ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 23 May 2011

ထူးထွေများပြား ဒါန၏ကျေးဇူးတရားများ


မြတ်စွာဘုရားသည် ဝေနေယျသတ္တ၀ါတို့အား တရားဟောတော်မူလျှင် ဒါနကထာ- ဒါနအကြောင်းကို စတင်၍ ဟောတော်မူသည်။ ဒါနမှစတင်၍ ကုသိုလ်ကောင်းမှုပြုကြရန် ဖြစ်သည်။

ဣတိဝုတ်-ဒါနသုတ်၌ “သတ္တ၀ါတို့သည် လှူဒါန်းခြင်း စေတနာ၏အကျိုးကို ငါဘုရား သိသကဲ့သို့ သိကြလျှင် မပေးလှူဘဲ မစားကုန်ရာ၊ ၀န်တိုမှုနှင့် ငြူစူမှု စသော အကုသိုလ်တို့သည် ထိုသူတို့၏စိတ်ကို သိမ်းကျူံးလွှမ်းမိုး၍ မတည်နိုင်ရာ၊ အလှူခံပုဂ္ဂိုလ်ရှိလျှင် နောက်ဆုံး ထမင်းလုတ်ကိုသော်မှ မလှူဒါန်းဘဲမစားကုန်ရာ၏။ သတ္တ၀ါတို့သည် လှူဒါန်းခြင်း စေတနာ၏ အကျိုးကို ငါဘုရားသိသကဲ့သို့ မသိကြသည့်အတွက် မပေးလှူဘဲစားကြကုန်၏။ ၀န်တိုမှုနှင့် ငြူစှုမှုစသော အကုသိုလ်တရားတို့ကလည်း ထိုသူတို့၏ စိတ်ကို သိမ်းကျုံးလွှမ်းမိုး၍ တည်ကြကုန်၏” ဟုမြတ်စွာဘုရား ဟောကြားတော်မူသည်။

တစ်ဖန် ဒါန၏ အကျိုးကို ဘုရားရှင်တို့သာ အကုန်အစင် သိမြင်နိုင်၏။ ဒါနကောင်းမှုသည် မျက်မှောက်ချမ်းသာ၊ တမလွန်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတို့၏ အကြောင်းဖြစ်၏။ “လောက၌ သတ္တ၀ါတို့ရရှိထားကြသော စည်းစိမ်ချမ်းသာဟူသမျှနှင့် ထိုစည်းစိမ် ချမ်းသာဟူသမျှနှင့် ထိုစည်းစိမ်ဥစ္စာတို့ကို သုံးစွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာဟူသမျှတို့သည် ဒါနအကျိုးကြောင့်သာ ဖြစ်ပေါ်လာကြကုန်၏” ဟူ၍လည်း ဘုရားရှင် မိန့် တော်မူ၏။

မင်္ဂလာသုတ်၌ လှူဒါန်းပေးကမ်းခြင်းသည် ကြီးပွားချမ်းသာကြောင်း မင်္ဂလာတစ်ပါးဖြစ်သည်ဟု ဘုရားရှင် ညွှန်ပြတော်မူ၏။ ပေးကမ်းစွန့်ကြဲခြင်းသည် ပေးသူနှင့်ယူသူနှစ်ဦး အား ရွှင်လန်းဝမ်းမြောက်စေ၏။ ရှိသူက မရှိသူသို့ ဝေငှပေးခြင်းဖြစ်၍ ပစ္စည်းသုံးစွဲမှုကို မျှတစေ၏။ ပေးကမ်းစွန့်ကြဲခြင်းသည် နှမြောတွန့်တိုသူကိုလည်း အောင်နိုင်၏။ ရန်သူများကိုလည်း မိတ်ဆွေဖြစ်လာစေနိုင်၏။ ထို့ကြောင့် အလှူဒါနသည် အကောင်းဆုံးလူမှုရေးတစ်ပါး ဖြစ်၏။

စူဠကမ္မ၀ိဘင်္ဂသုတ်တွင် အတိတ်က မလှူဒါန်းခဲ့ကြသည့်အတွက် မျက်မှောက်ဘ၀တွင် ဆင်းရဲနွမ်းပါးကြရသည်။ အတိတ်က လှူဒါန်းခဲ့ကြသူများသည် ချမ်းသာကြွဝသည်ဟု သုဘလုလင်အား မြတ်စွာဘုရား ရှင်းပြတော်မူသည်။

နိမကဏ္ဍသုတ်တွင် ရွှေအိုးကြီးများ မြှုပ်နှံကြရန် မြတ်စွာဘုရား ညွှန်ကြာတော်မူသည်။ ပကတိရွှေအိုးများကို မြေ၌ နက်နက်တူး၍ မြှုပ်ထားလျှင်လည်း စိတ်မချ၊ ရွှေအိုးသည် မြှုပ်ထားရာအရပ်မှ ရွေ့ရှားသွားတတ်၏။ မြှုပ်နှံသူ၏ အမှတ်ထားမှုသည်လည်း မေ့လျော့သွားတတ်၏၊ နဂါးတို့သည်လည်း နေရာပြောင်းထားတတ်၏။ ဘီလူးတို့လည်း ယူဆောင်သွားတတ်၏။

မချစ်အပ်သောအမွေခံတို့လည်း တူးယူသွာတတ်၏။ မြှုပ်နှံသူသေဆုံးသောအခါ၌လည်း ရွှေအိုးကို စွန့်ပစ်ခဲ့ရမည်ဖြစ်၏။

မည်သူတစ်ဦးတစ်ယောက်မျှ မလုယူနိုင်သော၊ မည်သည့်အခါမျှ မပျောက်မပျက်နိုင်သော ဘ၀ဆက်တိုင်း ထပ်ကြပ်မကွာ လိုက်ပါစေနိုင်သော ရွှေအိုးမြှုပ်နှံနည်းသည်ကား အလှူဒါန ပေးကမ်းခြင်းဖြစ်၏။ သီလဆောက်တည်ခြင်းဖြစ်၏၊ ကိုယ်နှုတ်နှလုံးတို့ကို ကောင်းစွာစောင့်စည်းနိုင်သော သမာဓိကို ပွားစေခြင်းဖြစ်၏။ ဣနြေ္ဒတို့ကို ဆုံးမနိုင်သော ပညာကို ပွားစေခြင်းဖြစ်၏။ စေတီတော်, သံဃာတော်, မိဘ, အစ်ကို, အစ်မ, ဆွေမျိုး, ဧည့်သည်တို့အား လှူဒါန်းပူဇော်ခြင်း, အမှုကိစ္စ ဆောင်ရွက်ပေး ခြင်းတို့ဖြစ်သည်။

ဤကုသိုလ်ရွှေအိုးတို့သည် ရန်သူတို့မလုယူနိုင် မဖျက်ဆီးနိုင်သည်ဖြစ်၍ ဘ၀ဆက်တိုင်း လိုက်ပါကြ၏။ လူနှင့်နတ်တို့ကို အလိုရှိသမျှ ပစ္စည်းဥစ္စာတို့ကို ပေးစွမ်းနိုင်ကြ၏။ တောင့်တရာရာ ချမ်းသာဟူသမျှကို ပေးစွမ်းနိုင်ကြ၏။ ရုပ်သွင်သဏ္ဍာန်အချိုးကျ၍ အရေအဆင်းလှပခြင်း, အသံကောင်းခြင်း, အစိုးရခြင်း, အခြွေအရံများခြင်းတို့ကိုလည်း စွမ်းဆောင်ပေးနိုင်၏။

ပဒေသရာဇ်မင်းအဖြစ်၊ ဧကရာဇ်မင်းအဖြစ်၊ နှစ်သက်မြတ်နိုးအပ်သော စကြ၀တေးမင်းအဖြစ်၊ နတ်မင်းအဖြစ်စသည့် အကျိုးအားလုံးကိုလည်း ထိုကုသိုလ် ရွှေအိုးတို့ကြောင့် ရနိုင်၏၊

လူ့ပြည်ရှိ စည်းစိမ်ဥစ္စာများကို လည်းကောင်း၊ နတ်ပြည်ရှိ နှလုံးမွေ့လျော်ဖွယ်ရာများကို လည်းကောင်း၊ နိဗ္ဗာန်ချမ်းသာ ကိုလည်းကောင်း၊ ထိုကုသိုလ်ရွှေအိုးတို့ကြောင့် ရနိုင်၏။ ဒါနကုသိုလ်သည် လူနတ်နိဗ္ဗာန် - သုံးတန်သောချမ်းသာကို ပေးစွမ်းနိုင်ပေတကား။ ဒါနကုသိုလ်၏ စွမ်းအားသည် အံ့မခန်းစဖွယ် ကြီးမာလှပေ၏။ အဏုမြူစွမ်းအင်ကို အသုံးချတတ်လျှင် ကြီးကျယ်သောအကျိုးများ ရရှိသကဲ့သို့ ဒါနစွမ်းအားကို အသုံးချတတ်လျှင် အံ့မခန်းဖွယ်သော အကျိုးကျေးဇူးများကို ရရှိနိုင်ပေ၏။

သာဝတ္ထိပြည်မှ ပန်းသည်ကြီး၏ သမီးဖြစ်သော မလ္လိကာသည် မြတ်စွာဘုရားအား မုယောမုန့်သုံးခု လှူဒါန်းရသော အကျိုးကြောင့် ထိုလှူသည့်နေ့တွင်ပင် ကောသလမင်း၏ မိဖုရားခေါင်အဖြစ်သို့ရောက်ခဲ့၏။

ရာဇဂြိုလ်ပြည်၌ အလွန်းဆင်းရဲပင်ပန်းစွာ အသက်မွေးကြရသော ကာက၀လိယ ဇနီးမောင်နှံတို့သညိ နိရောဓသမာပတ်မှ ထလာသော အရှင်သာရိပုတ္တရာမထေရ်ကို ယာဂုဆွမ်းလှူရသည့် အကျိုးကြောင့် ခုနှစ်ရက်အတွင်း၌ပင် ရွှေအိုးကြီးများစွာကိုရရှိပြီး သူဌေးကြီးအရာသို့ ရောက်ခဲ့ကြ၏။

သုမနသူဌေးကြီး၏ လယ်ကို အခကြေးငွေဖြင့် ထွန်ယက်လုပ်ကိုင်ပေးရသော ကိုပုဏ္ဏနှင့်ဇနီး တို့သည်နိရောဓမာပတ်မှ ထလာသော အရှင်သာရိပုတ္တရာမထေရ်အား စေတနာဗလ၀ဖြင့် ယာဂုဆွမ်းလောင်းခဲ့ရသည်အတွက် ထိုလှူသောနေ့၌ပင်လျှင် လယ်ထွန်စာများက ရွှေတုံးရွှေခဲများဖြစ်လာကြ၏။ ကိုပုဏ္ဏတို့လည်း သူဌေးကြီးအရာကို ရရှိခဲ့ကြ၏။

ဂေါတမမြတ်စွာဘုရားလက်ထပ်တော်၌ ဇမ္ဗူဒိပ်ကျွန်းလုံးဝယ် ကျော်စောထင်ရှားသော သူဌေးကြီးငါးဦးရှိ၏။ ဇောတိက, ဇဋိလ, မေဏ္ဍက, ကာက၀လိယနှင့် ပုဏ္ဏတို့ ဖြစ်ကြ၏။

ဇဋိလသူဌေးကြီးသည် အတိတ်က ကဿဖမြတ်စွာဘုရား၏ ဓာတ်တော်စေတီဌာပနာတိုတ်တွင် တစ်ထွာစီမြင့်သော ရွှေပန်းခိုင်သုံးခုကိုလှူဒါန်းပြီး ထိုစေတီ၌ ရွှေတစ်ဖျာစာ မလောက်မငဖြစ်နေသည်ကို လှူဒါန်းပူဇော်ခဲ့သည့် ကောင်းမူကြောင့် ဇဋိလ သူဌေးဘ၀တွင် အိမ်တံခါးဝ၌ အတောင်ရှစ်ဆယ်မြင့်သော ရွှေတောင်ကြီး ပေါက်လာ၏။

ဇောတိကသူဌေးကြီးသည် ၀ိပဿီမြတ်စွာဘုရား လက်ထပ်တော်တွင် ဗန္တ္တုမတီပြည်၌ အပရာဇိတအမည်ဖြင့် သူကြွယ်ဖြစ်ခဲ့၏။ ထိုသူကြွယ်သည် ၀ိပဿီဘုရားရှင် သီတင်းသုံးရန် ဂန္ဓကုဋိတိုတ်ကို ရတနာခုနှစ်ပါးဖြင့် ထူးထူးခြားခြား တည်ဆောက်လှူဒါန်ခဲ့၏။ ဤကုသိုလ်ကံကြောင့် ဇောတိကသူဌေးဘ၀တွင် သူနေထိုင်ရန် ရတနာဗိမာန်ကြီး မြေမှ ပေါက်လာရ၏။

အပရာဇိတ သူကြွယ်သည် တူတော်စပ်သည့် သူဌေးက ၀ိပဿီမြတ်စွာဘုရားနှင့် သံဃာတော်များ စည်းဝေးရန် ဆိတ်ရုပ်ခံသည့် ဇရပ်တစ်ဆောင်ကို ရတနာခုနှစ်ပါးဖြင့် မွမ်းမံတည်ဆောက်ခဲ့၏။ ဤတူသူဌေးက မေဏ္ဍကသူဌေးကြီး ဖြစ်လာသည့်အခါ ရှစ်မင်းပယ်စာမျှရှိသော မြေပြင်တွင် ဆင်ကြီးမြင်းကြီး အရွယ်မျှရှိသော ရွှေဆိတ် ရုပ်များ ကျောချင်းထိကာ ပေါ်ပေါက်လာကြ၏။

ဒါနကုသိုလ်ကို ပါရမီမြောက် ပြုလုပ်ထားလျှင် လူချမ်းသာ နတ်ချမ်းသာတို့ကိုသာမက နိဗ္ဗာန်ချမ်းသာအထိ အကျိုးပေးနိုင်သဖြင့် အလွန်အားရဖွယ် ကောင်းလှပေသတည်း။

မြတ်သောဓမ္မဒါန ပိုစ့်ရေးသားတင်ပေးသော အစ်ကိုစောမောင် ၊ ကိုဖြိုး (သစ္စာခရီးသည်) ယနေ့ နက်ဖြန် နောင်သံသရာ ဘ၀ဆက်တိုင်း ငြိမ်းချမ်းခြင်းလေဟာနယ်မှာ ပျော်ရွှင်ခြင်းပန်းလေးတွေကောက်လို့ သောကအပူအပင်ဟူသမျှ မြူမူံမျှမကျန်ရှိပဲ ကမ်းစပ်ပင်လယ်လို ထာဝရ ကင်းဝေးကာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး မိမိဖြစ်ချင်သော ဘ၀နှင့် ဆန္ဒထပ်တူကျပါစေလို့ တောသူမလေးမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

No comments:

Post a Comment