ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 15 May 2011

လတာဝိမာန၀တ္ထု-၂



မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ၌ သာဝတ္ထိပြည်သား ဥပါသကာတယောက်၏ သမီးသည် လတာမည်၏၊ ပညာရှိ၏၊ လိမ္မာ၏၊ ထက်မြက်စူးရှသော ဉာဏ်ရှိ၏၊ လင်အိမ်သို့ ရောက်သောအခါ လင်ကို၎င်း ယောက္ခမနှစ်ဦးကို၎င်း ကျူးလွန်၍ မကျင့်၊ ချစ်ဖွယ်သောစကားကို ဆို၏၊ အမျက်ထွက်လေ့မရှိ၊ သီလအကျင့်နှင့် ပြည့်စုံ၏၊ ပေးကမ်းဝေဖန်ခြင်း၌ မွေ့လျော်၏။ မကျိုးမပေါက်သော သီလရှိ၍ ဥပုသ်စောင့်သုံးခြင်း၌ မမေ့မလျော့ဖြစ်၏၊ ထိုလတာအမျိုးသမီးသည် နောက်အဖို့၌ သေဆုံးကွယ်လွန်၍ ဝေဿ၀ဏ်နတ်မင်းကြီး၏ သမီးဖြစ်ကာလတာဟူသော အမည်ဖြင့်သာလျှင် ဖြစ်၏၊ ထိုလသာနတ်သမီးအား တပါးသော သဇ္ဇာ, ပ၀ရာ, အစ္စိမတီနှင့် သုတာဟူသော ညီမလေးဘော် တို့သည် ရှိကုန်၏၊ ထိုနတ်သမီး ညီအစ်မငါးဦးတို့ကိုလည်း သိကြားမင်းသည် ဆောင်ယူ၍ ကခြေသည်အဖြစ်ဖြင့် အလုပ်အကျွေးအရာ၌ ထား၏၊ လတာနတ်သမီးသည် အကအဆိုစသည်၌ လိမ္မာ ကျွမ်းကျင်သဖြင့် အကြီးအမှူးဖြစ်လေ၏။



ထိုနတ်သမီးတို့သည် တပေါင်းတည်းစု၍ ချမ်းသာစွာ နေထိုင်ကြစဉ် ကောင်းစွာ သီဆိုခြင်း၌ ကျွမ်းကျင်မူကို စွဲ၍ အငြင်းအခုံ ဖြစ်၏၊ ထိုနတ်သမီးတို့သည် ဖခင် ဝေဿ၀ဏ်နတ်မင်းကြီးထံသို့ သွား၍ “ခမည်းတော် သမီးတော်တို့တွင် အဘယ်သမီးတော်သည် ကခြင်းစသည်တို့၌ အကောင်းဆုံး ဖြစ်ပါသနည်း” ဟု မေးကုန်၏၊ ဝေဿ၀ဏ်နတ်မင်းကြီးက “ချစ်သမီးတို့ သွားကြကုန်၊ အနောတတ်အိုင်၏ ကမ်းပါး နတ်သဘင်အစည်းအဝေး၌ ကောင်းစွာသီဆိုခြင်း ဖြစ်စေကုန်လော့။ ထိုအစည်းအဝေး၌ သင်တို့၏ ထူးခြားမူသည် ထင်ရှားလတ္တံ့” ဟု ဆို၏၊ ထိုနတ်သမီး နတ်သားတို့သည် လာတာနတ်သမီး ကခုန်သည်ရှိသော် မိမိနေမြဲတိုင်းသဘာဝဖြင့် ရပ်တည်ခြင်းငှါ မတတ်နိုင်ကုန်၊ ကောင်းစွာဖြစ်သော ရွှင်လန်းခြင်းရှိကြသဖြင့် ရင်သပ်ရူမော အံ့သြသောစိတ်ဖြစ်ကုန်၍ အစဉ်မပြတ် ကောင်းခြီးပေးကုန်လျက် ကျယ်လောင်စွာ ဟစ်ကြွေးကာ အ၀တ်ပုဆိုးတို့ကို မြှောက်ပင့်ဝှေ့ရမ်းခြင်း ပြုကြကုန်၏၊ ဟိမ၀န္တာတတောလုံး တုန်လူပ်သကဲ့သို့ ကြီးစွာသော အုတ်အုတ်ကျက်ကျက် အသံသည် ဖြစ်လေ၏၊ လတာနတ်သမီးမှတပါးသော နတ်သမီးတို့ ကခုန်သောအခါတို့၌ကား အေးချမ်းလှသောရာသီဖြစ်သည့် သိသိရ ရတုအခါ၌ ဥသြငှက်ကဲ့သို့ တိတ်ဆိတ်စွာ ထိုင်နေကြကုန်၏၊ ဤသို့လျှင် ထိုသီဆိုပွဲ၌ လတာနတ်သမီး၏ ထူးခြားသော ထင်ရှားကျော်ကြားမူသည် ဖြစ်လေ၏။



ထိုအခါ၌ ထိုနတ်သမီးတို့တွင် သုတမည်သော(ညီမအငယ်ဆုံး) နတ်သမီးသည် “အဘယ်ကောင်းမူကိုပြု၍ ဤအမကြီးလတာသည် ငါတို့ကို အဆင်းဖြင့်၎င်း လွှမ်းမိုး၍ တည်သနည်း၊ ငါသည် အမကြီးလတာကို မေးပေအံ့” ဟု ကြံစည်ကာ လတာနတ်သမီးကို မေး၏၊ လတာနတ်သမီးသည် ထိုသို့ဖြစ်ရခြင်းအကြောင်းကို ဖြေကြား၏၊ ထိုအကြောင်းကို ဝေဿ၀ဏ်နတ်မင်းကြီးက နတ်ပြည်သို့ ဒေသစာရီကြွချီလာသော အသျှင်မဟာမောဂ္ဂလ္လာန်အား လျှောက်ထား၏၊ မထေရ်သည် ထိုအကြောင်းကိုမေးမြန်းသော အကြောင်းရင်းမှစ၍ ဘုရားရှင်အား လျှောက်ထားလေ၏။



ထိုမေးမြန်းပုံ ဖြေကြားပုံတို့ကို ဤ၀ိမာန၀တ္ထုစာကိုယ် -၁ တွင် ဖတ်ရူနိုင်ရန် ရေးသားဖော်ပြပေပါမည်၊ ဤ၀တ္ထု၌ အမျိုးသမီးတဦး၏ လင်ကို ကျူးကျော်၍ မကျင့်ပုံ ယောက္ခမမိဘတို့၌ ရိုသေ၍ အိမ်ရှင်မပီသပုံ သီလမြဲပုံနှင့် ဥပုသ်စောင့်မပျင်းရိပုံတို့ကို ဖော်ပြထားပြီး ထိုကောင်းမူအတွက် တမလွန်တွင် တပါးသူတို့ထက် အရာရာ၌ သာလွန်ပုံကို ဖော်ပြထားသည်မှာ အိမ်ထောင်ရှင်အမျိုးသမီးတိုင်း အားကျအတုယူစရာပင် ဖြစ်သည်။



အောက်ပါစဏ္ဍာလီဝိမာန၀တ္ထုမှာ ဒါန သီလစသော ကောင်းမူလုံးဝမရှိရုံမျှသာမက စဏ္ဍာလီ အမယ်အိုသည် အထက်တွင် ဖော်ပြခဲ့သည့် လူလေးမျိုးတွင် လူပြိတ္တာအမျိုးအစား၌ပင် ပါဝင်နေပေသေးသည်၊ သို့သော် မြတ်စွာဘုရား၏ ကရုဏာတော်ကြောင့် ကောင်းမူဖြစ်ပေါ်လာပြီး ကောင်းကျိုး ခံစားရပုံကို ပေါ်လွင်ထင်ရှားစေပေသည်။

No comments:

Post a Comment