ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 23 May 2011

မြတ်ဒါနအကြောင်း သိကောင်းစရာများ


ဒါန၏အဓိပ္ပာယ်

မိမိ၏ပစ္စည်းဥစ္စာကို သူတစ်ပါးတို့၏ အကျိုးစီပွားအလို့ငှာ ပေးကမ်းစွန့်ကြဲခြင်း၊ ချီးမြှင့်ခြင်း၊ ထောက်ပံ့ခြင်း၊ လှူဒါန်းခြင်း၊ ပူဇော်ခြင်းတို့ ကို ဒါနဟုခေါ်၏။

(သာရတ္တ၊ ၃။ ၁၉၃ ။ ဒီ ၊ ဋီ ၊၂ ။ ၆၈ ။)

အင်္ဂလိပ်ဘာသာဖြင့် ဒါနကို charity , alms-giving, donation….. စသည့်ဖြင့် ခေါ်ဆိုနိုင်၏။

အလှူပေးခြင်းတွင် အလှူခံပုဂ္ဂိုလ်အား ချမ်းသာစေလိုသော သဘောလည်းပါ၏။ သို့အတွက် သတ္တ၀ါတို့အား ဘေးမဲ့ပေးခြင်၊ သတ္တ၀ါတို့၏ အသက်အိုးအိမ် စည်းစိမ်တို့ကို သတ်ဖြက်, လုယက်, ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဘေးရန်အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ခြင်းတို့သည်လည်း ဒါနတွင် အကျုံးဝင်၏။
(စရိယာ၊ ၂၉၇)

ဒါနသည်

(က) လွတ်လွတ်စွန့်ကြဲခြင်း လက္ခဏာရှိ၏။

(ခ) လှူဖွယ်ဝတ္ထု၌ ငြိတွယ်တပ်မက်သောလောဘကို ဖျက်ဆီးခြင်းကိစ္စရသနှင့် အပြစ်ကင်းခြင်း သမ္ပတ္တိရသရှိ၏။

(ဂ) လှူဖွယ်ဝတ္ထု၌ ငြိတွယ်မှုမရှိခြင်းဟူသော အခြင်းအရာနှင့် ဘ၀စည်းစိမ်နှင့် ပြည့်စုံခြင်းဟူသော အကျိုးရှိ၏။

(ဃ) စွန့်ကြဲအပ်သော ဝတ္ထုပစ္စည်းနှင့် အလှူခံပုဂ္ဂိုလ်ဟူသော နီးစွာသောအကြောင်းရှိ၏။ (စရိယာ၊ ဋ္ဌ၊ ၂၇၃)

ဒါန၏ သဘော

ဒါနဖြစ်မြောက်ရန် အကြောင်း ၄ - ပါးပြည့်စုံရ၏။

(၁) လှူဒါန်းသူ

(၂) လှူဖွယ်ဝတ္ထု

(၃) လှူလိုသော စေတနာနှင့်

(၄) အလှူခံပုဂ္ဂိုလ်တို့ပြည်စုံမှ လှူဒါန်းနိုင်၏။

ဤအကြောင်း ၄-ပါးတွင် လှူဖွယ်ဝတ္ထုနှင့် လှူဒါန်းလိုသော စေတနာတို့သည် ပဓာနဖြစ်ကြ၏။ လှူဖွယ်ဝတ္ထုပစ္စည်းလည်းရှိမှ လှူဒါန်းလိုသော စေတနာလည်းရှိမှ အလှူဖြစ်မြောက်သည်။

သို့အတွက် လှူဖွယ်ဝတ္ထု ကို ဝတ္ထုဒါနဟုခေါ်၏။

လှူဒါန်းလိုသော စေတနာကို စေတနာဒါန ဟုခေါ်၏။

ထပ်မံ၍ ဆန်းစစ်လျှင် အလှူရှင်၊ လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့သည် ပညက်တရားများဖြစ်ကြ၏။ လှူလိုသော စေတနာကသာလျှင် ပရမတ်တရားများ ဖြစ်ကြ၏။ စေတနာကို ကံဟုခေါ်၍ ကံသာလျှင် ပစ္စုပ္ပန်အကျိုးနှင့် တမလွန်အကျိုးတို့ကို ဖြစ်ထွန်းစေ၏။ ထိုစေတနာသည် အလှူခံပုဂ္ဂိုလ်၏ အကျိုးစီးပွားကို ရှေ့ရှုလျှင် အပြစ်ကင်းသဖြင့် ကုသိုလ်ကံဟုခေါ်ဆိုရပြီး ကောင်းကျိုးပေးလိမ့်မည်။

ထိုစေတနာသည် အလှူခံပုဂ္ဂိုလ်အာ ထိခိုက်နစ်နာစေလိုသော ရည်ရွယ်ချက်ရှိလျှင် အပြစ်ရှိသဖြင့် အကုသိုလ်ကံဟု ခေါ်ဆိုရပြီး မကောင်းကျိုးပေးလိမ့်မည်။

အပြစ်ကင်းသော အလှူပေးခြင်း စေတနာကို ဖြစ်ပေါ်စေသော အကြောင်းရင်း ၂-ပါးမှာ အလောဘနှင့် အဒေါသတို့ဖြစ်ကြ၏။ အလောဘသည် လောဘ၏ ဆန့် ကျင်ဘက်ဖြစ်ပြီး မကပ်ငြိမတွယ်တာခြင်း၊ လွတ်လပ်စွန့်ကြဲနိုင်ခြင်း (non-attachment, generosity) သဘောရှိ၏။

အဒေါသသည် ဒေါသ၏ဆန့်ကျင်းဘက်ဖြစ်ပြီး မထိခိုက်မနစ်နာစေလိုခြင်း၊ မပြစ်မှားလိုခြင်း၊ချမ်းသာစေလိုခြင်း (goodwill, Loving kindness) သဘောရှိ၏။

အလောနှင့် အဒေါသတို့သည် ကုသိုလ်ဟိတ်=ကောင်းမှုဖြစ်စေသော အကြောင်းရင်းများ ဖြစ်ကြ၏။ ဤဟိတ်နှစ်ပါးအကြောင်းစုံ၍ အလှူပေးလျှင် ဒွိဟိတ်ကုသိုလ်ဖြစ်၏။

ကံ-ကံ၏အကျိုးကိုသိမြင်သော ပညာ=အမောဟသည်လည်း ကုသိုလ်ဟိတ်တစ်ပါးဖြစ်၏။ ကံ-ကံ၏အကျိုးသဘောကို ဆင်ခြင်သိမြင်ပြီးဒါနပြုလျှင် ထို့အလှူစေတနာသည် အလောဘ, အဒေါသ, အမောဟဟူသော ဟိတ်သုံးပါးတို့နှင့် ယှဉ်သဖြင့် တိဟိတ်ကုသိုလ်ဖြစ်၏။

တိဟိတ်ကုသိုလ်သည် ဒွိဟိတ်ကုသိုလ်ဖြစ်စေရန် ကံ-ကံ၏အကျိုးသဘောကို ယုံယုံကြည်ကြည် ဆင်ခြင်၍ ပေးလှူရမည်။

အလှူရှင်+လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့သည် မတည်မြဲခြင်း - အနိစ္စသဘော - ဆင်းရဲခြင်းသဘော၊ အစိုးမရခြင်း - အနတ္တ သဘောတို့ရှိကြည်သည်ကို ဆင်ခြင်၍ လောဘဖြင့် ကပ်ငြိတပ်မက်ခြင်းမရှိဘဲ လွတ်လွတ်ကျွတ်ကျွတ် စွန့်ကြဲလှူဒါန်းနိုင်လျှင် ပို၍ကောင်းပါသည်။

မိုးကုတ်ဆရာတော်ဘုရားသည် လှူဒါန်းပူဇော်ခြင်းမပြုမီ အလှူရှင်တို့အား ငါးမိနစ်ကြာ တရားရှုမှတ်စေပြီး ခန္ဓာကိုယ်၌ ဖြစ်ပေါ်လာသော ဒုက္ခဝေဒနာမှတဆင့် ဒုက္ခသစ္စာသဘောကို ဆင်ခြင်စေ၏။ ထို့နောက် ဝဋ်ဆင်းရဲမှ ထွက်မြောက်ရာ နိဗ္ဗာန်သို့ ၀င်ရောက်ရန် ရည်မှန်းလျက် လှူဒါန်းစေ၏။ အလှူဒါန၏အကျိုးကို နိဗ္ဗာန်သို့ တန်းတန်းမတ်မတ် ဦးတည်စေခြင်းဖြစ်သည်။

ထို့အပြင် ဒါနသဘောတွင် အပြစ်ကင်းမှု၊ သူတစ်ပါးတို့အား၊ ဘေးရန်ကင်စေမှုတို့ ပါဝင်သည့်အတွက် ဒါနသည် ၀ိရတိစေတသိတ် ၃-ပါး ကိုလည်းကိုယ်စားပြု၏။

ဝိရတိစေတသိတ် ၃-ပါးမှား အောက်ပါ သီလမဂ္ဂ ၃-ပါးပင်ဖြစ်သည်။

သမ္မ၀ါစာ = ကောင်းစွာပြောဆိုခြင်း။ ၀စီဒုစရိုက်၎ပါးမှ ရှောင်ကြဉ်၍ မှန်ကန်အကျိုးရှိသော စကားကို ပြောဆိုရန်ဖြစ်၏။

သမ္မာကမ္မန္တ = ကောင်းစွာပြုလုပ်ခြင်း။ ကာယဒုစရိုက် ၃-ပါးမှ ရှောင်ကြဉ်၍ အပြစ်ကင်းသော အလုပ်ကို ပြုလုပ်ရန်ဖြစ်၏။

သမ္မာအာဇီဝ = ကောင်းစွာအသက်မွေးခြင်း။ ကာယဒုစရိုက် ၃-ပါးနှင့် ၀စီဒုစရိုက် ၄-ပါး တို့မှ လွတ်ကင်းသော အသက်မွေးမှုအလုပ်ဖြင့် အသက်မွေးမြူရန်ဖြစ်၏။

ဤသီလမဂ္ဂင် ၃-ပါးကို ငါးပါးသီလ စောင့်ထိန်းခြင်းဖြင့် ဖြည့်နိုင်၏။ သို့အတွက် ငါးပါးသီလကို မဟာဒါနငါးပါး ဟုခေါ်၏။ ငါးပါးသီလတွင် ဒါနသဘောပါဝင်ပြီး ဒါနတွင် သီလသဘောပါဝင်ခြင်းကို ဖော်ပြ၏။

..................။.................

“ ကိုယ်တည်း … တစ်ယောက်၊ ချမ်းသာရောက်ဖို့၊

ခုလောက်ကြိုးကုတ်… အားမထုတ်ဘူး၊ ဗုဒ္ဓမြတ်စွာ၊ သာသနာ၏၊

ရှည်ကြာအဓွန့်၊ ရောင်လျှံကွန့်ဖို့၊ စွန့်စွန့်စားစား၊

ငါကြိုးစားသည်၊ စိတ်ထားငါ့မှာ အမြဲတည်း”


မြတ်သောဓမ္မဒါန ပိုစ့်ရေးသားတင်ပေးသော အစ်ကိုစောမောင် ၊ ကိုဖြိုး (သစ္စာခရီးသည်) ယနေ့ နက်ဖြန် နောင်သံသရာ ဘ၀ဆက်တိုင်း ငြိမ်းချမ်းခြင်းလေဟာနယ်မှာ ပျော်ရွှင်ခြင်းပန်းလေးတွေကောက်လို့ သောကအပူအပင်ဟူသမျှ မြူမူံမျှမကျန်ရှိပဲ ကမ်းစပ်ပင်လယ်လို ထာဝရ ကင်းဝေးကာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး မိမိဖြစ်ချင်သော ဘ၀နှင့် ဆန္ဒထပ်တူကျပါစေလို့ တောသူမလေးမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

No comments:

Post a Comment