ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 11 May 2011

လူလေးမျိုး


လူဟူရာ၌လည်း အဋ္ဌကထာ တွင် လေးမျိုးပြထားသေးသည်၊ ထိုလေးမျိုးကို ဖော်ပြရန်လိုအပ်လှသဖြင့် ဖော်ပြဦးမည်၊ လူသည် သာမညအားဖြင့် တမျိုးတစ်စားတည်းသာ ဖြစ်သော်လည်း အထူးပြု၍ ခွဲဝေရလျှင် -

(၁) မနုဿနေရယိက = လူ့ငရဲသား

(၂) မနုဿပေတ = လူပြိတ္တာ

(၃) မနုဿတိရစ္ဆာန် = လူတိရ စ္ဆာန်

(၄) ပရမတ္ထမနုဿ = လူစင်စစ်

ဟူ၍ လေးမျိုးခွဲဝေရလေသည်။

(၁) မနုဿနေရယိက = လူငရဲသားဟူသည်ကား လူဇာတ်ဝင်လူသား စင်စစ်ဖြစ်လျက် သူ့ အသက်သတ်ခြင်း သူ့ဥစ္စာခိုးယူခြင်းစသော မပြုသင့်သော အမူတို့ကို ပြုလုပ်သဖြင့် ပြစ်ဒဏ်ပေးရန် ထိုက်တန်သည်နှင့် လျော်စွာ မင်းစသည်တို့က လက်ခြေဖြတ်ခြင်း စသော အပြစ်တို့ဖြင့် အပြစ်ပေးခံရသောကြောင့် ဆင်းရဲဒုက္ခကြီးစွာ ခံစာေးနရသူမျိုးဖြစ်၏။

(၂) မနုဿပေတ = လူပြိတ္တာဟူသည်ကား လူသားစင်စစ်ပင် ဖြစ်သော်လည်း ရှေးကပြုခဲ့ဘူးသော မကောင်းမူကြောင့် (ရှေးကကောင်းမူကို မပြုခဲ့သောကြောင့်) အစားအစာ အ၀တ်အထည်ကိုမျှလည်း မရရှိ ဆာလောင်ခြင်းဆင်းရဲဖြင့် နှိပ်စက်ခံနေရသည်ဖြစ်၍ ဆင်းရဲကြီးစွာဖြင့် ရပ်တည်ရာမရ ကတိမ်း ကပါး ပြေးလွှားရှာဖွေနေရသူမျိုးဖြစ်၏။

(၃) မနုဿတိရစ္ဆာန် = လူတိရစ္ဆာန် ဟူသည်ကား လူလူချင်းအတူတူ ဖြစ်သော်လည်း သူတပါးနှင့်စပ်၍ အသက်မွေးရသဖြင့် သူတပါးတို့၏ တာဝန်ဝတ်တရားကို ထမ်းဆောင်လျက် မနေမနား သွားလာနေရသူမျိုးနှင့် လူလောက စည်းမျဉ်း ဥပဒေကို ကျော်နင်းဖျက်ဆီး၍ မလုပ်အပ်သည်ကို လုပ်သဖြင့် အစိုးရမင်းစသော တပါးသူတို့၏ ခြိမ်းချောက်မူကြောင့် သေဘေးကို ကြောက်၍ တောချုံပိပေါင်းကို ခိုမှီဝင်အောင်းကာ အိပ်လိုခြင်း ဆာလောင်ခြင်း ဆင်းရဲကို ပယ်ဖျောက်ရုံမှတပါး အခြားမည်သည့် အကြောင်းအကျိုးဟုတ်သည် မဟုတ်သည်ကိုမျှ မစဉ်းစားနိုင်ပဲ ဒုက္ခကြီးစွာ လှည့်လည်ပြေးလွှားနေရသူမျိုး ဖြစ်၏။

(၄) မရမတ္ထမနုဿ = လူစင်စစ်ဟူသည်ကား မိမိ၏ အကျိုးစီးပွားကို သိ၍ ကံကံ၏အကျိုးကို ယုံကြည်ကာ မကောင်းမူမှ ရှက်ခြင်း ကြောက်ခြင်းဟု ဆိုအပ်သော ဟိရိသြတ္တပ္ပနှင့် ပြည့်စုံပြီးလျှင် သတ္တ၀ါတို့အပေါ်၌ သနားခြင်းရှိသည့်ပြင် သံဝေဂတရားရှိသည့်အလျောက် အကုသိုလ် ကမ္မပထတရား တို့ကိုလည်း ရှောင်ကြည်ကာ ကုသိုလ်ကမ္မပထတရားတို့ကိုလည်း ကောင်းစွာကျင့်သုံး၍ ပုညကိရိယ၀တ္ထုတို့နှင့် ပြည့်စုံသော သူမျိုးပင်ဖြစ်သည်။

ဤလူလေးမျိုးတို့တွင် ၀ိမာန၀တ္ထုအရ နောက်ဆုံးဖြစ်သော ပရမတ္ထမနုဿမျိုကိုသာ ဆိုလိုပေသည်၊ သို့သော်လည်း ဘုရားအစရှိသော ပုဂ္ဂိုလ်မြတ်များ၏ အချီးအမြှောက်ကိုခံရလျှင် ကျန်သော လူသုံးမျိုးတို့သည်လည်း ၀ိမာန၀တ္ထုအရ ပါဝင်နိုင်ပေသေး၏။ (စဏ္ဍာလီစသောဝတ္ထုကိုထောက်၊ နောက်၌ ထင်ရှားလတ္တံ့)။

No comments:

Post a Comment