ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 16 May 2011

စဏ္ဍာလီဝိမာန၀တ္ထု -၁


မြတ်စွာဘုရားသည် ရာဇဂြိုလ်မြို့၌ သီတင်းသုံးနေတော်မူသည်ရှိသော် နံနက်မိုးသောက်ထအခါ၌ ဘုရားရှင်တို့ အလေ့အကျက်အားလျော်စွာ မဟာကရုဏာသမာပတ်ကို ၀င်စားရာမှ ထ၍ လောကကို ကြည့်ရူတော်မူသည်ရှိသော် ထိုရာဇဂြိုလ်မြို၌ပင်လျှင် စဏ္ဍလီအမယ်အို၏ သက်တမ်းကုန်(သေချိန်နီး) နေသည့် စဏ္ဍာလီမည်သော အမယ်အိုကို၎င်း ထိုစဏ္ဍာလီအမယ်အို၏ ငရဲ၌ ဖြစ်မည့်ကံသည်လည်း အနီးကပ်၍ တည်နေသည်ကို၎င်း မြင်တော်မူလေ၏၊ မြတ်စွာဘုရားသည် မဟာကရုဏာတော် ကောင်းစွာတိုက်တွန်းအပ်သော စိတ်ရှိသည်ဖြစ်၍ “နတ်ပြည်၌ ဖြစ်လတ္တံ့သောကံကို ဖြစ်စေ၍ ထိုအမယ်အိုအား ငရဲ၌ ဖြစ်ခြင်းကို တားမြစ်ကာ နတ်ပြည်၌ ဖြစ်လတ္တံ့သောကံကို ဖြစ်စေ၍ ထိုအမယ်အိုအား ငရဲ၌ဖြစ်ခြင်းကို တားမြစ်ကာ နတ်ပြည်၌ တည်စေအံ့” ဟု ကြံစည်တော်မူပြီး၍ များစွာသော ရဟန်းသံဃာအပေါင်းနှင့်တကွ ရာဇဂြိုလ်မြို့သို့ ဆွမ်းခံဝင်တော်မူ၏၊ ထိုအခါ၌ စဏ္ဍာလီအမယ်အိုသည် တောင်ဝှေးကို ဆွဲကိုင်ကာ ရာဇဂြိုလ်မြို့မှ ထွက်စဉ် မြတ်စွာဘုရားကို မြင်၍ ရှေးရှူမျက်နှာမူလျက် ရပ်နေလေ၏၊ မြတ်စွာဘုရားသည်လည်း ထိုအမယ်အို၏ သွားခြင်းကို တားမြစ်သကဲ့သို့ ရှေ့မှ ရပ်တော်မူလေ၏၊ ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်သည် မြတ်စွာဘုရား၏ စိတ်အလိုတော်ကို၎င်း ထိုအမယ်အို၏ အသက်ကုန်လတ္တံ့သည်ကို၎င်း သိ၍ မြတ်စွာဘုရားအား ရှိခိုးရန် အမယ်အိုအား ဂါထာနှစ်ပုဒ် ရွတ်ဆို၍ တိုက်တွန်းတော်မူ၏။

အသျှင်မာမောဂ္ဂလ္လာန်ထေရ်သည် ဂါထာနှစ်ပုဒ်ဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကို ပြောကြား၍ မိမိ၏တန်ခိုးအာနုဘော်၌တည်ကာ ထိုစဏ္ဍာလီအမယ်အို၏လည်း အသက်တမ်းကုန်သည့်အဖြစ်ကို ထင်စွာပြု၍ ထိတ်လန့်စေပြီးလျှင် မြတ်စွာဘုရားအား ရှိခိုးရန် တိုက်တွန်းလေ၏၊ ထိုစဏ္ဍာလီ အမယ်အိုသည် အသျှင်မဟာမောဂ္ဂလ္လာန်၏ စကားကို ကြား၍ ထိန်လန့်ခြင်းဖြစ်ကာ မြတ်စွာဘုရား၌ ကြည်လင်သော စိတ်ရှိလျက် ငါးပါးသောထိခြင်းဖြင့် ရှိခိုး၍ လက်အုပ်ချီလျက် ကိုယ်ကိုညွတ်ပြီးလျှင် ဘုရားသို့ရောက်သော ပီတိဖြင့် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ ရပ်တည်၏၊ မြတ်စွာဘုရားသည် “ဤမျှဖြင့် သင့်လျော်ပြီ၊ ဤစဏ္ဍာလီအား နတ်ပြည်၌ ဖြစ်ကြောင်းဖြစ်လေပြီ” ဟု ကြံစည်တော်မူ၍ နောက်ပါရဟန်းသံဃာနှင့်အတူ မြို့သို့ဝင်လေ၏၊ ထိုစဉ်တွင် အစာရှာ လှည့်လည်လာသာ နွားသားငယ်ရှိသည့် နွားမတကောင်သည် ထိုနွားသားငယ်ကြောင့်ပင် ပြေးလာလျက် ဦးချိုဖြင့် စဏ္ဍာလီအမယ်အိုကို ဝှေ့၍ ဇီဝိတိနြေ္ဒမှ ချလေ၏။

စဏ္ဍာလီသည် ထိုဘ၀မှ စုတေခဲ့၍ တာဝတိံသာနတ်ဘုံ၌ ဖြစ်၏၊ နတ်သမီးတထောင်တို့သည် ထိုစဏ္ဍာလီနတ်သမီး၏ အခြွေအရံတို့ဖြစ်ကုန်၏၊ ထိုခဏ၌သာလျှင် စဏ္ဍာလီနတ်သမီးသည် ဗိမာန်နှင့်တကွလာ၍ ဗိမာန်မှ သက်ဆင်းကာ အသျှင်မဟာမောဂ္ဂလ္လာန်အား ချဉ်းကပ်ရှိခိုး၏၊ ထိုနောက် အသျှင်မဟာမောဂ္ဂလ္လာန်က မေးမြန်း၍ နတ်သမီးကစဏ္ဍာလီ ဖြစ်ကြောင်းဖြေကြား၍ ကုသိုလ်ကောင်းမူကိုလည်း လျှောက်ထားလေ၏၊ ပြောဆိုကြပုံများကို စာကိုယ် ၂ ၌ ဖော်ပြပေးပါမည်။

ဤ၀တ္ထုတွင် အသျှင်မဟာမောဂ္ဂလ္လာန်၏ တိုက်တွန်းချက်ကြောင့် စဏ္ဍာလီအမယ်အိုသည် မြတ်စွာဘုရားအား လက်အုပ်ချီ၍ ရှိခိုးလိုက်သည်၊ ရှိခိုးခြင်းဖြင့်ပြီးသော ကောင်းမူကံသည် ဖြစ်ဆဲခဏ၏အစွမ်းဖြင့် နည်းလှသည်ကား မှန်၏၊ သို့ပင်ဖြစ်သော်လည်း ခေတ်ဟူသော ကောင်းမူ၏ တည်ရာပုဂ္ဂိုလ်မှာ ဘုရားရှင်ကိုယ်တော်တိုင်ဖြစ်၍ ကြီးမားလှပေရာ အကျိုး၏ ကြီးမားမူမှာလည်း အတိုင်းထက်အလွန်ပင် ဖြစ်ရပေ၏၊ ထိုမှတပါး ဗုဒ္ဓါနုဿတိအာရုံ၌ဖြစ်သော ပီတိ၏ ဖြစ်ဆဲခဏ၌ ပညာသတိတို့၏ သန့်ရှင်းစင်ကြယ်ခြင်းကြောင့်လည်း ဤမျှ အကျိုးကြီးမားရခြင်းဖြစ်ကြောင်း မှတ်သားသင့်လှပေသည်။

No comments:

Post a Comment