ထို့နောက် ဘုရားအလောင်းတော်သည် ရာဇဂြိုလ်မှ တောင်အရပ်ရှိ တောအုပ်များဆီသို့ ဆက်လက် ထွက်ခွာတော်မူ၍ တာအုပ်တစ်ခုအတွင်း အာဠာရနှင့် ဥဒကရသေ့ကြီးတို့ထံ အသီးအသီး တပည့်ခံပြီး တရားအားထုတ်ရာ မကြာမီ လောကီဈာန်သမာပတ်တရားတို့ကို ရရှိတော်မူသည်။ ဘုရားအလောင်းတော်၏ ပညာအရည်အချင်းကို သိ၍ အသီးသီး ဂိုဏ်းဆရာကြီးအရာကို ပေးအပ်ကြသော်လည်း လက်မခံ၊ လောကီ ဈာန်သမာပတ်သည် သဗ္ဗညုတဉာဏ်ရနိုင်သော လမ်းစဉ်မဟုတ်ဟု ဆုံးဖြတ်ကာ ဥရုဝေလတောအုပ်သို့ ဆက်လက်သွားတော်မူသည်။
ခေါင်းခေါင်း ပါးပါး ပြင်းပြင်း ထန်ထန် ခြိုးခြံ ကျင့်နိုင်မှ တရားထူး ရမည်ဟူသော အတွေးအခေါ်များ လွှမ်းမိုးနေသောခေတ်ဖြစ်၍ အလောင်းတော်လည်း ဥရုဝေလတော၌ ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင်တိုင် ကျင့်တော်မူသည်။ အစားအစာကို စားသည်ဆိုရုံသာ စားသည်၊ တစ်နေ့လုံးမှ သစ်သီးတစ်လုံးလောက်သာ သုံးဆောင်ပြီး ပြင်းပြင်း ထန်ထန် မနေမနား တရားကျင့်တော်မူသည်၊ အစားအစာ နည်းပါး၍ ရံခါ လုံးဝမစားသည့်ပြင် အလွန်အမင်းကြိုးစားမူကြောင့် ခန္ဓာကိုယ်အသားအရေလည်း ခြောက်ကပ်သွား၏။ ၃၂-ပါးသော လက္ခဏာများ ပျောက်ကွယ်၍ ၀ါဝင်းသော အဆင်းတော်သည် ညိုမည်းသွား၏။ ၀မ်းဗိုက်သားနှင့် ကျောပြင်သည် ကပ်နေ၏။ အရိုးပေါ် အရေတင်ကာ မသေရုံတစ်မည်သာ ရှိတော့သည်။ အရိုးပြိုင်းပြိုင်း အကြောပြိုင်းပြိုင်း ထကာ ဦးခေါင်းတော်မှာ နေပူလောင်သော ဗူးသီးနုကဲ့သို့ ရူံ့ပိန်နေတော့သည်။ ထွက်လေ ၀င်လေ တရားအားထုတ်ရင်း စင်္ကြံကြွရာ မတ်တတ်က လဲကျ၏။ အချို့သော နတ်များက သိဒ္ဓတ္ထ သေရှာပြီဟုပင် ထင်ကြသည်။
ထိုသို့ ၆-နှစ်မျှကျင့်ပြီးသောအခါ ခန္ဓာကိုယ် အင်အားမရှိလျှင် တရားမရနိုင်ဟု ဆင်ခြင်တော်မူကာ ဆွမ်းခံစား၍ “မဇ္ဈိမပဋိပဒါ”ခေါ် အလယ်အလတ်လမ်းစဉ်အရ တရားကျင့်တော်မူပြန်သည်။ အသားအရေ စိုပြည်ဝါ၀င်း၍ အားအင်ပြည့်လာ၏၊ ၃၂-ပါးသော ယောက်ျားမြတ် လက္ခဏာတော်များလည်း ပြန်၍ပေါ်လာတော့သည်။ ဘုရားအလောင်းတော် ဒုက္ကရစရိယာ ကျင့်တော်မူစဉ်က ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ မည်သော ပဉ္စ၀ဂ္ဂီငါးဦးတို့သည် ဘုရားဖြစ်လျှင် တရားဦးနာမည်ဟု မျှော်လင့်ကာ ဘုရားအလောင်းကို ပြုစုလုပ်ကျွေးနေကြသည်။ ဆွမ်းခံစား၍ မျှမျှတတ တရားအားထုတ်သောအခါ ပဉ္စ၀ဂ္ဂီတို့သည် အလောင်းတော်အပေါ် စိတ်ပျက်အားလျှော့ကာ မိဂဒါဝုန်တောသို့ ထွက်ခွာသွားကြလေသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

Monday, 5 September 2011
ဒုက္ကရစရိယာ ကျင့်တော်မူခြင်း (သိဒ္ဓတ္ထသေပြီဟု နတ်တို့ထင်ခြင်း)
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓ၀င်အကျဉ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment