊ ယင်း အမေးအတွက် “ပေတ” ဟူသော အမည်ကို ရှင်းလင်းတင်ပြအပ်ပေသည်။

(၁) ပကဋ္ဌေန သုခတော ဣတာ ဂတာတိ ပေတာ ချမ်းသာသုခမှ = ဝေးသောအားဖြင့် ဖြစ်တတ်သောကြောင့် ပေတမည်၏ ၁၊
(၂) မနုဿတ္တဘာဝတော အပေတတ္တာ ပေတပရိယာယောပိ လဗ္ဘတိ ဏ၀ = လူ့ခန္ဓာ အတ္တတောမှ ကင်းကွာ(ကွယ်လွန်) သွားသောကြောင့် ပေတဟု ခေါ်ဆိုခြင်းကိုရအပ်၏ ၁။

ပေတ၏ အနက်အဓိပ္ပါယ်ကို ဖော်ပြပါ ကျမ်းဂန်လာစကားရပ်များအရ သိနိုင်၏၊ (၁) အချက်အရ ပြိတ္တာဘုံသို့ ရောက်သွားသူတို့ကို ရနိုင်ပြီး (၂) အချက်အရ မည်သည့်ဘုံသို့ ရောက်သွားသူတို့ အကြောင်းကိုမဆို အရာဌာနအားလျော်စွာ ရနိုင်လေသည်။

အထူးအားဖြင့် အချို့ပေတ၀တ္ထုတို့မှာ ၀ိမာန၀တ္ထုများနှင့် ၀တ္ထုတူဖြစ်နေသည်ကိုလည်း တွေ့ရ၏၊ ပုံစံအားဖြင့် ၀ိမာန၀တ္ထုမှ သေရိသက၀ိမာန၀တ္ထုနှင့် ပေတ၀တ္ထုမှ သေရီသက ပေတ၀တ္ထုကိုကြည့်လျှင် သိနိုင်ပေသည်၊ ၎င်းဝတ္ထုနှစ်ခုမှာ အတူတူပင်ဖြစ်၏၊ ထို့ပြင် မဋ္ဌကုဏ္ဍလီဝိမာန၀တ္ထုနှင့် မဋ္ဌကုဏ္ဍလီ ပေတ၀တ္ထုမှာလည်း တူပေသည်၊ ဤသို့ဖြစ်ရသည်မှာ တ၀တ္ထုတည်းပင် ဖြစ်လင့်ကစား ၀ိမာနသဘောသက်ဝင်ရုံသာမက ပေတသဘောလည်း သက်ဝင်နေသဖြင့် ပေတ၌ ထပ်မံ၍ ဖော်ပြရခြင်းဖြစ်ကြောင်း သိထားသင့်ပေသည်။

ပြိတ္တာဟူသည် ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ်ဟူသော အပါယ်သတ္တ၀ါလေးပါးတို့တွင် ပါဝင်သော လူ့ပြည်လောကအတွင်းမှာပင် တောချုံပိပ္ပေါင်း တောင်စောင်း ဂူလိုဏ်စသည်တို့တွင် ခိုမှီ၍ ဆင်းရဲထူပြောစွာ ခံစားနေရသည့် သတ္တ၀ါမျိုးပင် ဖြစ်လေသည်၊ လူ့ပြည်လူ့လောကတွင် လူဟူ၍ ဖြစ်ရခဲ့စဉ်က ငြူစူဝန်တိုခြင်း များပြား၍ မိမိကိုယ်တိုင်လည်း ပေးကမ်းလှူဒါန်းခြင်းမရှိ၊ သူတပါးတို့ ပေးကမ်းလှူဒါန်းသည်ကိုလည်း တားမြစ်၍ အန္တရာယ်ကို ပြုကုန်သူတို့သည် များသောအားဖြင့် ထိုသတ္တ၀ါမျိုး၌ ဖြစ်ပွါးကြရကုန်၏၊ မိမိပြုလုပ်သော မကောင်းမူကြောင့် တိုသတ္တ၀ါတို့သည် ထမင်းငတ်ခြင်း ရေမွတ်သိပ်ခြင်းစသော ဒုက္ခတို့ကို ခံစားလျက် နှစ်ပေါင်း ရာထောင်သိန်းသန်း ကာလပတ်လုံးသော်၎င်း ဘုရားတဆူနှင့် တဆူအကြား ကာလပတ်လုံးသော်၎င်း မကျွတ်မလွတ်နိုင်ပဲ ရှိနေကြကုန်၏၊ ထိုမျှလောက်သော ကာလပတ်လုံး ထမင်းတလုံး ရေတပေါက်မျှ မစားရမသောက်ရ ကြီးစွာသောဒုက္ခကို ခံစားနေရသော်လည်း အကုသိုလ်ကံ အရှိန်မကုန်သဖြင့် ကွယ်လွန်သေဆုံး ဘ၀တုံးရခြင်း မရှိသဖြင့် အသားအသွေးမရှိ အရေအကြောအရိုးမျှသာရှိပြီးလျှင် အလွန်ဆိုးဝါးသော အဆင်းဖြင့် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေကြရလေသည်။

ပြိတ္တာတဦး၏ အဆင်းဆိုးဝါးပုံကို “ထိုပြိတ္တာ၏ ကိုယ်ပမာဏသည် ထန်းပင်လုံးပမာဏရှိ၍ ထက်ဝန်းကျင် ကိုယ်ရေသည် ကြမ်းထမ်းစွာ၏၊ ဖောက်ပြန်သော ဆံရှိ၍ ကြောက်မက်ဖွယ်အဆင်းရှိပြီးလျှင် အလွန်ဖောက်ပြန်ဆိုးဝါး၍ ရွံရှာစက်ဆုပ်ဖွယ်အမြင်ရှိ၏၊ ထိုပြိတ္တာသည် ငါးဆယ့်ငါးနှစ်တို့ကာလပတ်လုံး ထမင်းတလုံး ရေတပေါက်ကိုမျှ မရရှိပဲ ခြောက်သော လည်ချောင်းနူတ်ခမ်းရှိလျက် ဆာလောင်မွတ်သိပ်ခြင်းသည် နှိပ်စက်အပ်သည်ဖြစ်၍ ထိုမှ သည်မှ ပတ်ပတ်လည် ပြေးလွှားနေရ၏”ဟု ပေတ၀တ္ထု အဋ္ဌကထာ ဓနပါလသေဋ္ဌိပေတ၀တ္ထုအဖွင့် ၂ တွင် ဖော်ပြထား၏။

No comments:

Post a Comment