ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 18 May 2011

တိရောကုဋ္ဋပေတ၀တ္ထု ၎


ဤကမ္ဘာမှ ပြန်၍ ရေသည်ရှိသော် ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ကာသိမည်သော မြို့သည် ရှိ၏၊ ထိုမြို့၌ ဇယသေနမည်သောမင်းသည် မင်းပြု၏၊ ထိုမင်းအား သိရိမာမည်သော မိဖုရားသည် ရှိ၏၊ ထိုမိဖုရားကြီး၌ ဖုဿမည်သော ဘုရားလောင်းသည် ဖွားမြင်၍ ကာလအစဉ်အားဖြင့် ဘုရားအဖြစ်သို့ ရောက်၏၊ ဇယသေနမင်းသည် “ငါ၏သားသည် ကြီးစွာသော တောထွက်ခြင်းကို ပြု၍ ဘုရားဖြစ်၏၊ ငါ၏သားဖြစ်သောကြောင့် ငါတဦးတည်းပိုင်သည့် ငါ၏ဘုရားသား ဖြစ်၏၊ ယင်းဘုရားဟောသည့် တရားသည်လည်း ငါ၏တရားသာဖြစ်၏၊ ယင်းဘုရား၏ တပည့်သားသံဃာသည်လည်း ငါ၏သံဃာသာဖြစ်၏” ဟု မိမိ(တဦးတည်း)ပိုင်ဖြစ်စေ၍ အခါခပ်သိမ်း ကိုယ်တိုင်သာလျှင် လုပ်ကျွေး၏၊ သူတပါးတို့အား လှူဒါန်းပူဇော်ရန် အခွင့်မပေးချေ။

မြတ်စွာဘုရား၏ အမိကွဲဖြစ်သော ညီနောင်သုံးယောက်တို့သည် “ဘုရားမည်သည် အလုံးစုံသော လောက၏အကျိုးစီးပွါးအလို့ငှါ ဖြစ်ကုန်၏၊ တဦးတယောက်၏ အကျိုးငှါ မဟုတ်၊ ငါတို့၏ ခမည်းတော်သည် တပါးသူတို့အား လှူဒါန်းပူဇော်ရန် အခွင့်မပေး၊ အဘယ်သို့လျှင် ငါတို့သည် မြတ်စွာဘုရားကို လုပ်ကျွေးခြင်းငှါ ရဟဟန်းသံဃာအား လုပ်ကျွေးခြင်းငှါ အခွင့်ရပါအံ့နည်း” ဟု ကြံစည်ကြကုန်၏၊ ထိုမင်းသားတို့သည် “ယခု ငါတို့သည် အကြောင်း ဥပါယ်တခုကို ပြုကုန်အံ့” ဟူ၍ ပြောဆိုတိုင်ပင်ကြကုန်ပြီးလျှင် ပစ္စန္တရဇ်ထကြွသကဲ့သို့ ပြုကုန်၏၊ ထိုအခါ မင်းကြီးသည် “ပစ္စန္တရဇ်သည် ထကြွ၏” ဟု ကြားသိ၍ သားတော်သုံးပါးတို့ကို ပစ္စန္တရဇ်ငြိမ်သက်စေရန် စေလွှတ်၏၊ ထိုမင်းသားတို့သည် သွား၍ ငြိမ်သက်စေပြီးလျှင် ပြန်လာကြကုန်၏၊ မင်းကြီးသည် နှစ်သက်သည်ဖြစ်၍ “သင်တို့သည် အလိုရှိရာဆုကို ယူကြကုန်” ဟု ဆုပေး၏၊ မင်းသာတို့က “အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို လုပ်ကျွေးရန် အလိုရှိကြပါကုန်၏” ဟု ဆိုကုန်၏၊ မင်းကြီးသည် “ထိုအရာကိုထား၍ တပါးသော အရာကို အလိုမရှိကုန်” ဟု ဆိုကုန်၏၊ “သို့တပြီးကား အပိုင်းအခြားကို ပြု၍ ယူကြကုန်လော့” ဟု မင်းကြီးဆိုလေသော် မင်းသားတို့သည် မြတ်စွာဘုရားကိုပူဇော်ရန် ခုနှစ်နှစ်တို့ကို တောင်းကုန်၏၊ မင်းကြီးသည် မပေး၊ ဤသို့လျှင် ခြောက်နှစ် ငါးနှစ် လေးနှစ် သုံးနှစ် နှစ်နှစ် တနှစ် ခုနှစ်လ ခြောက်လ လေးလတို့ကို ဆို၍ မပေးလေသော် သုံးလကို တောင်းကုန်၏၊ ထိုအခါမှ မင်းကြီးသည် “ယူကြကုန်” ဟု ပေးလေ၏။

ထိုမင်းသားတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ “အရှင်ဘုရား အကျွန်ုပ်တို့သည် သုံးလပတ်လုံး မြတ်စွာဘုရားကို လုပ်ကျွေးခြင်းငှါ အလိုရှိပါကုန်၏၊ မြတ်စွာဘုရားသည် သုံးလပတ်လုံး ၀ါဆိုခြင်းကို လက်ခံတော်မူပါ” ဟု လျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူလေ၏၊ မင်းသားညီနောင်သုံးဦးတို့သည် မိမိတို့၏ ဇနပုဒ်တို့ကို လွှဲအပ်ထားသော တိုင်းမှူးယောက်ျားထံ စာရေး၍ “ ဤသုံးလပတ်လုံး ငါတို့သည် မြတ်စွာဘုရားကို လုပ်ကျွေးအပ်၏ ကျောင်းကိုအစပြု၍ အားလုံးသော မြတ်စွာဘုရားအား လျော်သည့်အလုပ်အကျွေး အဆောက်အဦးကို စီရင်လေလော့” ဟု မှာလိုက်၏၊ ထိုတိုင်းမှူးယောက်ျားသည် အလုံးစုံကိုစီရင်၍ အကြောင်းပြန်ကြား၏၊ ထိုမင်းသားတို့သည် ဖန်ရည်ဆိုးသော အ၀တ်တို့ကို ၀တ်ကုန်၍ ယောက်ျားတထောင် အလုပ်အကျွေးတို့ဖြင့် မြတ်စွာဘုရားကို၎င်း ရဟန်းသံဃာကို၎င်း ရိုသေစွာ လုပ်ကျွေးလိုသည်ဖြစ်၍ ဇနပုဒ်သို့ ပင့်ဆောင်ကာ ကျောင်းကိုလှူဒါန်းအပ်နှင်း၍ ၀ါဆိုစေကုန်၏။

ထိုမင်းသားညီနောင်သုံးဦးတို့၏ ဘဏ္ဍာစိုးဖြစ်သော သူကြွယ်သားတဦးသည် ဇနီးနှင့်တကွ ကြည်လင်သော သဒ္ဓါစိတ်ရှိသည် ဖြစ်၏၊ ထိုသူသည် ဘုရားအမှူးရှိသော သံဃာအား အလှူဝတ္ထုကို ရိုသေစွာ ပေးလှူ၏၊ တိုင်းမှူးယောက်ျားသည် ထိုသူကြွယ်သားကို ခေါ်ဆောင်၍ အသောင်းအထောင်သော ဇနပုပ်သားတို့တွင် အချို့သော ဇနပုဒ်သားတို့သည် ထိပါးပုတ်ခတ်(ဆန့်ကျင်) သောစိတ်ရှိကုန်၏၊ ထိုသူတို့သည် အလှူ၏အန္တရာယ်ကိုပြုကုန်၍ လှူဖွယ်ဝတ္ထုတို့ကို ကိုယ်တိုင်စားကြကုန်၏၊ အလှူတင်းကုပ်တို့ကိုလည်း မီးတိုက်ကြကုန်၏၊ ၀ါကျွတ်၍ ပ၀ါရဏပြုပြီးသော် ထိုမင်းသားတို့သည် မြတ်စွာဘုရားအား ပူဇော်ခြင်းကိုပြု၍ မြတ်စွာဘုရားအား ခြံရံလျက် ခမည်းတော်၏ အထံသို့သာလျှင် ပြန်သွားကြကုန်၏၊ ထိုအရပ်မှ ပြန်ကြွသွားပြီး နောက်အဘို့၌ ဖုဿမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံယူတော်မူ၏၊ မင်းသားသုံးဦးတို့သည်၎င်း တိုင်းမှူးယောက်ျားသည်၎င်း ဘဏ္ဍာစိုးသည်၎င်း အစဉ်အားဖြင့် သေ၍ ပရိသတ်နှင့်တကွ နတ်ပြည်၌ ဖြစ်ကုန်၏၊ ဆန့်ကျင်သော စိတ်ရှိကုန်သော သူတို့သည် ငရဲ၌ ဖြစ်ကြကုန်၏၊ ဤသို့လျှင် ထိုနှစ်စုံသော သူတို့သည် နတ်ပြည်မှ နတ်ပြည်သို့၎င်း ငရဲမှ ငရဲသို့၎င်း ဖြစ်ကြကုန်၍ ကိုးဆယ့်နှစ်ကမ္ဘာတို့ လွန်ကုန်၏။

ထို့နောက် ဤဘဒ္ဒကမ္ဘာ၌ ကဿပမြတ်စွာဘုရား ပွင့်တော်မူသောအခါ ထိုဆန့်ကျင်သော စိတ်ရှိကြကုန်သော သူတို့သည် (ငရဲမှ တက်၍) ပြိတ္တာဖြစ်လာကြကုန်၏၊ ထိုအခါ၌ လူတို့သည် မိမိတို့၏ ဆွေမျိုးပြိတ္တာတို့၏အကျိုးငှါ အလှူပေး၍ “ဣဒံ နော ဉာတီနံ ဟောတု = ဤအလှူသည် ငါတို့၏ ဆွေမျိုးတို့အား ဖြစ်စေသတည်း” ဟု ရည်ညွှန်း (အမျှပေးဝေ) ကုန်၏၊ ထိုပြိတ္တာတို့သည် စည်းစိမ်ချမ်းသာတို့ကို ရကုန်၏၊ ထိုအခါ၌ ကိုးဆယ့်နှစ်ကမ္ဘာထက်က ပြိတ္တာတို့သည် ထိုအကြောင်းကို တွေ့မြင်ရလေသော် ကဿပမြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ “ကဿပမြတ်စွာဘုရား အကျွန်ုပ်တို့အား ဤသို့ သဘောရှိသော စည်းစိမ်ကို ရပါအံ့လော” ဟု မေးကြကုန်၏၊ မြတ်စွာဘုရားသည် “ယခုအခါ၌ မရလတ္တံ့၊ နောင်အခါ၌ ဂေါတမမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူလတ္တံ့၊ ထိုမြတ်စွာဘုရား၏ လက်ထက်၌ ဗိမ္ဗိသာရမည်သောမင်းသည် ဖြစ်လတ္တံ့၊ ထိုမင်းသည် သင်တို့၏ ကိုးဆယ့်နှစ်ကမ္ဘာထက်က အဆွေအမျိုး ဖြစ်၏၊ ထိုမင်းသည် ဂေါတမမြတ်စွာဘုရားအား အလှူပေး၍ သင်တို့အား ရည်ညွှန်း၍ အမျှပေးဝေလတ္တံ့” ဟု မိန့်ကြားတော်မူ၏၊ ဤသို့ မိန့်ကြားတော်မူသည်ရှိသော် ထိုပြိတ္တာတို့အား ထိုစကားသည် “နက်ဖြန် ရလတ္တံ့” ဟု ဆိုဘိသကဲ့သို့ အတိုင်းမသိ ၀မ်းမြောက်ကြလေ၏။

ထို့နောက် တခုသော ဗုဒ္ဓန္တရ (ဘုရားတတဆူနှင့် တဆူအကြားကာလ) ကိုလွန်သည်ရှိသော် ငါတို့ ဂေါတမမြတ်စွာဘုရားသည် ပွင့်တော်မူလာ၏၊ ထိုမင်းသားညီနောင်တို့သည် ယောက်ျားတထောင်တို့နှင့် တကွ နတ်ပြည်မှစုတေခဲ့၍ မဂဓတိုင်း ပုဏ္ဏားမျိုး၌ဖြစ်ကာ အစဉ်အားဖြင့် ရသေ့ပြုလုပ်၍ ဂယာသီသ၌ ရသေ့သုံးဦးတို့ နေကုန်၏၊ ဇနပုဒ်လွှဲအပ်ခံရသော တိုင်းမှူးယောက်ျားသည် ဗိမ္ဗိသာရမင်းဖြစ်လာ၏၊ ဘဏ္ဍာစိုးဖြစ်သော သူကြွယ်သားသည် ၀ိသာခသူကြွယ်ဖြစ်လာ၏၊ ၎င်း၏မယားသည် ဓမ္မဒိန္နာ မည်သော သူဌေးသမီးဖြစ်လာ၏၊ ကြွင်းကျန်သော ပရိသတ်တို့သည်ကား မင်း၏ ပရိသတ်တို့သည်သာလျှင် ဖြစ်ကုန်၏။

ငါတို့ မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၍ သတ္တသတ္တာဟကို လွန်စေလျက် အစဉ်အားဖြင့် ဗာရာဏသီပြည်သို့ကြွ၍ ဓမ္မစကြာတရားကို ဟောတော်မူပြီးနောက် ပဉ္စ၀ဂ္ဂီငါးဦးတို့ကို အစထား၍ အခြံအရံ တထာင်ရှိသော ရသေ့သုံးဦးတို့ကို ဆုံးမပြီးလျှင် ရာဇဂြိုလ်ပြည်သို့ ကြွလာတော်မူ၏၊ ထိုရာဇဂြိုလ်ပြည်၌ ဆည်းကပ်ခါစသာလျှင်ဖြစ်သော ဗိမ္ဗိသာရမင်းကြီးကို တသိန်းတသောင်းကုန်သော အင်္ဂမဂဓတိုင်းသား ပုဏ္ဏားသူကြွယ်တို့နှင့်တကွ သောတာပတ္တိဖိုလ်၌ တည်စေလေ၏၊ ထိုအခါ ဗိမ္ဗိသာရမင်းသည် နက်ဖြန်အလို့ငှါ ဆွမ်းဖြင့်ဖိတ်ကြားရာ လက်ခံတော်မူသဖြင့် ဒုတိယနေ့၌ လုလင်ပုံစံဖြင့် သိကြားမင်းသည် ရှေ့မှသွား၍ -

“ယဉ်ကျေးသော စိတ်နှလုံးရှိတော်မူသော ကိလေသာမှ လွတ်တော်မူပြီးသော သိင်္ဂီနိက် ရွှေအဆင်း ရှိတော်မူသော မြတ်စွာဘုရားသည် ယဉ်ကျေးသော စိတ်နှလုံး ရှိကုန်သော ကိလေသာမှ လွတ်မြောက်ပြီးကုန်သော ရသေ့ဟောင်း(ရဟန္တာ) တထောင်တို့နှင့်အတူ ရာဇဂြိုလ်ပြည်သို့ ၀င်တော်မူလာပါပြီ”။

ဤသို့အစရှိကုန်သော ဂါထာတို့ဖြင့် ရွတ်ဆိုချီးကျူးကာ ရာဇဂြိုလ်ပြည်သို့ ကြွဝင်တော်မူလာပြီးလျှင် မင်းနန်းတော်၌ ကြီးစွာသောအလှူကို ခံယူတော်မူ၏၊ ထို (ကိုးဆယ့်နှစ်ကမ္ဘာထက်က ဆွေမျိုးဟောင်း) ပြိတ္တာတို့သည် “ဗိမ္ဗိသာရမင်းသည် ငါတို့အတွက် လှူ၏၊ ယခုပင် ရည်ညွှန်းလတ္တံ့၊ ယခုပင် ရည်ညွှန်းလတ္တံ့” ဟု မြှော်လင့်ခြင်းကြီးစွာဖြင့် ကောင်းစွာခြံရံ၍ ရပ်တည်ကုန်၏။

မင်းကြီးသည် အလှူကိုပေး၍ “အဘယ်အရပ်၌ မြတ်စွာဘုရားသည် သီတင်းသုံးအံ့နည်း” ဟု ကျောင်းနေရာကိုသာလျှင် ကြံစည်၏၊ ထိုအလှူကို တစုံတယောက်အားမျှ မရည်ညွှန်းမိ၊ ထိုအလှူ၏ အဘို့ကို မရကုန်သည်ရှိသော် ထိုပြိတ္တာတို့သည် မြှော်လင့်ချက် ကင်းမဲ့ကုန်သည်ဖြစ်၍ ညဉ့်အချိန်၌ မင်းနန်းတော်သို့ ၀င်ပြီးလျှင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အသံကို ပြုကုန်၏၊ မင်းသည် ဘေးဖြင့်ထိတ်လန့်ကြောက်ရွှံ့ခြင်းသို့ ရောက်၍ နံနက်မိုးသောက်ရောက်လတ် လျှောက်ထား၏၊ မြတ်စွာဘုရားသည် “မင်းကြီး မကြောက်လင့် သင်မင်းကြီးအား တစုံတခုသော မကောင်းမူသည် မဖြစ်၊ စင်စစ်မူ သင်၏ထင်ရှားရှိသော ဆွေမျိုးဟောင်းတို့သည် ပြိတ္တာဘုံတို့၌ အလှူကိုပေး၍ မရည်ညွှန်းသည့်အတွက်ကြောင့် မြှော်လင့်ချက်ကင်းပြတ်လျက် ထိုသို့သဘောရှိသောအသံကို ပြုကုန်၏” ဟု မိန့်တော်မူ၏၊ “အရှင်ဘုရား အသို့နည်း ယခုအခါ၌ ပေးလှူသော် ထိုဆွေမျိုးဟောင်းပြိတ္တာတို့ ရကုန်အံ့လော” ဟု လျှောက်၏၊ “မင်းကြီး ရပေအံ့” ဟု ဘုရားမိန့်တော်မူ၏၊ “အရှင်ဘုရား သို့တပြီးကား တပည့်တော်သည် မြတ်စွာဘုရားအား ယနေ့ အလှူကို လှူပါအံ့၊ ထိုပြိတ္တာတို့အား ရည်ညွှန်းပါအံ့” ဟု လျှောက်၏၊ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူ၏။

မင်းကြီးသည် နန်းတော်သို့သွား၍ ကြီးစွာသော ဒါနကိုစီရင်လျက် မြတ်စွာဘုရားအား လျှောက်ကြား၏၊ မြတ်စွာဘုရားသည် မင်း၏နန်းတော်သို့ကြွ၍ ခင်းထားသောနေရာ၌ ရဟန်းသံဃာနှင့်အတူ ထိုင်နေတော်မူ၏၊ ထိုပြိတ္တာတို့သည် “ယနေ့ရကုန်ငြားအံ့လည်း မသိ” ဟု လာကုန်၍ တံတိုင်းတဖက် နံရံတဖက်စသည်တို့၌ ရပ်တည်ကုန်၏၊ မြတ်စွာဘုရားသည် ထိုပြိတ္တာအားလုံးကို မင်းကြီးအား မြင်အောင် တန်ခိုးဖြင့် ပြတော်မူလေ၏၊ မင်းကြီးသည် အလှူရေစက်ကိုပေး၍ “ဣဒံမေ ဉာတီနံ ဟောတု = ဤအလှူသည် ငါ၏နေဆွေမျိုးဟောင်းပြိတ္တာတို့အား ဖြစ်စေသတည်း” ဟု ရည်ညွှန်းလေ၏၊ ထိုခဏ၌သာလျှင် ပြိတ္တာတို့အား ကြာနီကြာညိုပန်းတို့ဖြင့် ကောင်းစွာ ဖုံးလွှမ်းအပ်သော ရေကန်တို့သည် ဖြစ်ကုန်၏၊ ထိုပြိတ္တာတို့သည် ထိုရေကန်တို့၌ ရေချိုး၍၎င်း ရေသောက်၍၎င်း ပူလောင်ခြင်း ပင်ပန်းခြင်းနှင့် မွတ်သိပ်ခြင်းတို့ ငြိမ်းကုန်သည်ဖြစ်၍ ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်၏၊ မင်းကြီးသည် ယာဂုစသော ခဲဘွယ်ဘောဇဉ်တို့ကို ပေးလှူ၍ ရည်ညွှန်း၏၊ ထိုပြိတ္တာတို့အား ထိုရည်ညွှန်းသောခဏ၌သာလျှင် နတ်၌ဖြစ်သော ယာဂုခဲဘွယ် ဘောဇဉ်တို့သည် ဖြစ်ကုန်၏၊ ထိုပြိတ္တာတို့သည် ထိုခဲ့ဘွယ်ဘောဇဉ်တို့ကိုစားသောက်၍ ပြည့်ဖြိုးသော ဣနြေ္ဒရှိကုန်၏၊ ထို့နောက် အ၀တ်ပုဆိုး အိပ်ရာနေရာတို့ကို ပေးလှူ၍ ရည်ညွှန်းပြ၏၊ ထိုပြိတ္တာတို့အား နတ်၌ဖြစ်သော အ၀တ်ပုဆိုး ပြာသာဒ် အခင်းအရုံ အိပ်ရာစသော တန်ဆာတို့သည် ဖြစ်ကုန်၏၊ ထိုဖြစ်ပေါ်လာတိုင်းသော အခြင်းအရာကိုလည်း မင်းကြီးမြင်အောင် မြတ်စွာဘုရားသည် အဓိဋ္ဌာန်ပြုတော်မူ၏၊ မင်းကြီးသည် ထိုအခြင်းအရာကိုမြင်၍ အလွန်လျှင် ၀မ်းမြောက်လေ၏၊ ထို့နောက် မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးသည်ရှိသော် ဗိမ္ဗိသာရမင်းကြီးအား ဆွမ်းအနုမောဒနာ အကျိုးငှါ တိရောကုဋ္ဋပေတ၀တ္ထုကို ဟောတော်မူလေ၏၊ (တိရောကုဋ္ဋပေတ၀တ္ထု မြန်မာပြန်ကို ဤပေတ၀တ္ထုပါဠိတော် မြန်မာပြန်တွင် ဖော်ပြအုံးမည်။)

No comments:

Post a Comment