ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 21 May 2011

ပြိတ္တာတို့နှင့် ပတ်သက်၍ အထူးမှတ်သားဖွယ်အချက်များ


အပါယ်ဘုံသားဖြစ်သော ပြိတ္တာတို့နှင့် ပတ်သက်၍ ၎င်းတို့၏ ပကတိအဆင်းအသွင်မှာ မမြင်ဝံ့အောင် ဆိုးဝါးကြောင်း ပေတ၀တ္ထုတို့တွင် များစွာတွေ့ရ၏၊ ပကတိအသွင်ဆိုးဝါးလှရာတွင် အကုသိုလ်အကျိုးကြောင့် အင်္ဂါကြီးငယ်ချွတ်ယွင်းမူများ ယားနာစသော ဝေဒနာနှိပ်စက်မူများကလည်း ထပ်လောင်း၍ ဆိုးသည်ထက် ဆိုးအောင် ကူပံ့ပေသေးရာ အဘယ်မှာလျှင် ရူဝံ့စရာရှိချေအံ့နည်း၊ ထို့ကြောင့် ရံဖန်ရံခါ ကံအားလျော်စွာ ပကတိသွင်ပြင်ကို လူသားတို့တွေ့မြင်ရသောအခါ၌ ကြောက်လန့်၍ သွားကြ၏၊ တမင်ပြုပြင်၍ ချောက်လှန့်သည်မဟုတ်သော်လည်း ဆိုးဝါးသော အသွင်ကြောင့် ချောက်လှန့်သကဲ့သို့ ဖြစ်သဖြင့် ချောက်လှန့်သည် (တဇ္ဇေတိ-ချောက်လှန့်၏ ဟူသောပါဠိအရ ဇ္ဇေချောက်သည်) ဟု ပြောဆိုကြ၏၊ ရံဖန် ရံခါ ချောက်လှည့်သည့်အခါလည်း ရှိသေး၏၊ မြတ်စွာဘုရားသည် သူစိလောမဘီလူးအား ချွတ်ရန် သူစိလောမ၏ နေရာသို့သွားရာ သူစိလောမဘီလူးက ချောက်လှန့်၍ လွှတ်သကဲ့သို့ ပြိတ္တာများက ချောက်လှန့်တတ်သေးသည် ဟူ၍လည်း မှတ်သင့်၏။

ပြိတ္တာတို့သည် အစားအသောက်နှင့် ပတ်သက်၍ ထမင်းတလုံး ရေတပေါက် စားသောက်ရမူ မရှိ၊ ငတ်မွတ်နေရသည်သာများကြောင်း ပေတ၀တ္ထုတို့အရ သိရှိနိုင်၏၊ စားသင့်၍ စားရလျှင် ၎င်းတို့၏ အာဟာရမှာ လူတို့၏ တံတွေးနှပ် အညစ်အကြေး စသော စက်ဆုပ်ရွံရှာဖွယ်များသာ ဖြစ်ကြောင်း ထိုထို ပါဠိအဋ္ဌကထာတို့၌ ဆို၏၊ ရံဖန် ရံခါ လူတို့စွန့်ပစ်သော လက်ဆေးရေခွက်မှ ထမင်းအစအနများ စွန့်ပစ်သော ထမင်းကျန် ဟင်းကျန်များကိုလည်း ရှာဖွေစားသောက်ကြရ၏၊ ထိုသို့ မြို့တွင်းရွာတွင်းတို့၌ သွားလာရှာဖွေစားသောက်နေထိုင်ကြသော်လည်း ၎င်းတို့၏ ကမ္မဇိဒ္ဓိ တန်ခိုးကြောင့်ဖြစ်စေ ဆေးမြစ်တန်ခိုးကြောင့်ဖြစ်စေ ၎င်းတို့ကို လူတို့က မမြင်ကြရပေ၊ ထိုအကြောင်းကို မဇ္ဈိမပဏ္ဏာသအဋ္ဌကထာလာ သီဟိုဠ်ကျွန်း အနုရာဓမြို့၌ ဖြစ်သော အောက်ပါဝတ္ထုကြောင့်ဖြင့် သိသာနိုင်လေသည်။

တယောက်သော ဘီလူး ပြိတ္တာမသည် သားငယ်နှစ်ယောက်တို့ကို ထူပါရုံ ဘုရားမုခ်ဝ၌ ထားခဲ့ပြီးလျှင် အစားအစာရှာဖွေရန် မြို့တွင်းသို့ ၀င်လေ၏၊ သားငယ်နှစ်ယောက်တို့သည် ဆွမ်းခံကြွသော မထေရ်တပါးကိုမြင်၍ “အရှင်ဘုရား အကျွန်ုပ်တို့၏ မိခင်သည် မြို့တွင်းသို့ ၀င်သွားပါ၏၊ ထိုမိခင်အား “ရ ရသမျှအစားအစာကို ယူ၍ အမြန်ပြန်လာပါလော့၊ သင်၏သား နှစ်ယောက်တို့သည် ဆာလောင်လှပြီ၊ ရပ်တည်ခြင်းငှါပင် မစွမ်းနိုင်တော့ပါ” ဟု ပြောကြားပါလော့” ဟု မှာ၏၊ “သင်တို့၏ မိခင်ကိုငါသည် အဘယ်သို့လျှင် မြင်ပါအံ့နည်း” ဟု မထေရ်ကပြောလျှင် “ဤဆေးမြစ်ကိုယူသွားပါ” ဟု ဆိုကာ ဆေးမြစ်တခုကို မထေရ်အား ပေးလေ၏၊ ဆေးမြစ်ကိုရလျှင် မထေရ်သည် ဘီလူး ပြိတ္တာထောင်ပေါင်းများစွာတို့ကို မြင်ရလေ၏၊ ထိုမထေရ်သည် ဘီလူးပြိတ္တာငယ်နှစ်ဦး၏ ပေးထားသော အမှတ်အသားဖြင့် ထိုဘီလူးပြိတ္တာမကြိးကို ဆိုးဝါး၍ ကြောက်မက်ဖွယ် ကောင်းသော အဆင်းဖြင့် လမ်းပေါ်၌ ကိုယ်ဝန်အညစ်အကြေးကို စောင့်မြှော်နေခိုက် တွေ့မြင်ရ၍ ထိုမှာလိုက်သော အကြောင်းကို ပြောပြလေ၏၊ အဘယ်ကြောင့် သင်ရဟန်းသည် အကျွန်ုပ်ကို မြင်ပါသနည်းဟု ဆိုသော် ရဟန်းက ဆေးမြစ်ကို ထုတ်၍ပြလေရာ ထိုဘီလူးပြိတ္တာမသည် ဆေးမြစ်ကို လုယက်၍ ပြေးလေ၏။ ၁

ဤ၀တ္ထုကြောင်းဖြင့် ဘီလူးပြိတ္တာတို့သည် သားငယ်သမီးငယ်တို့ကို မွေးဖွားကြောင်း ဆေးမြစ်တန်ခိုးဖြင့် ၎င်းတို့ကိုယ်ကို ကွယ်စေနိုင်၍ ဆေးမြစ်တန်ခိုးဖြင့်ပင် ၎င်းတို့ကို မြင်နိုင်ကြောင်း ကိုယ်ဝန်အညစ်အကြေး စသည်ကို စားသောက်နေထိုင်ကြောင်းတို့ကို သိနိုင်လေသည်။

ပြိတ္တာတို့နှင့် လူတို့ဆက်ဆံရေးမှာကား ပြိတ္တာတို့သည် ကိုယ်ထင်ရှားပြပြီး မိမိဆင်းရဲဒုက္ခကို ပြောပြ၍ လူတို့အား ဒါနပြုပြီးလျှင် အလှူအဘို့ကို ရည်ညွှန်းအမျှပေးဝေပါရန် ပြောဆိုခြင်းစသော ရိုးရိုး ဆက်ဆံမူများအပြင် ထူးထူးဆန်းဆန်းအိမ်ထောင်ရေးဖြင့် ဆက်ဆံသောပြိတ္တာမျိုးလည်း ရှိသေးကြောင်း ပေတ၀တ္ထုအရသိနိုင်၏၊ ဤပေတ၀တ္ထုလာ သုတ္တပေတ၀တ္ထုနှင့် ပါဋလိ ပုတ္တပေတ၀တ္ထု ၂ တွင် ပြိတ္တာက လူမကိုဆောင်ယူ၍ မယားအဖြစ်ထားပုံကို တွေ့ရသည်၊ ကဏ္ဏမုဏ္ဍပေတိ ၃ ၀တ္ထုတွင်မူ ပြိတ္တာမက ဗာရာဏသီမင်းနှင့် မွေ့လျော်ပုံကို ဖော်ပြထားလေသည်။

ပါဠိတော်မြန်မာပြန်တွင် ဇာတ်လမ်းမပေါ်သဖြင့် အဋ္ဌကထာအရ အမြွက်မျှ ဖော်ပြရသော် သုတ္တပေတ္တ၀တ္ထုမှာ မြတ်စွာဘုရားမပွင့်မီ အနှစ် ၇၀၀-ကျော်က သာဝတ္ထိမြို့၏ မနီးမဝေး ရွာတရွာတွင် လူငယ်တဦးသည် ပစ္စေကဗုဒ္ဓါတပါးကို လုပ်ကျွေးဘူး၏၊ ထိုလူငယ် အရွယ်သို့ ရောက်သော် အမျိုးသမီးတဦးနှင့် ထိမ်းမြားရာ ထိမ်းမြားသောနေ့၌ပင် သူငယ်ချင်းများနှင့် မြစ်ဆိပ်သို့ သွားပြီး ရေချိုးရာမှ မြွေကိုက်ခံရ၍ သေဆုံးလေ၏၊ ပစ္စေကဗုဒ္ဓါအား လုပ်ကျွေသော ကုသိုလ်ရှိသော်လည်း အမျိုးသမီး၌ စွဲလမ်းသောစိတ်ကြောင့် ပြိတ္တာဖြစ်ရလေသည်၊ သို့သော် ကုသိုလ်ဟုန်ကြောင့် တန်ခိုးကြီးလေသည်။

ထိုပြိတ္တာသည် ဗိမာန်ဖြင့်နေ၍ အမျိုးသမီးကို စွဲလမ်းနေသဖြင့် တနေ့တွင် တန်ခိုးဖြင့် အမျိုးသမီးကို ကုသိုလ်ပြုစေပြီးလျှင် ၎င်း၏ဗိမာန်သို့ ဆောင်ယူလေသည်၊ အမျိုးသမီး၏ မိခင်အားလည်း အိုးခွက်တို့နှင့် အပြည့် ရွှေငွေတို့ကို ပေးခဲ့လေသည်၊ အမျိုးသမီးသည် ထိုဗိမာန်၌ ချစ်သူဖြစ်သော နတ်ပြိတ္တာနှင့် အနှစ် ၇၀၀-လုံးလုံး နေထိုင်လေသည်၊ အနှစ် ၇၀၀-နေထိုင်ပြီးနောက် ငြီးငွေ့သဖြင့် လူ့ပြည်ပြန်ခွင့်တောင်း၍ နတ်ပြိတ္တာက လိုက်ပို့ရာ လူ့ပြည်သို့ ရောက်သော် အိုမင်း၍ သွားကာ ၇-ရက်အတွင်း ကုသိုလ်ကောင်းမူတို့ကို ပြုလုပ်ပြီး ကွယ်လွန်သွားလေသည်။

ဤ၌ လူ့အဖြစ်ဖြင့် နတ်ပြိတ္တာထံ၌ အနှစ် ၇၀၀-နေထိုင်ခြင်း အနှစ် ၇၀၀-လုံး နုပျိုနေခြင်းတို့မှာ နတ်၌ဖြစ်သော ဥတုအာဟာရတို့က ထောက်ပံ့သည်၏အဖြစ်ကြောင့်၎င်း ကံ၏ အာနုဘော်ကြောင့်၎င်း ဤမျှလောက် ကာလပတ်လုံး ငယ်ရွယ်နုနယ်သော အခြင်းအရာဖြင့် တည်နေနိုင်ကြောင်း လူ့ပြည်သို့ ရောက်သွားသောအခါ လူတို့၏ ဥတုအာဟာရ၏ အစါမ်းကြောင်း အိုမင်းသွားရကြောင်း အဋ္ဌကထာ၌ ပြဆိုထားပေသည်၊ ပါဋလိပုတ္တ ပေတ၀တ္ထုတွင်မူ ပြိတ္တာနှင့် လူအမျိုးသမီး တနှစ်ပေါင်းဖော် နေကြောင်းဆို၏။

ကဏ္ဏမုဏ္ဍပေတ၀တ္ထုမှာ ကဿပဘုရားရှင်လက်ထက်က ဥပါသိကာမတဦးသည် သေသောက်ကြူးနှင့် မှောက်မှားမိပြီး မိမိ၏လင် ဥပါသကာအား လိမ်လည်လှည့်ဖျား၍ “မှောက်မှားမိလျှင် ဘ၀တိုင်း ခွေးစားခံရပါစေ” ဟု ကျိန်ဆိုခဲ့ဘူး၏၊ ထိုဘ၀မှ ကွယ်လွန်လေသော် ထိုမိန်းမသည် ဟိမ၀န္တာ ကဏ္ဏမုဏ္ဍအိုင်အနီး၌ ပြိတ္တာမဖြစ်၍ နေ့၌ ကဿပဘုရားလက်ထက်က တရားအားထုတ်ခဲ့သော ကောင်းမူကြောင့် နတ်စည်းစိမ်ကို ခံစားရပြီး ည၌မူ လိမ်လည်ကျိန်ဆိုခဲ့မူကြောင့် ခွေးနက်ကြီးတကောင်၏ အစားကို ခံရလေ၏၊ နှစ်ပေါင်းများစွာ ကြာသော် ယောက်ျားမရှိသဖြင့် ငြီးငွေ့သောကြောင့် သရက်သီးကိုမျှော၍ လူ့ပြည်မှ လူသားတို့ကို သွေးဆောင်ခေါ်ယူရာ ဗာရာဏသီမင်းကြီးကိုယ်တိုင် ထိုပြိတ္တာမထံသို့ သွားရောက်ကာ ပြိတ္တာမနှင့် ပေါင်းသင်းနေလေ၏၊ နောက်ကာလ၌ တညသောအခါ ပြိတ္တာမ ခွေးစားခံရသည်ကို မင်းကြီးတွေ့မြင်၍ အကြောင်းစုံကို မေးမြန်းသိရှိလေသော် ဗာရာဏသီပြည်သို့ ပြန်သွားလေသည်။

ဖော်ပြပါ ၀တ္ထုတို့ကို ထောက်ထားလျှင် တန်ခိုးရှိသော ပြိတ္တာမျိုးတို့သည် လူတို့နှင့် အကြင်လင်မယားအဖြစ် ပေါင်းသင်းနထိုင်နိုင်ကြကြောင်း ဘ၀ခြားလင့်ကစား နှစ်ပေါင်းကြာမြင့်စွာ အတူတကွ ပျော်ပျော်ရွှင်ရွှင်နေကြောင်း သိရပေသည်။

အမ္ဗ၀နပေတ၀တ္ထု ၁ တွင် သူကြွယ်ဘ၀မှ ဆင်းရဲသွားသောသူတဦးသည် သမီးကို မိတ်ဆွေအိမ်တွင် ခေတ္တထားခဲ့၍ ကုန်ကူးသွားရာ ငွေငါးရာရကြောင်း ငွေငါးရာနှင့် ပြန်လာရာ၌ ခိုးသူတို့နှင့်တွေ့၍ ငွေကို တနေရာ၌ ၀ှက်ထားပြီး ပုန်းနေစဉ် တွေ့သွားသဖြင့် အသတ်ခံရကြောင်း ငွေကိုစွဲ၍ ပြိတ္တာဖြစ်သွားပြိးနောက် အခြားမိတ်ဆွေလှည်းကုန်သည်များကို တွေ့သောအခါ၌ ကိုယ်ထင်ပြ၍ အကျိုးအကြောင်းပြောပြကာ ငွေငါးရာကို ထုတ်ဖော်ပေးပြီး သမီးအား တ၀က်ပေးရန်နှင့် ကုသိုလ်ပြုရန် မှာကြားကြောင်း သမီးက ယာဂုဆွမ်းနှင့် သရက်သီးကိုလှူ၍ ရည်ညွှန်းမှ ချမ်းသာသုခရရှိကြောင်းများ ပါရှိရာ ပြိတ္တာတို့သည် မိမိသားသမီးစသည်တို့အား ငွေကြေးစသော ၀တ္ထုပစ္စည်းများကို ပေးကမ်းနိုင်ကြောင်းကိုလည်း သိရ၏။

ပြိတ္တာတို့သည် တံတွေး နှပ် စသော လူတို့၏ အညစ်အကြေးတို့ကို ရှာဖွေစားသောက်နေထိုင်ရကြောင်းနှင့် ဆိုးဝါးယုတ်ညံ့သော အသွင်အပြင်ကို ကမ္မဇိဒ္ဓိခေါ် ကံတန်ခိုးဖြင့် ဖြစ်စေ ဆေးမြစ်တမျိုးမျိုး၏ အစွမ်းဖြင့်ဖြစ်စေ ကွယ်၍ နေတတ်ကြောင်း အထက်၌ အတန်ငယ် ဖော်ပြခဲ့ပြီး ဖြစ်၏၊ ယုတ်ညံ့သော အာဟာရတို့ကို စားသောက်အသက်မွေးရသူတို့ဖြစ်သည်အားလျော်စွာ ပြိတ္တာတို့သည် သေလွန်သောအခါ ၎င်းတို့၏ ကြမ်းတမ်းသော ခန္ဓာကိုယ်ကို ကွယ်၍မထားနိုင်ကြကုန်၊ ပကတိ အဆင်းအသွင်အတိုင်း ထားခဲ့ရန်လည်း မဖြစ်သဖြင့် ပြိတ္တာတို့ ကွယ်လွန်သောအခါ၌ သားတိရစ္ဆာန်ပိုးမွှားစသော အကောင်တမျိုးမျိုးအဖြစ် ပြောင်းလဲ ထားရစ်ခဲ့ရကြောင်း မိလိန္ဒပဥှာတွင် ဆိုထားပေသည်။

မိလိန္ဒပဥှာ ၂၌ “မင်းမြတ် သေကုန်သော ဘီလူး(ပြိတ္တာ)တို့၏ ကိုယ်ကောင်ကို တွေ့မြင်ရ၏၊ ထိုဘီလူး(ပြိတ္တာ)တို့၏ အပုပ်နံ့သည်လည်း လိုင်၏၊ မင်းမြတ် သေကုန်သော ဘီလူး(ပြိတ္တာ)တို့၏ ကိုယ်ကောင်ကို ပိုးကောင်အသွင်ဖြင့်လည်း တွေ့မြင်ရပါ၏၊ ပေါက်ဖတ်အသွင်ဖြင့်လည်း တွေ့မြင်ရ၏၊ ခြပုန်းအသွင်ဖြင့်လည်း တွေ့မြင်ရ၏၊ ပိုးနှံကောင်အသွင်ဖြင့်လည်း တွေ့မြင်ရ၏၊ ကင်းခြေများ အသွင်ဖြင့်လည်း တွေ့မြင်ရ၏၊ ငှက်အသွင်ဖြင့်လည်း တွေ့မြင်ရ၏၊ သမင်အသွင်ဖြင့်လည်း တွေ့မြင်ရ၏” ဟု မိလိန္ဒမင်းအား အသျှင်နာဂသေန ဖြေကြားထား၏။


No comments:

Post a Comment