ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 22 May 2011

ပိယင်္ကရမာတာနှင့် ဥတ္တရမာတာ


ဤနေရာ၌ သံယုတ်ပါဠိတော်လာ ပိယင်္ကရမာတာနှင့် ဥတ္တရမာတာဝတ္ထုကို သိထိုက်သဖြင့် ထုတ်ပြဦးမည်။

မြတ်စွာဘုရား သီတင်းသုံးတော်မူသော ဇေတ၀န်ကျောင်းတိုက်အတွင်း၌ ကောသမ္ဗကမည်သော ကျောင်းဆောင်သည်ရှိ၏၊ တနေ့သ၌ အသျှင်အနုရုဒ္ဓါသည် ကောသမ္ဗက ကျောင်းဆောင်အတွင်း၌ ထိုင်နေ၍ သာယာသောအသံဖြင့် ဓမ္မပဒ အပ္ပမာဒ၀ဂ်ကို သရဇ္ဈာယ်၍ နေတော်မူခိုက်ဖြစ်၏၊ ထိုအခါ ပိယင်္ကရမည်သော သားငယ်ရှိသူ ဝေမာနိကပြိတ္တာမ(ပိယင်္ကရမာတာ)သည် သားပိယင်္ကရ ပြိတ္တာငယ်ကို ရင်ခွင်ဖြင့်ပိုက်ချီလျက် ဇေတ၀န်ကျောင်း၏နောက်ဖက်မှစ၍ အစာရှာထွက်လာလေရာ အစဉ်အားဖြင့် သာဝတ္ထိမြို့ဖက်သို့ရှေးရှူလျက် ကျင်ကြီးကျင်ငယ် တံတွေးနှပ်စသည့် မကောင်းဆိုးရွား အစားအစာတို့ကို ရှာဖွေသည်ရှိသော် အသျှင်အနုရုဒ္ဓါ၏နေရာသို့ရောက်၍ သာယာသော တရားရွတ်ဖတ်သံကို ကြားရလေ၏၊ ထိုတရားသံသည် ပိယင်္ကရမာတာအား အရေအစရှိသည်ကို ဖောက်ခွဲ၍ ရိုးတွင်းခြင်ဆီကို ထိခိုက်ကာ နှလုံးသို့ဆိုက်ရောက်၍ တည်လေ၏၊ ထိုအခါ ပိယင်္ကရ သားဖြစ်သူ ပိယင်္ကရကား ငယ်ရွယ်သူဖြစ်၍ တရားနာခြင်း၌ စိတ်မရှိ၊ ထိုပိယင်္ကရသည် ဆာလောင်မွတ်သိပ်မူဖြင့် နှိပ်စက်ရကား “မိခင် အဘယ်ကြောင့် ရောက်ရာနေရာ၌ သစ်ငုတ်ကဲ့သို့ ရပ်နေသနည်း၊ အကျွန်ုပ်အတွက် ခဲဘွယ်ဘောဇဉ်တို့ကိုလည်း အဘယ်ကြောင့်မရှာသနည်း” ဟုထပ်ကာ ထပ်ကာ မိခင်အား မေးလေ၏၊ ပိယင်္ကရမာတာသည် ငါ့အား ဓမ္မ န္တရာယ်ပြုလှ၏ဟု သားငယ်ကို .......

“ပိယင်္ကရ အသံမပြုလင့်၊ ရဟန်းသည် ဓမ္မအစိုတို့ကို ရွတ်ဆိုနေ၏၊ ငါတို့သည် ဓမ္မအစုကို သိ၍ ကျင့်နိုင်ကုန်ငြားအံ့လည်း မသိ၊ ငါတို့အား အစီးအပွါးဖြစ်တန်ရာ၏။

သတ္တ၀ါတို့၌လည်း စောင့်စည်းကြရကုန်အံ့၊ သိလျက်မမှန်စကားကို မဆိုကြရကုန်အံ့၊ မိမိ၏ကောင်းသော အကျင့်သီလကိုလည်း ကျင့်သုံးကြရကုန်အံ့ မြေဖုန်ဘီလူးပြိတ္တာဘ၀မှ လွတ်ကြကောင်းတန်ရာ၏”
၁ ဟု နှစ်သိမ့်စေ၏။

ဤသို့ သားငယ်ကို နှစ်သိမ့်စေ၍ တရားနာလေသော် ထိုနေ့၌ပင် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ (ဤကား ပိယင်္ကရမာတာဝတ္ထုဖြစ်၏)။

တရံရောအခါ မြတ်စွာဘုရားသည် (ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်) ဆွမ်းစားပြီးချိန်၌ လူအပေါင်းအား တရားဟောတော်မူပြီးသော် လူအပေါင်းကို ပြန်လွှတ်လိုက်ပြီးနောက် ရေချိုးအိမ်၌ ရေသပ္ပါယ်တော်မူကာ ဂန္ဓကုဋိတိုက် ပရိဝုဏ်အတွင်း ခင်းထားအပ်သော ဘုရားနေရာတော်၌ အရှေ့လောကဓာတ်ကို မျက်နှာတူရူ ရူတော်မူလျက် ထိုင်နေတော်မူ၏၊ ထိုအခါ ဧကစာရိက ဒွိစာရိကစသော ပံသုကူလိက ပိဏ္ဍပါတိက ရဟန်းတို့သည် မိမိ မိမိတို့၏ နေ့သန့်ရာ အရပ်အသီးသီးမှ ထွက်လာကြကုန်ပြီးလျှင် မြတ်စွာဘုရားထံသို့ လာကြကုန်၍ ရှိခိုးကြပြီးနောက် တင်းတိမ်နီဖြင့် ကာရံဘိသကဲ့သို့ ထိုင်နေကြကုန်၏၊ ထိုအခါ ထိုရဟန်းတို့၏ အလိုကိုသိတော်မူ၍ မြတ်စွာဘုရားသည် နိဗ္ဗာန်နှင့်စပ်သော တရားစကားကို ဟောတော်မူ၏။

ထိုစဉ်အခါ (ပုနဗ္ဗသုမ်သော သားအကြီးကို လက်မှာဆွဲ၍ ဥတ္တရာမည်သော သမိးအငယ်ကို ရင်ခွင်ဝယ်ပိုက်ချီထားသော) မြေဖုတ်ဘီလူး ပြိတ္တာမ ပုနဗ္ဗသုမာတာ၊ သို့မဟုတ် - ဥတ္တရမာတာသည် သမီးငယ်ကို ပွေ့ချီ သားကြီးကိုလက်ဆွဲ၍ ဇေတ၀န်ကျောင်း နောက်ဖက်တံတိုင်းအနီး၌ ကျင်ကြီး ကျင်ငယ် တံတွေးနှပ်တို့ကို ရှာဖွေရင်း အစဉ်သဖြင့် ဇေတ၀န်ကျောင်းတော် တံခါးမုခ်နားသို့ ရောက်လာ၏။

“အာနန္ဒာ သပိတ်ကို ယူခဲ့လော့၊ သင်္ကန်းကို ယူခဲ့လော့၊ စားကြွင်းစားတို့အား စားဖွယ်ကို ပေးလော့” ဟု မြတ်ဆိုတော်မူသော မြတ်စွာဘုရား၏ အသံတော်သည် ထက်ဝန်းကျင် တဆယ့်နှစ်တောင်မျှ၌သာ ကြားရ၏၊ တရားဟောတော်မူသော မြတ်စွာဘုရား၏ အသံတော်မူကား စကြ၀ဠာအဆုံးတိုင်အောင် ပရိသတ်ထိုင်နေကာမူလည်း ပရိသတ်အဆုံးတိုင်အောင် သွား၏၊ ပရိသတ် အပသို့မူကား “ချိုမြိန်သော အသံတော်သည် အကြောင်းမဲ့(နာယူသူမရှိပဲ) မပျက်စီးစေလင့်” ဟု လက်တသစ်မျှလည်း မထွက်သွားပေ၊ ထိုအခါ၌ ဥတ္တရမာတာ (မြေဖုတ်ဘီလူးပြိတ္တာမ) သည် ပရိသတ်၏အပ၌ တည်သဖြင့် ဘုရားရှင်၏ အသံတော်ကို မကြားရပေ၊ တံခါးမုခ်၌တည်ရှိသော ထိုဥတ္တရမာတာအား ကျယ်ပြန့်သော ဘုရားလမ်းမတော်သည် ရှေးရူတည်ရှိ၍ ဂန္ဓကုဋိတော်သည် ထင်လာ၏၊ ထိုဥတ္တရမာတာသည် လေငြိမ်ရာ၌ရှိသော ဆီမီးကဲ့သို့ ဘုရား၌ ရိုသေခြင်းဖြင့် လက်ခြေလူပ်ရှားခြင်းစသည်မှကင်း၍ ငြိမ်သက်နေသော ပရိသတ်ကို မြင်သည်ရှိသော် “ဤနေရာ၌ တစုံတရာ စားဖွယ်ပစ္စည်းဘဏ္ဍာကို ဝေဖန်သည်ဖြစ်လတ္တံ့။ ငါသည် ထောပတ် ဆီ ပျား တင်လဲ စသည်တို့တွင် တခုခုကို သပိတ်လက်စသည်တို့မှ မြေသို့စီးကျဖိတ်စင်သည်ကို ရလတ္တံ့” ဟု နှလုံးသွင်း၍ (သားသမီးတို့နှင့်) ကျောင်းတွင်းသို့ ၀င်လေ၏။

ကျောင်းတံခါးမုခ်၌ ကြမ်းထမ်းသော ဘီလူးစသည်တို့အား တားမြစ်ရန် တည်ရှိသော ကျောင်းစောင့်နတ်တို့သည် ဥတ္တရမာတာ၏ ဥပနိဿယကိုသိ၍ မတားမြစ်ကြကုန်၊ ဥတ္တရမာတာသည် ပရိသတ်နှင့် တပေါင်းတည်းအဖြစ်သို့ ရောက်လတ်၍ မြတ်စွာဘုရား၏ ချိုမြိန်သာယာသော အသံတော်သည် အရေအစရှိသည်ကို ဖောက်ခွဲ၍ ရိုးတွင်းခြင်ဆီကို ထိုခိုက်ကာ (နှလုံးသို့ဆိုက်ရောက်၍) တည်လေ၏၊ ဥတ္တရမာတာသည် တရားနာရန် မတုန်မလူပ် ရပ်တည်သည်ရှိသော် ရှေးပိယက်ရမာတာကဲ့သို့ သားသမီးတို့က မေးမြန်းကြသဖြင့် ငါ့အား တရားနာခြင်း၏ အန္တရာယ်ကို မပြုကြလင့်ဟု သားသမီးတို့ကို .......

“ချစ်သမီး ဥတ္တရာ နတ်လူတို့ကို ဆုံးမတော်မူတတ်သော ဘုရားမြတ်၏တရားကို ငါနာယူနေသမျှအတွင်း ဆိတ်ဆိတ်နေပါလော့၊ ချစ်သားပုနဗ္ဗသု ဆိတ်ဆိတ်နေပါလော့”၁ စသည်ဖြင့် နှစ်သိမ့်စေ၍ တရားကို နာကြကုန်၏။

မြတ်စွာဘုရားသည် တရားဟောတော်မူရာမှ ပရိသတ်ကို အမှတ်ပြုလေသော ထိုဥတ္တရမာတာ၏၎င်း သားပုနဗ္ဗသု၏၎င်း သောတာပတ္တိဖိုလ်၏ ဥပနိဿယကို မြင်၍ ဒေသနာတော်ကို လည်စေလျက် သစ္စာလေးပါးတရားစကားကို ပြတော်မူ၏၊ ထိုတရားတော်ကို ကြားနာရ၍ ထိုနေရာ၌ သာလျှင် ရပ်တည်လျက် သားပုနဗ္ဗနှင့်အတူ မိခင်ဥတ္တရမာတာ မြေဖုတ်ဘီလူးပြိတ္တာမသည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ သမီးဥတ္တရာသည်ကား ဥပနိဿယကား ရှိ၏၊ သို့သော် အလွန်ငယ်လွန်းသဖြင့် တရားတော်ကို ခံယူခြင်းငှါ မတတ်နိုင်သေးပေ။

ဤဖော်ပြပါ ပိယင်္ကရမာတာ ဥတ္တရမာတာတို့ကား အဆင်းအသွင်ဆိုးဝါး၍ လူတို့၏ ကျင်ကြီး ကျင်ငယ် တံတွေး နှပ်စသော အညစ်အကြေးတို့ကို ရှာဖွေစားသောက်နေရသော မြေဖုတ်ဘီလူးမျိုး ပြိတ္တာတို့ပင် ဖြစ်ကြပေ၏၊ သို့သော် ပဋိသန္ဓေအားဖြင့် အဟိတ်ပဋိသန္ဓေမဟုတ်၊ တိဟိတ်ပဋိသန္ဓေ နေသူများဖြစ်ပေရာ၊ စတုမဟာရာဇ်ဘုံသား စာရင်း၌ ၀င်ကြရပေသည်၊ ထို့ကြောင့် ၎င်းတို့ကို အပါယ်ဘုံသားမုတ်သော ပြိတ္တာများဟု ဆိုရပေသည်။

ဤမျှဖြင့် ပေတ၀တ္ထုနှင့် ပတ်သက်၍ မှတ်သားဖွယ်ရာများကို နိဂုံးချုပ်ပေအံ့၊ ဤပေတ၀တ္ထုများကို မြတ်စွာဘုရားသည် ထုတ်ဖော်ဟောကြားတော်မူ၍ သတ္တ၀ါပေါင်းများစွာကို အကျွတ်တရားရစေတော်မူခဲ့သည်၊ ဤသို့ရစေတော်မူရာ၌ ပြိတ္တာမျိုးဇာတ်၌ ဖြစ်ရခြင်း၏အပြစ်ကို ဖွင့်ပြတော်မူ၍ တရားနာယူသူတို့၏ နှလုံးသားကို သံဝေဂဖြင့် ဖျန်းပက်တော်မူခြင်းကို အရင်းပြုတော်မူပေသည်၊ ထိုအရင်းမှသည် လူအပေါင်းကို သံဝေဂတရားရရှိစေပြီး၍ အကုသိုလ်တရားမှ ရှောင်ကြဉ်စေပြီးလျှင် ဒါနအစရှိသော ကုသိုလ်ကောင်းမူတို့ကိုပြု၍ နတ်ရွာသုဂတိလျှင် လည်းလျောင်းရာ ဖြစ်စေခဲ့ပေသည်။

No comments:

Post a Comment