ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 11 May 2011

တတိယနာဝါ၀ိမာန၀တ္ထု -၁



မြတ်စွာဘုရားသည် ဒေသစာရီလှည့်လည်တော်မူသည်ရှိသော် များစွာသောရဟန်းသံဃာနှင့် တကွ ကောသလတိုင်း ထူဏပုဏ္ဏားရွာသို့ ဆိုက်ရောက်တော်မူခဲ့လေ၏၊ ထူဏရွာရှိပုဏ္ဏားနှင့် အမျိုးသားတို့သည် “ရဟန်းဂေါတမသည် ငါတို့၏ရွာသို့ ရောက်လာသတ်” ဟု ကြားသိကြလေ၏၊ ထိုအခါ ထူဏရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် သာသနာတော်ကို မကြည်ညိုကြသော မိစ္ဆာဒိဌိအယူရှိ၍ မစ္ဆေရပြောသူများ ဖြစ်ကြရကား “ရဟန်းဂေါတမသည် ဤရွာ၌ နှစ်ရက် သုံးရက် နေကောင်းနေရာ၏၊ ဤရွာသားအားလုံးကို မိမိစကား၌ တည်စေရာ၏၊ ထိုမှလွဲ၍ ဗြဟ္မဏဓမ္မ၌ တည်ခြင်းကို မရရာ” ဟု စဉ်းစားမိသဖြင့် ထိုရွာ၌ မြတ်စွာဘုရားအား နေရာမရစိမ့်သောငှါ အားထုတ်ကြကုန်လျက် မြစ်ဆိပ်တို့၌ရှိသော လှေဘို့ကိုလည်း ၀ှက်ထားဖယ်ရှားကြကုန်၏၊ တံတား တို့ကိုလည်း ဖျက်ဆီးကြကုန်၏၊ ထို့အတူ ရေချမ်းစင် မဏ္ဍပ်တို့ကိုလည်း ဖျက်ဆီးကြကုန်၏၊ ရေတွင်းတတွင်းကိုသာ (ရွာသူရွာသားတို့သုံးရန်) ချန်ထား၍ ရေတွင်းအားလုံးတို့ကို မြက်စသည်တို့ဖြင့် ပြည့်စေ၍ ဖို့ပိတ်ကြကုန်၏။



မြတ်စွာဘုရားသည် ထိုပုဏ္ဏားတို့၏ ဖောက်ပြန်သောအခြင်းအရာကို သိတော်မူ၍ ထိုပုဏ္ဏားတို့ကို အစဉ် သနားတော်မူသဖြင့် ရဟန်းသံဃာနှင့်တကွ ကောင်းကင်ခရီးဖြင့် မြစ်ကို ကျော်၍ ကြွလာတော်မူပြီးလျှင် အစဉ်အတိုင်း ထူဏပုဏ္ဏားရွာသို့ ရောက်သော် လမ်းမပေါ်သို့ သက်ဆင်းကာ သစ်ပင်ရင်းတခု၌ အသင့်ရှိနေသော နေရာဝယ် ထိုင်နေတော်မူလေ၏။



ထိုအခါ၌ များစွာကုန်သော ရေခပ်သူအမျိုးသမီးတို့သည် (ဘုရားနှင့်) မနီးမဝေးလမ်းဖြင့် (ရေအိုးတို့ကိုရွက်၍) သွားကြကုန်၏၊ ထိုရွာ၌ “အကယ်၍ ရဟန်းဂေါတမ ရောက်လာခဲ့မူ ထိုရဟန်း ဂေါတမအား ခရီးဦးကြိုဆိုခြင်း မပြုရ၊ အိမ်သို့ကြွလာသည့် ရဟန်းဂေါတမ၏ တပည့်တို့အားလည်း ထမင်းမပေးရ”ဟု ကတိက၀တ် ပြုထားကြကုန်၏။



ထိုအခါ၌ ပုဏ္ဏားတဦး၏ကျွန်မ အမျိုးသမီးကလေးတဦးသည် အိုးဖြင့် ရေခပ်ပြီးပြန်လာသည်ရှိသော် ရဟန်းအပေါင်းခြံရံကာ ထိုင်နေတော်မူသော မြတ်စွာဘုရားကို၎င်း ခရီးဖြင့်ပင်ပန်း နွမ်းနယ်လာသည့် ရဟန်းအပေါင်းကို၎င်း တွေ့မြင်၍ ကြည်လင်သောစိတ်ရှိလျက် သောက်ရေကို ပေးလှူလိုသည်ဖြစ်ရကား “ရဟန်း ဂေါတမအား တစုံတရာမျှ မပေးရ ခရီးဦးကြိုခြင်းမျှလည်း မပြုရဟု ရွာသားတို့ ထားခဲ့သော ကတိဝတ်သည် ငါ့အား တည်ရှိခဲ့၏၊ သို့ပင်ဖြစ်သော်လည်း ဤသို့ ကောင်းမူပြုရာ လယ်တာ မြေကောင်းသဖွယ် ဖြစ်သော အလှူခံပုဂ္ဂိုလ်မြတ်တို့ကို ရပါလျက် ဤသို့ သောက်ရေလှူဒါန်းခြင်းမျှဖြင့်လည်း မိမိအဖို့ ထောက်တည်ရာကို မပြုငြားအံ့၊ အဘယ်အခါ၌ ငါသည် ဆင်းရဲစွာ အသက်မွေးရခြင်းမှာ လွတ်ပါအံ့နည်း၊ ငါ၏သခင်သည်၎င်း ရွာသားအားလုံးတို့သည်၎င်း ငါ့အား သတ်လိုက သတ်စေ၊ ဤသို့သော ကောင်းမူပြုရာ လယ်မြေမြတ်၌ သောက်ရေ လှူဒါန်းမူတည်းဟူသော ကုသိုလ်မျိုးစေ့ကို စိုက်ပျိုးမည်သာတည်း” ဟု သန္နိဋ္ဌာန်ပြုပြီးလျှင် အခြားသော ရေခပ်အမျိုးသမီးတို့က တားမြစ်ကြသော်လည်း အသက်ကိုမငဲ့ကွက်ပဲ ဦးခေါင်းပေါ်မှ သောက်ရေအိုးကိုချ၍ လက်နှစ်ဖက်တို့ဖြင့် ချီမကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် ငါးပါးသောထိခြင်းတို့ဖြင့် ရှိခိုးပြိးနောက် သောက်ရေဖြင့် ဖိတ်ကြားလေ၏ (သောက်ရေကိုလှူ၏)။



မြတ်စွာဘုရားသည် ထိုအမျိုးသမီး၏ စိတ်ကြည်လင်မူကို ရူငဲ့၍ အမျိုးသမီးကို ချီးမြှောက်တော်မူလေ၏၊ အိုး၌ ရေသည် ကုန်ခန်းခြင်းသို့မရောက်၊ အမျိုးသမီးသည် ထိုအခြင်းအရာကိုမြင်ရသော် တဖန်ကြည်လင်သောစိတ်ဖြင့် ရဟန်းတပါးအား ပေးလှူပြန်၏၊ ထိုမှတပါးအခြားအခြား ရဟန်းများအားလည်း ပးလှူပြန်၏၊ ဤသို့ဖြင့် အလုံးစုံသော ရဟန်းတို့အား ပေးလှူလေ၏၊ ရေပြည့်မြဲတိုင်းသော ရေအိုးဖြင့် အိမ်သို့ရှေးရှူပြန်သွား၏၊ ထိုအမျိုးသမီး၏ အရှင်သခင်ဖြစ်သော ပုဏ္ဏားသည် သောက်ရေပေးလှူသည့်ဖြစ်ကို ကြားသိ၍ ဤကျွန်မသည် ရွာ၏ ကတိက၀တ်ကို ဖျက်ဆီး၏၊ ငါကိုယ်တိုင် ရူတ်ချသင့်၏ ဟု ကြံစည်ကာ အမျက်ဒေါသ (မီး)သည် တဖျစ်ဖျစ် မြည်အောင်တောက်လောင်သည်ဖြစ်၍ အမျိုးသမီးကို မြေသို့လဲကျစေလျက် လက်တို့ဖြင့်၎င်း ခြေတို့ဖြင့်၎င်း ရိုက်နှက်ကန်ကျောက်၏၊ အမျိုးသမီးသည် ထိုလုံ့လပယောဂဖြင့် အသက်ကုန်ခြင်းသို့ ရောက်၍ တာဝတိံသာနတ်ဘုံ၌ ဖြစ်လေ၏။



အမျိုးသမီး၏ ကုသိုလ်ကံ အာနုဘော်ကြောင့် ပဒေသာပင်ဖြင့် တင့်တယ်သော ကြီးစွာသော ဗိမာန်သည်ဖြစ်၏၊ ထိုဗိမာန်ကို ၀န်းရံ၍ ငွေဖြင့် တန်ဆာဆင်အပ်သော ပုလဲကွန်ရက်ကဲ့သို့သော သဲတို့ဖြင့် ဖြန့်ကြဲအပ်သော ဖြူစင်သော သဲသောင်ကမ်းပါးရှိသော ပတ္တမြား အစုံကဲ့သို့ သန့်ရှင်းကြည်လင်သော ရေကို ဆောင်သည့်မြစ်သည် ရှိ၏၊ ထိုမြစ်၏ ကမ်းပါးနှစ်ဖက်တို့၌ ရှိသည့် ဥယျာဉ်နှင့်တကွ ကြီးစွာသော အဆင်းငါးမျိုးရှိသော ကြာအပေါင်းတို့နှင့် တန်ဆာဆင်အပ်သော ရွှေလှေနှင့် တကွ ကြီးစွာသော ရေကန်ကြီးသည် ဖြစ်ပေါ်၏၊ နတ်သမီးသည် နတ်စည်းစိမ်ကို အစဉ်ခံစားလျက် လှေဖြင့် ကစားမြူးထူးသည်ဖြစ်၍ လှည့်လည်သွားလာနေ၏။



ထိုအခါ၌ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို “အာနန္ဒာ ငါတိုက်တွန်း၏၊ ရေတွင်းမှ ရေကို ဆောင်ယူချေလော့” ဟု အမိန့်တော်ရှိ၏၊ အာနန္ဒာမထေရ်သည် မြတ်စွာဘုရားအား “မြတ်စွာဘုရား ယခုအခါ ရေတွင်းကို ထူဏရွာသားတို့သည် ဖျက်ဆီးအပ်ပါပြီ၊ ရေကိုဆောင်ယူရန် မဖြစ်နိုင်ပါ” ဟု လျှောက်ထား၏၊ မြတ်စွာဘုရားသည် နှစ်ကြိမ် သုံးကြိမ် စေခိုင်း၏၊ သုံးကြိမ်မြောက်စေခိုင်းရာ၌ အာနန္ဒာမထေရ်သည် မြတ်စွာဘုရား၏ သပိတ်တော်ကို ဆောင်ယူ၍ ရေတွင်းသို့ ရှေးရှူသွားလေ၏၊ အာနန္ဒာမထေရ် ရေတွင်းသို့ ကြွသွားသည်ရှိသော် ရေတွင်းသည် ရေပြည့်သည်ဖြစ်၍ လျှံတက်လာပြီးလျှင် ထက်ဝန်းကျင်စီးဆင်း၏၊ ထိုစီးသောရေသည် အဆင့်ဆင့်တိုးပွါး၍ တပါးသောရေအိုင်တို့ကို ပြည့်စေလျက် ထိုထူဏပုဏ္ဏားရွာကို ထက်ဝန်းကျင်မှ ၀န်းရံ၍ ရွာတစိတ်ကို လွှမ်းမိုးသွားလေ၏။



ထိုတန်ခိုးပြာဋိဟာကို မြင်လေသော် ပုဏ္ဏားတို့သည် တအံ့တသြ မဖြစ်ဘူးမြဲ ထူးကဲသောစိတ်ဖြစ်ကြ၍ မြတ်စွာဘုရားကို တောင်းပန်ကြကုန်၏၊ ထိုတောင်းပန်သော တခဏ၌ပင် ရေအယဉ်သည် ကွယ်ပျောက်လေ၏၊ ပုဏ္ဏားတို့သည် မြတ်စွာဘုရား၏၎င်း ရဟန်းသံဃာ၏၎င်း နေရာဌာနကို စီရင်၍ နက်ဖြန်ဆွမ်းအလို့ငှါ ပင့်ဖိတ်ကာ ဒုတိယနေ့၌ ကြီးစွာသောအလှူကို ပြုပြင်ဆင်ယင်လျက် ဘုရားအမှူးရှိသော သံဃာကို မွန်မြတ်သော ခဲဘွယ် ဘောဇဉ်ဖြင့် လုပ်ကျွေးပြီးသော် အလုံးစုံသော ထူဏရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြတ်စွာဘုရားကို ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသည့်တိုင်အောင် ကောင်းစွာလုပ်ကျွေးကြကုန်လျက် ထိုင်နေကြကုန်၏။



ထိုအခါ နတ်သမီးသည် မိမိ၏စည်းစိမ်ကို ဆင်ခြင်၍ ထိုအကြောင်းကို စူးစမ်းသည်ရှိသော် ထိုသောက်ရေလှူဒါန်းခဲ့သည်ကို သိ၍ နှစ်သက်ဝမ်းမြောက်လျက် “ယခုပင် ငါသည် မြတ်စွာဘုရားကို ရှိခိုးအံ့၊ ကောင်းသောအမူကိုပြုရာ၌ ပြုသူတို့အား အနည်းငယ်မျှကို ပြုလုပ်သော်လည်း များမြတ်သော အကျိုးပေးသည့်အဖြစ်ကို လူ့လောက၌ ထင်ရှားအောင် ပြုပေအံ့” ဟု ကြံစည်၍ အားထုတ်မူကို ဖြစ်စေလျက် နတ်သမီးတထောင်အခြံအရံရှိသော ဗိမာန်နှင့်အတူသာလျှင် ကြီးကျယ်သောနတ်တန်ခိုး ကြီးမားသောနတ်အာနုဘော်ဖြင့် လာလတ်၍ လူအများမြင်စဉ်ပင် ဗိမာန်မှ သက်ဆင်းလျက် မြတ်စွာဘုရားကိုချဉ်းကပ်ရှိခိုး၍ လက်အုပ်ချီကာ ရပ်တည်လာ၏။



ထို့နောက်၌ မြတ်စွာဘုရားသည် ထိုပရိသတ်အား ကံ၏အကျိုးကို မျက်မှောက်ထင်ရှား ပြလိုသောကြောင့် နတ်သမီးအား မေးတော်မူပုံ နတ်သမီးက ပြန်၍ လျှောက်ထား ဖြေကြားပုံတို့ကို ၀ိမာန၀တ္ထုစာကိုယ်တွင် ဖတ်ရူနိုင်ရန် ဖော်ပြပေအံ့ ၁၊ ဤ၀တ္ထု၌ မြတ်စွာဘုရား ချီးမြှောက်ပုံနှင့် အမျိုးသမီး၏ အသက်ကိုမျှ ပဓာနမထား စွန့်စား၍ လှူဒါန်းပုံတို့ကိုဆင်ခြင်လျှက် တမလွန်၌ အကျိုးခံစားရပုံမှာ များလွန်းသည်ဟု မဆိုသာချေ၊ ဒါန၀တ္ထုတို့၏ ကြီးမားကျယ်ပြောမူသည်သာ ပဓာနဖြစ်ရပုံကို ဤ၀ိမာန၀တ္ထုဖြင့် သက်သေတင်နိုင်ပေတော့သည်။



ဤ၀တ္ထုမှာ ထူးထူးကဲကဲ ရဲရဲဝဲ့ဝဲ့ စွန့်စားလှူဒါန်းသော ဒါန၏ အကျိုးပြ၀တ္ထုဖြစ်၏၊ ထိုမှတပါး ကိုယ်ကျင့်တရားနှင့် သီလစောင့်သုံးမူကြောင့် အကျိုးပေးရာတွင် တပါးသူထက် သာပုံ ၀တ္ထုတခုကိုလည်း ၀ိမာန၀တ္ထုအဋ္ဌကထာမှ ထုတ်ဆောင်၍ ပြလိုပေသေးသည်။

No comments:

Post a Comment