ဘုရားအလောင်းတော်သည် ထွက်လေ ၀င်လေခေါ် အာနာပါန စတုတ္ထဈာန်ကို ၀င်စား၍ ၀ိပဿနာတရား ဆက်လက် ရူပွားတော်မူရာ ညဉ့်ဦးယံအချိန်၌ မိမိသူတပါးတို့၏ ရှေးဘ၀များစွာကို မြင်နိုင်စွမ်းသော “ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော်”ကို ရတော်မူသည်။ သန်ခေါင်ယံခေါ် ညဉ့်လယ်ယံ၌ အကြီး အသေး၊ နီး ဝေး မဟူ နတ်မျက်စိပမာ ထိုးဖောက် မြင်တော်မူနိုင်စွမ်းသော “ဒိဗ္ဗစက္ခု ဉာဏ်တော်”ကို ရတော်မူလေသည်။ မိုးသောက်ယံခေါ် အရုဏ်တက်ချိန်၌ သစ္စာလေးအင် သိမြင်တော်မူကာ ကိလေသာအလုံးစုံ ကုန်ခန်းသည် “အာသ၀က္ခယဉာဏ်” ခေါ် “အရဟတ္တမဂ်ဉာဏ်တော်”ကို ရတော်မူလေသည်။
ထိုသို့ အရဟတ္တမဂ်ဉာဏ်ကို ရတော်မူသည်နှင့် တပြိုင်နက်ပင်လျှင် “သဗ္ဗညုတဉာဏ်” ခေါ် အလုံးစုံကို အကုန်သိမြင်သော ဉာဏ်တော်မြတ်ကိုလည်း ရပြီးဖြစ်လေ၏။ သက်ရွယ်တော်အားဖြင့် ၃၅-နှစ်တွင် ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။ ထိုဘုရားဖြစ်တော်မူသော နေ့ကား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဖြစ်လေသည်။ လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ရှိခိုးဦးခိုက်ပူဇော်ခြင်းကို ခံယူတော်မူထိုက်သော အတုအတူမရှိ သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်အဖြစ်သို့ ရောက်တော်မူသောအခါ စကြ၀ဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့သည် ၀မ်းသာရွှင်ပျ ပူဇော်ကြကုန်၏။ ကမ္ဘာမြေကြီးသည်လည်း ပြင်းစွာမည်ဟည်းလျက် ငလျင်ကြီးစွာလူပ်လေ၏။ ထက်ကောင်းကင်၌လည်း လျှပ်စစ်မိုးကြိုး ထစ်ကြိုးရိုက်ချုန်း၍ ကုန်းကြည်းတောင်တော တစ်လောကလုံး ရှိရှိသမျှ သစ်ပင်အားလုံးတို့သည် ညွတ်ရုံးဦးခိုက်သည့်ပမာ အခါမဲ့ ဖူးပွင့်လာကြလေကုန်၏။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

Monday, 12 September 2011
ဒုက္ကရစရိယာ ကျင့်တော်မူခြင်း (ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း)ဒုက္ကရစရိယာ ကျင့်တော်မူခြင်း (ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း)
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓ၀င်အကျဉ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment