ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 11 May 2011

အသျှင်မဟာမောဂ္ဂလ္လာန်နှင့် နတ်ပြည်လောက


ဤ၀ိမာန၀တ္ထု၌ အသျှင်မာမောဂ္ဂလ္လာန်စသော ရဟန္တာအရှင်မြတ်ကြီးတို့သည် -

“ပုစ္ဆာမိ တံ ဒေ၀ိ မဟာနုဘာဝေ၊
မနုဿဘူတာ ကိမကာသိ ပုညံ။


“အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါမေးပါ၏၊ လူဖြစ်ခဲ့စဉ်က အဘယ် ကုသိုလ်ထူးကို ပြုခဲ့ပါသနည်း” ---

စသည်ဖြင့် တွေ့ရသော နတ်သမီး၏ စည်းစိမ်ကို ချီးမွမ်းပြီးနောက် လူဖြစ်ခဲ့စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့၍ ဤမျှစည်းစိမ် ခံစားနေရသနည်းဟု ဒိဋ္ဌသံသန္ဒနာ(သိလျက် နှီးနှောဆွေးနွေးလိုသော) အနေဖြင့် မေးမြန်းခဲ့သည်မှာ ဖော်ပြပါ ပရမတ္ထမနုဿဘ၀၏ မွန်မြတ်ပုံ ပဒေသာပင်ကြီးနှင့် တူပုံတို့ကို ထင်ရှားစေလိုသော မဟဇ္ဈာသယ မြတ်သောအလိုဆန္ဒ စိတ်ဓာတ်တော်ကြောင့်ပင် ဖြစ်ပေ၏၊ ထိုမှတပါး ထိုခေတ် ထိုအခါ၌ ခေတ်စားလျက် ရှိသော “ဘ၀သည် ပြတ်၏၊ တမလွန်မရှိ၊ ကောင်းမူ မကောင်းမူ အကျိုးမရှိ”စသော ဥစ္ဆေဒ၀ါဒ, နတ္ထိက၀ါဒသမားများအား တမလွန်ဘ၀ မုချရှိကြောင်းနှင့် ကုသိုလ်ကောင်းမူ၏ အကျိုးတို့ကို ထင်ရှားစေလိုသော အလိုတော်ကြောင့်လည်း ဖြစ်ပေသေးသည်။

အသျှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်ကြီးသည် နတ်ပြည်သို့ ကြွတော်မူ၍ နတ်သမီးသစ် နတ်သားသစ်များနှင့် မကြာခဏတွေ့ဆုံကာ မေးမြန်းစုံစမ်းခဲ့သည်မှာ ထိုမဟဇ္ဈာဘယဆန္ဒတော် မြတ်ကြောင့်ပင်ဖြစ်ကြောင်း ထင်ရှားရန် မထေရ်မြတ်ကြီးအကြောင်းကို အနည်းငယ်မျှ ဖော်ပြပါဦးမည်။

အသျှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်ကြီးသည် လွန်ခဲ့သော တသင်္ချေနှင့် ကမ္ဘာတသိန်းထက်က ပွင့်တော်မူသော အနောမဒဿီမြတ်စွာဘုရားလက်ထက်က လက်ျာတော်ရံ အဂ္ဂသာဝက အသျှင်သာရိပုတြာအလောင်းတော်နှင့် အတူ တွဲ၍ လက်ဝဲတော်ရံ အဂ္ဂသာဝကဆုကို တောင်းတော်မူခဲ့ပြီး တသင်္ချေနှင့် ကမ္ဘာတသိန်းတိုင်တိုင် အဂ္ဂသ၀ကပါရမီကို ဖြည့်ကျင့်တော်မူခဲ့၍ ယခုဂေါတမမြတ်စွာဘုရား ပွင့်တော်မူချိန်တွင် ရာဇဂြိုလ်ပြည်အနီး ကောလိတရွာ မောဂ္ဂလိ ပုဏ္ဏေးမ၀မ်း၌ ပဋိသန္ဓေယူ၍ ဖွားတော်မူသောအခါ ကောလိတဟု အမည်တွင်လျက် အရွယ်သို့ ရောက်သော် အတတ်ပညာအားလုံး သင်ကြားတတ်မြောက်ခဲ့လေသည်၊ တရံရောအခါ အသျှင်သာရိပုတြာအလောင်း ဥပတိဿနှင့်အတူ တောင်ထိပ်ပွဲသဘင်ကိုကြည့်ရူစဉ် သံဝေဂရ၍ တရားရှာထွက်ကြရာ ဘုရားပွင့်တော်မမူသေးသဖြင့် ထိုအချိန်က ရာဇဂြိုလ်ပြည်၌ ထင်ရှားကျော်ကြားလှသော သိဉ္စည်းဆရာကြီးအထံ၌ ပရိဗိုဇ်ပြု၍ နေရလေသည်။

နောက်မကြာမီ မြတ်စွာဘုရားပွင့်တော်မူ၍ ဓမ္မစကြာတရားကို ဟောတော်မူပြီးနောက် အစဉ်အတိုင်း ရာဇဂြိုလ်ပြည်သို့ ရောက်ဆဲအခါ တနေ့သ၌ ပဉ္စ၀ဂ္ဂီငါးဦးအပါအ၀င် အသျှင်အဿဇိမထေရ်နှင့် အသျှင်သာရိပုတြာအလောင်း ဥပတိဿပရိဗိုဇ် တွေ့ကြရာမှအစ လမ်းမှန်သို့ ရောက်ကာ မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လာပြီး “အသျှင်မဟာမောဂ္ဂလ္လာန်” ဟူသော အမည်တော်ဖြင့် ရဟန်းဖြစ်ပြီးနောက် ခုနှစ်ရက်မြောက်အချိန်တွင် မဂဓတိုင်း ကလ္လ၀ါလရွာကို အမှီပြု၍ ရဟန်းတရားကို အားထုတ်ကာ သာဝကပါရမီဉာဏ်၏ အထွတ်အထိပ်သို့ ရောက်တော်မူခဲ့သည်၊ ထို့နောက် တန်ခိုးအရာတွင် ပြိုင်ယှက်ဖက်မရှိ ဖြစ်တော်မူသည့်အတိုင်း အောက်ပါ အကြောင်းလေးချက်ကို ပဓာနပြု၍ တန်ခိုးအရာတွင် အကြီးမြတ်ဆုံး “ဣဒ္ဓမန္တဧတဒဂ္ဂ” ဘွဲ့ထားဖြင့် မြတ်စွာဘုရားက ချီးကျူးမြှောက်စားခဲ့လေသည်။

အကြောင်းလေးချက်မှာ -

(၁) နန္ဒောပနန္ဒနဂါးမင်းနှင့်တူသော နဂါးမင်းတို့ကိုသော်လည်း နှိမ်နှင်းဆုံးမနိုင်သော တန်ခိုးအာနုဘော်ရှိခြင်း။

(၂) ဤဘ၀၌သာ တန်ခိုးအာနုဘော်ကြီးသည်မဟုတ်၊ လွန်ခဲ့သော ဘ၀ပေါင်း ငါးရာတိုင်တိုင် ရသေ့ရဟန်းအဖြစ်ဖြင့် တန်ခိုးအာနုဘော်ကြီးသူ ဖြစ်ခဲ့ခြင်း။

(၃) ငရဲပြည်သို့ ကြွ၍ မိမိ၏ တန်ခိုးအစွမ်းဖြင့် ငရဲသားသတ္တ၀ါတို့အား သက်သာရာ ရစေခြင်းငှါ အေးမြစေရန် အဓိဋ္ဌာန်ပြု၍ လှည်းဘီးပမာဏရှိသော ပဒုမာကြာပွင့်ကြီးကို ဖန်ဆင်း၍ ပဒုမာကြာ၏ အလယ်ချက်ဗွေ၌ ထိုင်နေပြီးလျှင် တရားဒေသနာ ဟောကြားခြင်းနှင့် နတ်ပြည်လောကသို့ ကြွသွား၍ နတ်အပေါင်းအား ကမ္မဂတိကို သိစေ၍ သစ္စာလေးပါးတရားကို ဟောကြားခြင်း။

(၄) သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားကိုထား၍ တပါးသော မည်သည်သာဝကမှ အသျှင်မဟာာမောဂ္ဂလ္လာန် ကဲ့သို့ တန်ခိုးအာနုဘော်ကြီးသူ မရှိခြင်းတို့တည်း။

ဤအကြောင်းလေးချက်သည်ပင် အသျှင်မဟာမောဂ္ဂလ္လာန် ဣဒ္ဓိမန္တဧတဒဂ် ရခြင်း၏ အကြောင်းဖြစ်ပေသည်။

တနေ့သောအခါတွင် အသျှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်ကြီးသည် ဆိတ်ငြိမ်ရာအရပ်၌ သီတင်းသုံးတော်မူလျက် ဤသို့ ကြံစည်တော်မူမိလေသည်၊ “ယခုအခါ လူတို့သည် ၀တ္ထု၏ ပြည့်စုံခြင်း ခေတ်၏ ပြည့်စုံခြင်း မရှိသော်လည်း မိမိ၏ စိတ်ကြည်လင်မူ ပြည့်စုံခြင်းကြောင့် ထိုထိုကုသိုလ်ကောင်းမူတို့ကိုပြု၍ နတ်ပြည်လောက၌ ဖြစ်ကြကုန်ပြီးလျှင် မွန်မြတ်သော နတ်စည်းစိမ်တို့ကို ခံစားသုံးဆောင်၍ နေကြကုန်၏၊ ငါသည် နတ်ရွာ နတ်ပြည်သို့ လှည့်လည်သွားလာလျက် ထိုနတ်တို့ကို သက်သေထား၍ ထိုနတ်တို့ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမူနှင့် ရရှိခံစားရသော ကုသိုလ်ကောင်းမူ၏ အကျိုးတရားကို ပြောကြားစေ၍ ထိုအကြောင်းအရာ အပြည့်အစုံကို မြတ်စွာဘုရားအား လျှောက်ထားရမူ ကောင်းလေစွ၊ ဤသို့ လျှောက်ထားလျှင် ငါတို့၏ဆရာ မြတ်စွာဘုရားသည် ကောင်းကင်ပြင်၌ လပြည့်ဝန်းကြီးကို ထင်ထင်ရှားရှား ကြွတက်လာစေသကဲ့သို့ လူတို့၏ ကောင်းမူအကျိုးကို ပြလျက် အနည်းငယ်မျှပြုအပ်သော ကောင်းမူကိုလည်း အာရုံပြု၍ သဒ္ဓါဒအစွမ်းဖြင့် မွန်မြတ်သောအကျိုးရှိသည် အဖြစ်ကို ထင်ရှားစေတော်မူလျက် ထိုထိုသော ၀ိမာန၀တ္ထုအဋ္ဌုပ္ပတ္တိကို တရားထုံးပြုတော်မူ၍ များမြတ်သောတရားဒေသနာတော်ကို ဟောတော်မူလိမ့်လတ္တံ့၊ ထိုတရားဒေသနာတော်သည် လူများအပေါင်း၏ အကျိုးစီးပွါးအလို့ငှာ နတ်လူတို့၏ ချမ်းသာခြင်း အလို့ငှါ ဖြစ်ပေလတ္တံ့တကား”။

ထိုသို့ ကြံစည်တော်မူမိသည့်အားလျော်စွာ အသျှင်မာမောဂ္ဂလ္လာန် မထေရ်မြတ်ကြီးသည် သီတင်းသုံးရာမှ ထတော်မူကာ နှစ်ထပ်နှစ်လွှာ နီးစွာသောသင်းပိုင် ဧကသီသင်္ကန်းတို့ကို ပြုပြင်တော်မူ၍ မြတ်စွာဘုရားရှိရာသို့ ချဉ်းကပ်ပြီးလျှင် သင့်တင့်လျောက်ပတ်သောနေရာ၌ ထိုင်လျက် မိမိ၏အလိုဆန္ဒကို လျှောက်ထား၏၊ မြတ်စွာဘုရား ခွင့်ပြုအပ်သည်ရှိသော် မြတ်စွာဘုရားကို ရှိခိုးပြီး အရိုအသေပြု၍ နေရာမှထပြီးနောက် အဘိညာဉ်၏ အခြေဖြစ်သော စတုတ္ထဈာန်ကို ၀င်စား၏။ ထိုဈာန်မှ ထပြီးနောက် တန်ခိုးအစွမ်းဖြင့် တခဏခြင်းသာလျှင် တာဝတိံသာဘုံသို့ ကြွသွားပြီး ကံကို မေး၍ ဖြေဆိုစေပြိးလျှင် ထိုနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွလာခဲ့ပြီးနောက် ထိုအဖြစ် အပျက်အလုံးစုံကို မြတ်စွာဘုရားအား အကြောင်း အဋ္ဌုပ္ပတ္တိကို သဘောတူလက်ခံတော်မူ၍ ရောက်လာသော ပရိသတ်တို့အား အကျယ်အားဖြင့် ပြန်လည်ဟောကြားတော်မူ၏။

ဤသို့ဖြင့် ၀ိမာန၀တ္ထုများသည် လူ့ပြည်လောက၌ ထင်ရှား၍လာပြီးလျှင် လူ့ဘ၀၏မွန်မြတ်ပုံ ဘ၀ပဒေသာပင်ကြီးဖြစ်ပုံတို့ကို ပေါ်လွင်စေရုံမက “ဘ၀သည် ပြတ်၏” ဟူသော ဥစ္ဆေဒါဝါဒ, “ကောင်းမူ, မကောင်းမူတို့၏ အကျိုးသည် မရှိ” ဟူသော နတ္ထိက၀ါဒစသော အယူမှားသူများအားလည်း နှိမ်နှင်းသကဲ့သို့ ဖြစ်ဘိရကား ဤ၀ိမာန၀တ္ထုတရားဒေသနာသည် အလွန်အကျိုးရှိသော ဒေသနာတော်များတွင် အပါအ၀င်ဖြစ်နေပေတော့သည်။

No comments:

Post a Comment