ချက်ချင်းပင် ဆန္နအမတ်ကို နိုးကာ ကဏ္ဍကမြင်းတော်ကို အသင့်ပြင်ခဲ့ရန် မိန့်တော်မူလေသည်။ တောမထွက်မီ ဖွားမြင်စ သားတော်ကလေးကို ရူစားတော်မူလို၍ ယသောဓရာ အဆောင်တော်သို့ ကြွတော်မူသည်။ ယသောဓရာသည် သားတော်ကလေးကို ယုယပိုက်ထွေး ဘေးချင်းယှဉ်လျက် စက်တော်မူနေသည်၊ သားတော်ကလေးကို ပွေ့ယူပိုက်ထွေးလိုလှသော်လည်း ယသောဓရာနိုးလျှင် တောထွက်မူအတွက် အနှောက်အယှက် ဖြစ်မည်စိုး၍ စက်ခန်းဝ တံခါးခုံမှပင် ပြန်လှည့်တော်မူခဲ့သည်။
အသင့်ပြင်ထားသော ကဏ္ဍကမြင်းတော်ကို စီးလျက် ဆန္နအမတ်နှင့်အတူ တောထွက်တော်မူလေသည်။ ထိုနေ့ကား မဟာသက္ကရာဇ် ၉၇-ခုနှစ်၊ ၀ါဆိုလပြည့် တနင်္လာနေက ဖြစ်လေသည်။ ထိုသို့ တောထွက်တော်မူလာ၍ မြို့တံခါးပြင်ဘက်သို့ ရောက်သောအခါ မာရ်နတ်သားသည် ကောင်းကင်၌ ရပ်လျက် “ခုနှစ်ရက်ကြာလျှင် လေးကျွန်းလုံးကို အစိုးရသော စကြ၀တေးမင်းဖြစ်ရန် စကြာယာဉ်ပျံတော် ရောက်လာပါလိမ့်မည်၊ တောမထွက်ပါနှင့်” ဟု တားဆီးလေသည်။
“အို မာရ်နတ် .... ခုနှစ်ရက်ကြာလျှင် စကြာရတနာ ဆိုက်ရောက်လာမည်ကို ငါ သိပါ၏။ စကြ၀တေးမင်း စည်းစိမ်ကိုလည်း ငါအလိုမရှိ၊ ဘုရားဖြစ်အောင်သာ ကြိုးစားတော့မည်” ဟု အလောင်းတော်က ငြင်းဆန်၍ ကြွမြဲ ထွက်ကြွတော်မူလေသည်၊ ဘုရားဖြစ်ရန် စောင့်မျှော်ငံ့လင့်နေကြသော နတ်ဗြဟ္မာတို့သည် လွန်စွာ အားရပျော်ရွှင်ကြပြီး လှပသော မီးရောင်စုံများ ထွန်းညှိကိုင်ဆောင်လျက် ပန်းနံ့သာမျိုးစုံ ကြဲဖြန့်ကာ သီကျူးတီးမူတ်ရင်း ၀န်းရံလိုက်ပါသွားကြလေသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

Monday, 5 September 2011
အလောင်းတော်သိဒ္ဓတ္ထမင်းသား ဘ၀ဖြစ်စဉ် (မာရ်နတ်တား၍ နတ်ဗြဟ္မာများကြိုဆိုခြင်း)
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓ၀င်အကျဉ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment